Sunday, June 28, 2015

အာဏာရစစ်အုပ်စု ပြည်ခိုင်ဖြိုးပါတီတွင် သမ္မတဦးသိန်းစိန်ထက် ပို၍သြဇာအာဏာကြီးသူများရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ကြံ့ခိုင်ရေးနာယက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပါဝင်စဉ်းစားမည်မဟုတ်

အာဏာရစစ်အုပ်စု ပြည်ခိုင်ဖြိုးပါတီတွင် သမ္မတဦးသိန်းစိန်ထက် ပို၍သြဇာအာဏာကြီးသူများရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ကြံ့ခိုင်ရေးနာယက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပါဝင်စဉ်းစားမည်မဟုတ်

_______ ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော်အာဏာကို ပါတီကို လွှဲခဲ့တာ … အစိုးရကိုပေးတာမှ မဟုတ်ဘဲ … လျှို့ဝှက်ချက် ဘယ်သူမှ မသိသေး …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ ဇွန် ၂၅

၂၀၁၅ ရွေးကောက်ပွဲအလွန် နီးကပ်လာသော အချိန်ဖြစ်သည့် ယခုလတွင် အာဏာရ ပြည်ခိုင်ဖြိုးပါတီ ထိပ တန်း ဗဟိုကော်မတီဝင်များနှင့် သမ္မတဦးသိန်းစိန်၏ နိုင်ငံရေးအာဏာ ဆက်လက်ဖက်တွယ်ထား လိုသူများ အကြား အပြန်အလှန် သဘောသက်ရောက်သည့် စောင်းပါးရိပ်ခြည်ပြော ဆိုသည်များ တွေ့လာရ
သည့်နည်း တူ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်စေနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အဓိကလုပ်ပိုင် ခွင့်ရှိသော ပြည်ထောင်စုလွှတ်တော်တွင်လည်း လွှတ်တော်ကိုယ်စားလှယ်ပိုင်းမှ ကြံ့ခိုင်ရေးပါတီတည်ထောင်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နိုင်ငံရေးသြဇာကို တစ်စိတ်တစ်ဒေသ ဖော်ပြလိုက်သည့် ပြောကြားမှုများ ထွက်ပေါ် လာခဲ့သည်။…

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ရုံးတစ်ဆူအဖြစ် စစ်အစိုးရ သက်တမ်းတစ်လျှောက် သြဇာအာဏာကြီးမားခဲ့ သူ အာဏာရပြည်ခိုင် ဖြိုးပါတီဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း က တောင်တွင်းကြီးမြို့နယ်၊ ပြည်ခိုင်ဖြိုး ပါတီ ၀င်များနှင့် ဇွန်လ ၂၀ ရက်နေ့တွေ့ဆုံစဉ်က ““တိုင်းပြည်တည်ဆောက်ရေးနဲ့ပတ်သက် ပြီးအတွေ့အကြုံများတဲ့ သူတွေ များတယ်။ အရည်အချင်းရှိတဲ့ သူတွေများတယ်။ တိုင်းပြည်ကို တည်ဆောက်ရမှာလား၊ ဘယ်လိုလုပ်ရ မှာလဲ၊ ကဏ္ဍအသီးသီးကို ပိုင်နိုင်တဲ့ အတွေ့အကြုံရှိတဲ့သူတွေ အများကြီးရှိတယ်။ ဘယ်သူနဲ့ယှဉ်ယှဉ် သမ္မတ လုပ်မလား ရှိတယ်။ သမ္မတထက်ကြီးတဲ့ ရာထူးလုပ်ဦးမလား၊ လုပ်နိုင်တဲ့သူတွေရှိတယ်။ ၀န်ကြီး အလုပ်လုပ်ဦး မလား၊ လုပ်နိုင်တဲ့သူ ရှိတယ်။ ဌာနတွေကို သွားဦးမလား အကုန်လုပ်နိုင်တယ်။ အရည်အချင်း လုပ်ရည်ကိုင် ရည် ပြည့်ဝသောပါတီဖြစ်တယ်။

ဒီလိုအင်္ဂါရပ်နဲ့ ပြည့်စုံတယ် —– အဲလိုပါတီ မျိုးဖြစ်တယ်။ နောက်ပြည်ခိုင်ဖြိုး ပါတီက ဘယ်သူမှ ကျွန်မခံဘူး။ ဘယ်တိုင်းပြည်၊ ဘယ်အဖွဲ့အစည်းနဲ့မှ ကျွန်လည်းမဟုတ်ဘူး။ အဲဒါလေးသိဖို့လိုတယ်။ ဘယ်သူ့ကိုမှ မမှီခိုဘူး။ အယူဝါဒအရ၊ ငွေကြေး အရ၊ နည်းနာနိဿယျအရ ဟုတ်လား။ အကူအညီတောင်းစရာလည်း မလိုဘူး။ ကျေးဇူးတင်ခံစရာလည်း မလိုဘူး။ ဒီလိုမျိုး ပြည့်စုံတဲ့ ပါတီဖြစ်တယ်။ နောက်ပြီးတော့မှ ဘယ်ဝါဒရဲ့ကျေးကျွန်မှ မဟုတ်ဘူး။ နောက်ပြီးတော့ သူများနိုင်ငံရဲ့ ၀ါဒကျွန်လည်းမဟုတ်ဘူး။ နောက် ကျွန်တော်တို့ပါတီဟာ ဘဏ္ဍာ ငွေလုံလောက်သောပါတီ ဖြစ်တယ်။ ပြည်သူနဲ့ အနှစ်နှစ်ဆယ် လွတ်ခဲ့တယ်ဆိုတာ မရှိဘူး။ ပြည်သူ့အကျိုးကို အဆက်မပြတ်လုပ်နိုင်တာ ဒီတစ်ပါတီပဲရှိတယ်။ ပြည်သူနဲ့အထိ တွေ့ဆုံး၊ ပြည်သူလူထုရဲ့ အကျိုးကို အလုပ် နိုင်ဆုံးပါတီဖြစ်တယ်””ဟု ဦးအောင်သောင်းက ပြောကြားခဲ့ကြောင်း USDP myanmar ၏အင်တာနက် သတင်း၌ ဖော်ပြခဲ့သည်။

ထို့ပြင် သမ္မတဦးသိန်းစိန်၏ နိုင်ငံရေးအာဏာသြဇာ ထိပါးစေသော ပြောဆိုဝေဖန်မှုများအတွက်လည်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၏ အင်တာနက်ဖေ့စ်ဘုတ်တွင် တရားစွဲ မည်ဖြစ်ကြောင်း စောင်းပါးရိပ် ခြည် တုံ့ပြန်ပြောဆိုမှုများ ရေးသားလာခဲ့သည်။ ထိုကဲ့သို့တုံ့ပြန်မှုသည် မည်သူမည်ဝါကို တိကျစွာ ဖော်ပြထားခြင်း မရှိသည့်အတွက် သမ္မတနှင့် အစိုးရရုံးမှလွဲ၍ ကျန်သည့်နယ်ပယ် အသီးသီးမှ ပုဂိ္ဂုလ်များကို ခြိမ်းခြောက်ကြိမ်းမောင်းပြောဆိုသည့် သဘောဖြစ်ကြောင်းတွေ့ရသည်။

ထို့ပြင် စစ်ဝါဒီများ မလိုလားသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတ တာဝန်ထမ်း ဆောင်ခွင့်ရရန် ပိတ်ပင်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အတွက်လည်း ပြည်ထောင်စု လွှတ် တော်တွင် အချေအတင် ဆွေးနွေးနေကြရာ ဇွန် ၂၄ ရက်၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဖွဲ့စည်း ပုံအခြေခံ ဥပဒေကိုပြင်ဆင်သည့် ဥပဒေမူ ကြမ်းပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)နှင့် စပ်လျဉ်း၍ ချင်းပြည်နယ် မဲဆန္ဒ နယ်အမှတ်(၁)၊ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးကျွန်ခဲန်းက တပ်မတော်အကြီးအကဲသည် ဗိုလ်ချုပ် မှူးကြီးသန်းရွှေဖြစ်ကြောင်း၊ အရေးကြီးသောပုဒ်မ ၄၃၆(က)ကို ပြင်ဆင်ရန် အခြေခံမူပိုင်ဖြစ်သော ဗိုလ်ချုပ် မှူးကြီးသန်းရွှေထံသွား၍ တင်ပြပြီး နည်းနာခံယူရန်နှင့် ၎င်း၏နှုတ်မိန့်ခံယူပြီးမှ ပြင်ဆင်ရမည် ဟုယုံကြည် ကြောင်း လွှတ်တော်အတွင်းဆွေးနွေးခဲ့ခြင်း၊ ပြည်ခိုင်ဖြိုး ပါတီတွင်း ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗဟိုအတွင်းရေး မှူး သူရဦးအောင်ကိုကလည်း သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့၊ တစ်ဖွဲ့စီက ဒုတိယ သမ္မတတစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲ မှဖြစ်စေ ရွေးချယ် တင်မြှောက်ရမည်ဆိုသည့် ပြဋ္ဌာန်းချက်ကိုပယ်ဖျက်သင့်ကြောင်း၊ ပြည်သူက ရွေးကောက် တင်မြှောက် ပြည်ထောင် စုလွှတ်တော် ကိုယ်စားလှယ်များထဲမှသာ သမ္မတ၊ ဒုတိယသမ္မတများကို ရွေးချယ် တာဝန်ပေးအပ် သင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ၌ ဆွေးနွေးခဲ့ကြသည်။

မီဒီယာများနှင့် နိုင်ငံရေးစိတ် ၀င်စားသူများအကြား ပွက်လော ရိုက်နေသည့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးနှင့် သမ္မတဦးသိန်းစိန်ပြောရေးဆိုခွင့်ရှိသူများ ဘက်မှ မောဟကြီးမားစွာ တုံ့ပြန် ပြောဆိုပုံများ သည် ရွေးကောက်ပွဲ နီးလာချိန်တွင် နိုင်ငံရေး အာဏာကို လက်လွတ်ဆုံးရှုံး မခံနိုင်သော၊ ပြည်သူ့ ဆန္ဒကိုကျော ခိုင်းပြီး မိမိတို့အာဏာတည်မြဲရေးနှင့် မိမိတို့နှင့် သဘောထား မတိုက်ဆိုင်သူများကို တိုင်းရင်းသားချင်းပင်ဖြစ်စေ အာ ဏာလက်ကိုင် အနိုင်ကျင့်လိုသော သဘောထားများတွေ့မြင်လာရပြီ ဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံရေးသည် စစ်ဝါဒီ ရှိသော ပုဂိ္ဂုလ်များကြောင့် အရုပ်ဆိုးအကျည်းတန်ရကြောင်း၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဂ္ဂ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာသာမိနှင့် ၀ါရင့်သတင်းစာဆရာများက မြန်မာသံတော် ဆင့်သို့ သုံးသပ်ပြော ဆိုသည်။

သမ္မတဦးသိန်းစိန်အပါအ၀င် ကြံ့ခိုင်ရေးအစိုးရကို ပါတီဦးဆောင်မှုပေးနေရသည့် သဘောထားအမြင်များ အတွက်လည်း ““ ဟုတ်တယ်လေ။ အခုလည်း ဒီအတိုင်းပဲလေ။ ဒီလိုဆိုရင်လိုက်နာမလားလို့ ဆက်မေး လိုက် ပေါ့။ ပြည်ခိုင်ဖြိုးပါတီက အာဏာရပဲ။ နိုင်ငံတော်အလံကို ပါတီကို ပေးထားတာပဲ။ အစိုးရကို ပေးတာမှ မဟုတ်ဘဲ။ အစိုးရကို ရော့ဒါလုပ်ဆိုပြီးတော့ ပါတီကလွှဲထားတာ။ နောက်ဆုံးနယက အစည်းအဝေးမှာ ဗိုလ်ချုပ် မှူးကြီးက နိုင်ငံတော်အာဏာကို ပါတီကိုလွှဲခဲ့တာ””ဟု ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက မြန်မာသံတော် ဆင့်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ““န၀တထဲမှာ ကျွန်တော် န၀တ၀န်ကြီးက ကျွန်တော် န၀တအုပ်စု ကပဲ ကျန်ခဲ့တယ်။ ကျန်တာတွေ အားလုံးက နာယကပဲ။ ကျွန်တော်တို့ သက်တော်ရှည်မူနဲ့ လုပ်လို့ရ တာပေါ့။

ဒီမိုကရေစီကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့က အစပျိုးပေးခဲ့တယ်ဆိုတာ မှန်ပါတယ်။ ပြောလို့လည်း ရပါတယ်။ ပြောလို့ရတာက ပြည်သူလူထု အခြေအနေ၊ နိုင်ငံတကာ အခြေအနေကြောင့်ပါ။ အဲဒီအခြေအနေ အရပ်ရပ်အရ နှစ်ကာလကလည်း အထိုက် အလျောက်ကြာလာတော့ ပြောင်း ဖို့ သင့်တယ်ပေါ့။ လျှို့ဝှက်ချက်ကတော့ ရှိတယ်။ အဲဒါဒီနေ့ထိ ဘယ်သူမှမသိသေးတဲ့ ကိစ္စ။ ပေါ်လည်းမပေါ်ဘူး။ ကျွန်တော် မနေ့တစ်နေ့ကစဉ်းစားတယ်။ ဒါလေးကိုရေးမယ်လို့ စိတ်ကူးတယ်။

တစ်ခုတော့ရှိတာပေါ့။ နောက်နှစ်အနည်းငယ်ကြာတဲ့အခါ ခင်ဗျားနဲ့ ကျွန်တော် အဲဒီကိစ္စကို ဆွေးနွေးမယ်။ အရင် နာယကကချမှတ်ပေး ခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါစဉ်း စားကြည့်လေ။ ညီလာခံမှာမူကြမ်းတွေဖတ် ကြည့် လိုက်ရင် ဒီမိုကရေစီအကောင် အထည် ဖော်ဖို့သွားမယ်ဆိုတာ၊ ပါတီစုံစနစ်ကို လုပ်မယ်။ လူတိုင်းပါဝင်ခွင့် ရှိရ မယ်။ ဒီမိုကရေစီဖော်ဆောင်သွားမယ်။ ပြည်သူ့ ကိုအခြေပြုရမယ်။ ပြည်သူလူထုအခြေပြုသောစနစ်တွေနဲ့ အုပ်ချုပ်မှုတွေ၊ တရားစီရင်မှုတွေ လုပ်ရမယ်လို့ ပါတယ်။။ အဲဒါတွေ မပါဘဲနဲ့ အခြေခံဥပဒေဘယ်လိုမှ မဖြစ်နိုင် ဘူး။အဲဒါတွေပါလို့ အခြေ ခံဥပဒေ ဒီနေ့ဖော်ဆောင်ခြင်း ဖြစ်တယ်။ ဗိုလ်ချုပ်မှူးကြီးတစ်ယောက် တည်းတော့ မဟုတ်ပါဘူး။ ဒီခေတ် ဒီအခါတော့ ဖြစ်ကိုဖြစ်ရမယ်။ ဘာကြောင့်ဖြစ်ရမယ်ဆိုတာတော့ အသေးစိတ်ရှိတယ်။ ဘယ်သူမှ လည်းမပြော၊ ကျွန်တော်လည်း ပြောလို့မဖြစ်ဘူး””ဟု ဦးအောင်သောင်းက ပြောကြားခဲ့သည်။

ယင်းအခြေအနေများကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင် နိုင်ရန်မှာ လက်ရှိ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံများ လက်ဝယ်ရှိနေသော နိုင်ငံရေးအာဏာကို ထုတ်သုံးမှ သာ ဖြစ်နိုင်ကြောင်း တွေ့ရှိရပေသည်။ လွှတ်တော်ကိုယ်စား လှယ် ဆွေးနွေးသကဲ့သို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပါဝင်၍လည်း နိုင်ငံရေးကိစ္စဆောင်ရွက် နိုင်မည်မဟုတ်တော့ဘဲ အမှန်တကယ်အာဏာ ရှိနေ သည့် ပြည်ခိုင် ဖြိုးပါတီဘက်မှ အမှန်တကယ်မလှုပ်ရှားသရွေ့ ယနေ့မြန်မာ့နိုင်ငံရေး အပြောင်းအလဲသည် ခက်ခဲနေမည် သာ ဖြစ်ကြောင်း သုံးသပ်ရပေသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၎င်း၏ ဘ၀နောက်ဆုံးအချိန်များကို ယုံကြည်စိတ်ချရသော ၀ါရင့်နိုင်ငံရေးသမား တပည့်ကျော်များနှင့် ခိုင်မာသောဖွဲ့စည်းပုံအခြေခံ ဥပဒေကိုချမှတ်ထားပြီး စိတ်ချလက်ချ အနားယူ လျက် နိုင်ငံ ရေးသြဇာ ထူထောင်ထားပြီးဖြစ်ကြောင်း လည်း သေချာစွာလေ့ လာကြည့် လျှင် တွေ့ နိုင်မည်ဖြစ်ပေ သည်။ ပြည် ထောင်စု အစိုးရအဖွဲ့ဝင်များကို လိုအပ်ပါက ခေါ်ယူ၍ လမ်းညွှန် တာဝန်ပေးနိုင်ကြောင်း ပြောကြား ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို မြန်မာသံတော် ဆင့်နှင့်တွေ့ ဆုံစဉ် က ယင်းကိစ္စရပ်များ ထည့် သွင်းမေးမြန်းခဲ့ရာ-

““ဗိုလ်ချုပ်မှူးကြီးကလည်း ဒါ နဲ့ပတ်သက်ပြီးတော့ ဘယ်လောက် ကြာရှည်နားမယ်ဆိုတာမျိုးလည်း မရှိပါဘူး။ သူက အလွန်စိတ်ပြတ်တယ်။ လွှဲသွားတဲ့အခါမှာ နယက ကိုဖျက်သိမ်းလိုက်ပြီဆိုတာ အဘ ကြေညာရတာ။ ပြည်ထောင်စု လွှတ်တော်မှာ အဘကြေညာရတာ။ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) မလာဘူး။ လုံးဝပြတ်သွားတာ။ စိတ်ကို ပြတ်သွားတာ။ ငါလုပ်ပေးခဲ့ပြီ။ အခု ဖြစ်နေတဲ့ ဒီမိုကရေစီက အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးတဲ့ အခွင့်အရေးတွေပဲ။ အဲဒီမှာ မပေးခဲ့ရင် ဘာမှလုပ်လို့မရဘူး”” ဟူ၍ လည်းကောင်း၊

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်စေ၊ ဦးသိန်းစိန်သမ္မတဖြစ်စေ လုပ်ပိုင်ခွင့်မှာ အပြည့်အ၀မရှိဘဲ အများထိန်းညှိ၍ ဒီမိုကရေစီနည်း လမ်းကျကျသာ လုပ်ဆောင်၍ရကြောင်း –

““ဒီလိုခေတ်မျိုး သမ္မတ ဘာလို့လုပ်ရမလဲ။ သမ္မတလုပ်ရင် ငရဲကျမှာပေါ့။ လောဘတွေ၊ ဒေါသတွေ၊ မောဟ တွေ —”” ဟူ၍ လည်းကောင်း၊

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပြည်သူလူထုသည်းသည်း လှုပ်ဖြစ်နေသော ဒေါ်အောင်ဆန်းစုကြည် အတွက် နိုင်ငံရေးနေရာစဉ်း စားမှုအခြေအနေများကိုလည်း –

““၄၃၆ကတော့ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး ဒီအတွက်ပဲ အဘတို့စဉ်းစားတယ်။ တိုင်းရင်း သားအရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေရဲ့တောင်းဆိုချက်တွေ ဘာတွေပါလာမလဲ။ ပါလာတဲ့ အပေါ်မူတည်ပြီးတော့ စဉ်းစားမယ်။ စဉ်းစားတယ်ဆိုတာက ပရမ်းပတာကြီးပြင်ဖို့ မဟုတ်ဘူး။ ပြင်သင့်တဲ့ အတိုင်းအတာပေါ့။ ၅၉(စ) လည်း ပြည်သူလူထုက တကယ်လိုလားတယ်ဆိုရင် ပြင်သင့်တဲ့ အတိုင်းအတာတော့ ပြင်ရမယ်။ ဒေါ်အောင် ဆန်းစုကြည်အတွက်ပဲဆိုရင် တချို့လည်း ပြောနေကြတယ်။ သူလွန်သွားရင် ဘယ်လိုလုပ်မလဲ။ တိုင်းပြည် အတွက် စဉ်းစားတယ်ဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့ သက်တမ်းတစ်ခုတည်း အတွက် စဉ်းစားလို့မရဘူး။ ဒါ အဘတစ်ဦးတည်းရဲ့ခံယူချက်ပေါ့။ ပြင်သင့်ပြင်ထိုက်တာကိုတော့ ပြင်ရမှာပဲ။ သူ(ဒေါ်အောင်ဆန်းစုကြည်) လည်း လူတော်တစ်ယောက်ပဲ။ image လည်း ကောင်းတယ်။ ပါသင့်တယ်။ အားလုံးပါသင့်တယ် လို့ထင် တယ်။ မပါလို့ လည်းမဖြစ်ဘူး။ ဒီနိုင်ငံမှာ အကုန်ပါမှရမယ်။ မပါသမျှကတော့ ခုနပြောသလို ငြိမ်သက်မှာ မဟုတ်ဘူး။ ညင်သာ ချောမွေ့မှာမဟုတ်ဘူး။ အကုန်ပါပြီးတော့ အကုန်လုံးညီညီညွတ်ညွတ်နဲ့ ဖြစ်စေချင် တယ်။

လွှတ်တော်ဥက္ကဋ္ဌကတော့ သူ (ဒေါ်အောင်ဆန်းစုကြည်) ရွေးထားလား၊ မရွေးထားလား မသိဘူး ပေါ့နော်။ အခုအချိန်အထိ ၅၉(စ) မပြင်ရင်တော့ သူမရနိုင်သေးဘူးပေါ့။ ၅၉(စ)ပြင်သင့်ပါတယ်။ မေးတဲ့အခါမှာ ပြင် သင့်တယ်။ ဘယ်လောက် အတိုင်းအတာအထိ ပြင် ဖို့တော့မပြောလိုဘူး။ ဒါက အများဆုံးဖြတ်မယ်။ ဒါပေမဲ့ ၇၅ ရာခိုင်နှုန်းကျော်ဆိုတာကြီးကတော့ ကျွန်တော်မကြိုက်ဘူးလို့ အဘကတော့ ဒီလိုပဲပြောလိုက်တယ်။ မကြိုက် ဘူး။ ၅၉(စ)လည်း သားသမီးအထိ ထားရင်တော့တစ်မျိုးပေါ့။ ချွေးမရော၊ သမက်ရောဆိုတော့ ဘယ် ကြိုက်မ လဲ။ ဒီလောက်ကြီးကတော့ လွန်တယ်။ မဖြစ်သင့်၊ မဖြစ်ထိုက်ဘူး။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အတိုင်း ဥပဒေပြင်ဖို့ ဆုံးဖြတ်ရတာပေါ့။ ဒါကတော့ မတတ်နိုင်ဘူး ကြုံလာတော့လည်း တိုင်းပြည်ကံကြမ္မာပေါ့။ လုပ်တတ်လို့ရှိရင် လုပ်ပေါ့၊ မလုပ်တတ်လို့ရှိရင်နေပေါ့။ သူကလည်း ပြန်ပြီးတော့ ဒီလူတွေကို ပြန်သုံးမယ်ဆိုရင်လည်း သုံးပေါ့။ သူ့အောက်မှာသုံးရင်လည်းသုံးပေါ့။ တစ်ခုရှိတာက သူက ခေါင်းမာတယ်။ သူကိုယ်တိုင်ကလည်းပြော တယ်။ ကျွန်မက ခေါင်းမာတယ် ဦးခင်အောင်မြင့်ရဲ့တဲ့။ အဲဒီတစ်ခုပဲ အားနည်းချက်က အဲဒါပဲ။ သူများ ပြောလို့မရဘူး။ အဘကတော့ ပြောစရာရှိလည်းပြောတယ်။ အဘပုံစံ အတိုင်းပဲပြောတယ်။ အဘကို ပြောလည်း လက်ခံတယ်။ နည်း နည်း သူ့ပါတီကလည်း ပြောလို့မရ ဘူး။အဲလိုဖြစ်နေတယ်။ အဲဒီတစ်ခုပဲ။ နောက်တစ်ခုက သူကလည်း သူ့ရဲ့ Imgae ကို ယုံကြည်ပုံရတယ်လေ။ icon ကို ယုံကြည်ပုံရတဲ့အခါ ကျတော့ ပရိယာယ်သိပ်မသုံးဘူး ပေါ့”” ဟူ၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အဓိကလက်ရုံးကြီးဟု နိုင်ငံရေးနယ်ပယ်တွင် လူသိများသော ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မြန်မာသံတော်ဆင့်သို့ ထုတ်ဖော်ပြောကြားခဲ့သည်။

ဦးသိန်းစိန်အပါအ၀င် သမ္မတဖြစ်လိုသူများအတွက် လည်း ရွေးကောက်ပွဲအောင်နိုင်ရေးသာ ရိုးရိုးသားသားဝင် ရောက် ယှဉ်ပြိုင်ရန်သာ အရေးကြီးကြောင်း –

““အခုဟာက ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲနိုင်မှလေ။ ဗြိတိန်ကအဖွဲ့တွေ ပါလီမန်ဥက္ကဋ္ဌတို့လာတယ်။ သူတို့မေးတယ်။ ရွေးကောက်ပွဲနိုင်ရင် ဘာလုပ်မလဲ။ လွှတ်တော်ကိုယ်စားလှယ်လုပ်မယ်။ ခင်ဗျား ဥက္ကဋ္ဌ မလုပ်တော့ဘူးလားတဲ့။ ဥက္ကဋ္ဌ ကျွန်တော် လုပ်ချင်တိုင်းလုပ်လို့မှ မရဘဲလို့။ ရွေးကောက်တင် မြှောက်ခြင်းခံရ ရင် မလွှဲသာရင် လုပ်ရင်လုပ်မှာပေါ့။ လွှဲသာရင်တော့လည်း လွှတ်တော်ကိုယ်စားလှယ် ကပိုကောင်းမယ်ထင် တယ်။ ဥက္ကဋ္ဌက ဘာမှလည်းပြောလို့မရ၊ ဆိုလို့ မရ၊ အဆိုလည်းတင်လို့မရ၊ ဆွေးနွေးလို့လည်း မရဘူးလေ။ သူက In Proper Order ဖြစ်အောင် ထိန်း ရတော့မယ်။ ဥပဒေ၊ နည်းဥပဒေနဲ့ ထိန်းရတော့မယ်။ သမ္ဘာနဲ့ ထိန်း ရမယ်၊ ၀ါနဲ့ထိန်းရမယ်။ ကိုယ်က ပြောချင်တယ်။ မျိုချလိုက်ရတယ်။ ဒီလွှတ်တော်က ငါ့လွှတ်တော် မဟုတ်ဘူး ဆိုတဲ့စိတ်ကိုမွေးတယ်။ အဲဒါလည်း တချို့မှားတာရှိတယ်။ တချို့က ကိုယ့်ကိုယ်ကိုယ် ငါ့လွှတ်တော်လုပ်တာ ရှိတယ်။ ကော်မတီကို ဟိုဟာလုပ်လိုက်၊ ဒီဟာ လုပ်လိုက်။ ငါလုံးဝမပြောဘူး၊ မေးကြည့်ပါလား ငါ့ကော်မတီ တွေကို။ ကိုယ့်ဟာနဲ့ကိုယ်လုပ်။ In Proper Order ဖြစ်အောင်ပဲထိန်းပေးတယ်။

အဘက စာဖတ်တာလောက်ပဲ စိတ်ဝင်စားတာကိုး။ ကျန်တာက အင်တာနက်လည်း မကြည့်၊ ဖေ့စ် ဘုတ်လည်း မကြည့်။ ပါတီထဲမှာ ဆွေးနွေးရင်တော့လည်း စည်းရုံးရေးပုံစံ၊ စည်းရုံးရေးနည်းလမ်းလေး တွေတော့ဆွေးနွေး တယ်။ ကျန်တဲ့ သတင်းတွေဘာတွေတော့ မသိတဲ့ အခါကျတော့ မပြောနိုင်ဘူးပေါ့။ ရွေးကောက်ပွဲက တအား အရေးကြီးတယ်။ လုပ်နည်းလုပ်ဟန်တွေ တအားအရေးကြီးတယ်””ဟူ၍ ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မြန်မာ သံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ယင်းအခြေအနေများကြောင့် စစ်အုပ်စုဝင်များဖြင့် ရပ်တည်နေသော ပြည်ခိုင်ဖြိုးပါတီသည် ပြည်သူလူထု သည်း သည်းလှုပ်ဖြစ်နေသော ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်စိတ် တစ်ဒေသကို ပြင် လိုက်ခြင်းဖြင့် ရွေးကောက်ပွဲ နီးကပ်ချိန်တွင် လူထုထောက်ခံမှု ပြန်လည်ရရှိမည်ဖြစ်ပြီး အများ ယူဆသလို နိုင်ငံတော်အာဏာအလုံးစုံသည် သမ္မတထံတွင်မရှိ၍ ထိုကဲ့သို့ အခြေခံဥပဒေကို အဓိကပြုပြင် နိုင်သည့်နိုင်ငံရေး အာဏာ ပြည်ခိုင်ဖြိုးပါတီဗဟိုမှ သုံးစွဲမည်ကိုလည်း ကြိုတင်အကွက်ချ ထားခဲ့ပြီး နိုင်ငံရေး သြဇာ ကြီးလျက်ရှိနေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စိတ်ချလက်ချလျစ်လျူရှုနေကာ နိုင်ငံရေး စွက်ဖက်မှု တစ်စုံတစ်ရာပြုမည် မဟုတ်ကြောင်း တွေ့ရှိသုံးသပ်ရပေသည်။

MH-0011

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment