Saturday, July 4, 2015

၎ ပွင့်ဆိုင် သဘောတူညီချက်ကို တာဝန်ယူစေလိုသည့်အတွက် NNER က သမ္မတထံ စာပို့ခြင်းဖြစ်

 ရန်ကုန်၊ ဇွန် ၂၉

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေနှင့် စပ်လျဉ်း၍ ဇွန်လ ၂၉ ရက် ရက်စွဲဖြင့် သမ္မတ ဦးသိန်းစိန်ထံ ပညာရေးစနစ်ပြုပြင် ပြောင်း လဲရေး နိုင်ငံ လုံးဆိုင်ရာ ကွန်ရက်(NNER)က သဘောထားမှတ် ချက် ပေးပို့ခြင်းမှာ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေ၏ ကွဲလွဲချက်များကို ပြည်သူလူထုကို အသိပေးခြင်းဖြစ်ပြီး အစိုးရအနေဖြင့် ၄ ပွင့်ဆိုင် သဘောတူညီချက်ကို တာဝန်ယူစေ လိုသည့်အတွက် မေးခွန်း ထုတ်ပြခြင်းဖြစ်ကြောင်း NNER အဖွဲ့ဝင် ဒေါက်တာ အာကာမိုးသူက ဇွန်လ ၃၀ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေအား ဇွန်လ၂၅ ရက်က ပြဋ္ဌာန်းလိုက်ရာ ယင်းဥပဒေပါ ဖော်ပြချက်များတွင် ဆရာနှင့် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များကို ပညာရေး အဖွဲ့အစည်းများတွင် ပါဝင်မှုအား ငြင်းပယ်ထားခြင်း၊ ဒေသဆိုင်ရာ ပညာရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းမှုကို ငြင်းပယ်ထားခြင်း၊ အမျိုးသားပညာရေး မူဝါဒကော်မရှင် ပါဝင်လာခြင်းနှင့် ပညာရေးအသုံးစရိတ် ၂၀ ရာခိုင်နှုန်း သုံးစွဲရမည့် အချိန်ကာလကို
သတ်မှတ် မပေးထားခြင်းများအတွက် NNER က သမ္မတထံ သဘောထားမှတ်ချက် ပေးပို့ခြင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

““ကျွန်တော်တို့က ဖွံ့ဖြိုးတိုးတက်တဲ့အခါမှာ အရှိန်အဟုန်က အရမ်းနည်းနေသေးတဲ့ နိုင်ငံဖြစ်တဲ့အခါမှာ ပညာရေးကို အရှိန်အဟုန်နဲ့ မြင့်မြင့်မားမား လုပ်သင့်တယ်လို့ တွက်တယ်။ အခုကတော့ သဘောတူညီချက်ကို လက်မှတ် ထိုးခဲ့ပေမယ့် အကောင်အထည်ဖော်ဖို့ လုပ်တဲ့အခါမှာ ဥပဒေက အကန့်အသတ်နဲ့ လာဖြစ်နေတယ်။ အဲဒါကြောင့်မို့ အပြောတခြား အလုပ်တခြား လုပ်တာက ပြဿနာ ဖြစ်သွားနိုင်လို့ အနာဂတ်မှာ ရှေ့ဆက်သွားဖို့ ဒီ ဥပဒေက အကန့်အသတ်များ ဖြစ်နေ မလားဆိုတဲ့ ဟာမျိုးကို ကျွန်တော်တို့က သုံးသပ်လို့ရတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လာကိုင်တော့ ပြဿနာ တက်နေတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအနေနဲ့ သူက မူလတန်း အဆင့်ပဲ ပြောထားတဲ့ အခါမှာ အလယ်တန်း အဆင့်အထိ သူက မသွားနိုင်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်သင်တဲ့ အကြောင်းအရာ တစ်ခုကလည်း ပါလာတယ်။ ပါလာတဲ့အခါမှာ အဆင့်ဆင့် အကောင်အထည် ဖော်နိုင်တယ်လို့ ပြောထားတဲ့အတွက် အလယ်တန်း အဆင့်အထိ အကောင်အထည်ဖော်လို့ ဥပဒေက ဘာပြဿနာမှ မရှိဘူး။ ဥပဒေကို ဆန့်ကျင်ရာလည်း မရောက်ဘူး။ အဲဒီပြဿနာရဲ့ ကွဲလွဲချက် ကို ပြည်သူလူထုကို အသိပေးချင်တယ်။ ကျန်တဲ့လူတွေကိုလည်း အသိပေးချင်တယ်။ ဒါကို ထုတ်ပြန်ချက်ထုတ်တာပါ။ ပြည်သူလူထုကို အသိပေးတာ။ ၄ ပွင့် ဆိုင် သဘောတူညီချက်ကို အစိုးရက တာဝန်ယူဖို့လိုတဲ့ဟာကို မေးခွန်း ထုတ်ပြတဲ့သဘောပဲ””ဟု ဒေါက်တာ အာကာမိုးသူက ပြောသည်။

လက်ရှိမြန်မာနိုင်ငံ၏ ပညာရေးစနစ်မှာ ဒီမိုကရေစီနိုင်ငံများတွင် ကျင့်သုံးသည့် လွတ်လပ်၍ ဗဟိုချုပ်ကိုင်မှု မရှိသည့် ပညာရေးစနစ်မျိုး မဟုတ်ဘဲ ဗဟိုချုပ်ကိုင်မှုများ ရှိနေသည့် ပညာရေးစနစ်မျိုး ဖြစ်နေခြင်းအပေါ် တစ်နိုင်ငံလုံးရှိ ကျောင်းများနှင့် သမဂ္ဂများ ပါဝင်သည့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ၊ ပြည်တွင်းရှိ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများပါဝင်သည့် NNER တို့က အစိုးရနှင့် လွှတ်တော် ကိုယ်စား လှယ်များ ပါဝင်သည့် ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ မှတစ်ဆင့် အမျိုးသားပညာရေး ဥပဒေအား ပြန်လည် ပြင်ဆင်သည့် ဥပဒေကို ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး လွှတ်တော်များတွင် ပြန်လည် ဆွေးနွေး ခဲ့ပြီးနောက် ဇွန်လ ၂၅ ရက်တွင် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေအား ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။

ယခု NNER က သမ္မတထံ ပေးပို့သည့် သဘောထားမှတ်ချက်နှင့် ပတ်သက်၍ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၏ သဘောထားကို မေးမြန်းရာ ““NNER ဆိုတာကလေ ပညာရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ နိုင်ငံလုံးဆိုင်ရာ ကွန်ရက်ပေါ့နော်။ အဲဒီကွန်ရက်ထဲမှာ ကျွန်တော်တို့ ဗကသကလည်း အဖွဲ့အစည်း တစ်ခု အနေနဲ့ ထဲထဲဝင်ဝင် ပါဝင်ထားပြီးသားပါ။ သေချာတာက NNER နဲ့ ကျွန်တော်တို့က အမြဲတမ်း လက်တွဲပြီး တော့ အလုပ်လုပ်နေ တာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ သူတို့ရဲ့ လုပ်ဆောင်မှုဟာလည်း ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုလို တစ်နည်းအားဖြင့် သက်ရောက်နေ ပါတယ်””ဟုဗကသ ဒုဥက္ကဋ္ဌ ကိုလင်းထက်နိုင်(ခ)ဂျိမ်းက ပြောသည်။

ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည့် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမှာ ၄ ပွင့်ဆိုင် ဆွေးနွေးခဲ့စဉ်က သဘောတူညီခဲ့သည့် အချက်အလက်ပါဝင်မှု နည်းပါးသည့်အတွက် ဗကသအနေဖြင့် ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်သွားရန် စီစဉ်နေပြီး အမျိုးသား ပညာရေးဥပဒေ ပြင်ဆင် ရန် တောင်းဆိုခဲ့သည့် ကျောင်းသားသပိတ် စစ်ကြောင်းများကလည်း ချီတက်မှုများ ပြန်လည် ပြုလုပ် မည်ဟု ထုတ်ဖော်ပြောဆိုမှုများ ရှိနေသည်။

NNER က သမ္မတထံ သဘောထားမှတ်ချက် ပေးပို့မှုနှင့် ပတ်သက်၍ သမ္မတရုံးအား ဆက်သွယ် မေးမြန်းရာ ““သမ္မတကြီး သဘောထားကတော့ လက်မှတ်ထိုးတာက ပြည်သူ့လွှတ်တော်က အချိန်ယူပြီး ပြင်ဆင်ရေးဆွဲ ထားတာကို သမ္မတကြီးအနေနဲ့ သဘောတူတယ်။ တစ်စုံတစ်ရာ ကန့်ကွက်တဲ့ မှတ်ချက်မရှိဘူး။ ဒါကိုအတည်ပြုပြီး လက်မှတ်ထိုးပေးတယ်။ အဲဒီတော့ NNER က အိတ်ဖွင့်ပေးစာမကလို့ ဘယ်လိုပဲဖြစ်ဖြစ် ပေးပေး၊ တကယ့်ဥပဒေ ပြင်ဆင်ခွင့် အခွင့်အာဏာရှိတာက လွှတ်တော်ဖြစ်နေတယ်။ အဲဒီတော့ NNER က ဘယ်လိုကနေ စတင်ပေါက်ဖွား လာတယ်ဆိုတာက သူတို့သိပါတယ်။ အဲဒီ သူတို့ရဲ့အဆက်အစပ်တွေ ကလည်း လွှတ်တော်ထဲမှာ ရှိတာပဲ။ အဲဒါတွေကတစ်ဆင့် ပြန်ပြီးလော်ဘီလုပ်လို့ ရပါတယ်””ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။

MH-0030

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment