Sunday, June 28, 2015

ပြန်ကြားရေးဝန်ကြီးဌာနအား The Daily Eleven သတင်းစာက ပြန်လည် တရားစွဲဆိုမည်

 ရန်ကုန်၊ ဇွန် ၂၃

ပြန်ကြားရေးဝန်ကြီးဌာနက The Daily Eleven သတင်းစာမှ အယ်ဒီတာ ၁၇ ဦးကို တရားရုံး မထီမဲ့မြင်မှုဖြင့် တရားစွဲရာ၌ ပါဝင်သော Weekly Eleven News Journal အယ်ဒီတာချုပ် ဦးမြတ်သစ်မှာ The Daily Eleven သတင်းစာ အယ်ဒီတာအဖွဲ့၌ ပါဝင်ခြင်း မရှိသောကြောင့် ပြန်ကြားရေး ၀န်ကြီးဌာနကို မမှန်မကန် တရားစွဲဆိုမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၁ အရ တရားစွဲဆို သွားမည်ဖြစ်ကြောင်း The Daily Eleven သတင်းစာ၏ အကျိုးဆောင်ရှေ့နေ ဦးသိန်းသန်းဦးက ဇွန်လ၂၃ရက်တွင်ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနက The Daily Eleven နှင့် Weekly Eleven News Journal တို့အား တရားစွဲဆိုသော အမှုရုံးချိန်းနှင့် ပတ်သက်၍ The Daily Eleven သတင်းစာက မတ်လ ၂ ရက်ထုတ် သတင်းစာ၌ ““The Daily Eleven နှင့် Weekly Eleven News Journal တို့အား ပြန်ကြားရေး ၀န်ကြီးဌာနက တရားစွဲဆိုသော အမှု အတွက် တရားလိုပြ သက်သေကို စတင်စစ်ဆေး၊ ပြန်ကြားရေး ၀န်ကြီးဌာနတွင် ၂၀၀၉ ခုနှစ်က ဈေးနှုန်း ယူရို ၇ သိန်းဖြင့် ပုံနှိပ်စက် ၀ယ်ယူခဲ့သည်မှာ မှန်ကန်ကြောင်း တရားလို ဦးကျော်စိုး ၀န်ခံထွက်ဆိုထား””ဟူသော ခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့မှု ကို ပြန်ကြားရေး
ဝန်ကြီးဌာနက တရားရုံးမထီမဲ့မြင်မှုဖြင့် ထပ်မံတရားစွဲဆို ခဲ့ရာ အယ်ဒီတာ ၁၇ ဦးတွင် ပါဝင်လာသော ဦးမြတ်သစ်မှာ အဆိုပါ သတင်းဖော်ပြစဉ်က The Daily Eleven သတင်းစာ အယ်ဒီတာအဖွဲ့၌ ပါဝင်ခြင်းမရှိပေ။

““ဦးမြတ်သစ်ကို တရားခံထဲမှာ ထည့်စွဲထားတယ်။ ၂၁ ရက် ၃ လမှာ ထုတ်တဲ့ သတင်းစာအယ်ဒီတာအဖွဲ့မှာ သူမပါတော့ဘူး။

ဦးမြတ်သစ်ကို သူမကျူးလွန်တဲ့ ပြစ်မှုအတွက် ဒါတရားရုံးကို မမှန်မကန် တိုင်ကြားတဲ့အတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၂၁) ၁ အရ တရားစွဲဆိုသွားမယ်။ မတရား တရားစွဲမှုနဲ့ သူတို့လည်း အုပ်စုလိုက်ပါမယ်။ ဘွဲ့ထူး ကော်မတီတစ်ခုလုံးကို ပြန်တရားစွဲဖို့ ပြင်မယ်””ဟုဦးသိန်းသန်းဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုး၏ တရားရုံး ထွက်ဆိုချက်ကို တရားရုံး၏ တရားဝင်မိတ္တူပါအတိုင်း ပုဗ္ဗသီရိ တရားရုံး၌ တရားဝင် လျှောက်ထားရယူပြီး အတိအကျ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်ကာ တရားစီရင်ရေး မဏ္ဍိုင်အနေဖြင့်လည်း မီဒီယာများကို တရားစွဲ ဆိုရာ၌ ဖိအားပေးရာရောက်သော အပြုအမူများ လုပ်ဆောင်နေကြောင်း The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးက ဆိုသည်။

““ကျွန်တော်တို့ တရားစွဲဆိုခံရတဲ့အခါမှာ တရားစီရင်ရေး မဏ္ဍိုင်အနေနဲ့ သိသိသာသာ ဖိအားပေးတာတွေ ရှိနေတယ်လို့ ခံစားရပြီး ကျွန်တော် တို့က ပြန်စွဲတဲ့ အမှုတွေမှာတော့ အချိန်တော်တော် ယူရတာ ကြုံရပါတယ်။ အချို့အမှုတွေဆိုရင် တရားရုံးပေါ်ရောက်ဖို့ တစ်ဖက်က တရားစွဲသူ ရုံးရှေ့ရောက်ဖို့ လချီကြာပါတယ်။ ကျွန်တော်တို့ကို တရားပြန်စွဲတာတွေ ကျတော့ အထူးသဖြင့် ပြန်ကြားရေးက စွဲတဲ့အမှုတွေဆို ရက်မြန်မြန် လက်ခံ၊ မြန်မြန်ဆင့်ခေါ်တဲ့ သဘောမျိုး ဖြစ်နေတာ တွေ့ရပါတယ်””ဟု ဦးဝေဖြိုးက ပြောသည်။

သမ္မတ ဦးသိန်းစိန် လက်ထက်တွင် သတင်းသမား ၄၇ ဦး တရားစွဲခံထားရပြီး ၁၄ ဦး ထောင်ချခံခဲ့ရတာ ယူနတီ သတင်းဂျာနယ် အမှုဆောင်အရာရှိချုပ် အပါအ၀င် သတင်းသမား ၅ ဦးနှင့် Bi မွန်းတည့်နေမှ သတင်းသမား ၅ ဦးမှာ ယခုအချိန်အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးပေ။

““မီဒီယာတွေကို တရားစွဲတဲ့အခါ ပြန်ကြားရေးက တရားစွဲတဲ့ အမှုတွေက လူအရေအတွက် ပိုများတာ သတိထားမိပါလိမ့်မယ်။ အထူးသဖြင့် ဦးရဲထွဋ် သမ္မတ အကြံပေးအဖြစ် တာဝန်ယူခဲ့တဲ့ အချိန်နဲ့ ပြန်ကြားရေး ၀န်ကြီးအဖြစ် တာဝန်ယူပြီးနောက်ပိုင်းမှာ အခုလို တရားစွဲဆိုမှုတွေ ပိုများလာတယ် ဆိုတာကတော့ အမှန်ပါပဲ။ တရားစွဲတဲ့ အခါမှာလည်း ဂျာနယ်လစ်တွေကို ဆိုင်တဲ့သူရော မဆိုင်တဲ့သူရော အများအပြား ရောထွေး တရားစွဲ တာတွေက ဒီအလုပ်ကို မလုပ်ရဲအောင် ခြိမ်းခြောက်တဲ့သဘော ဖြစ်နေ တယ်။ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က မီဒီယာတွေကို မီဒီယာလွတ် လပ်ခွင့် ပေးထားတယ်လို့ ဘယ်လိုပဲ ပြောနေပြောနေ လက်တွေ့မှာ တရားရုံး ရောက်နေရတဲ့ ဂျာနယ်လစ်တွေ၊ ထောင်ချခံနေရတဲ့ ဂျာနယ်လစ်တွေကို ကြည့်တာနဲ့တင် ဘယ်ဟာ အမှန်တရားလဲဆိုတာ သိနိုင်ပါတယ်”” ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးက ဆက်လက် ပြောကြားခဲ့သည်။

လက်ရှိတွင်လည်း မြန်မာသံတော်ဆင့် သတင်းဌာနကိုလည်း ပြန်ကြားရေး ၀န်ကြီးဌာနက မီဒီယာဥပဒေပုဒ်မ ၂၅ (ခ)ဖြင့် အမှုဆောင် အရာရှိချုပ်နှင့် ဖြန့်ချိရေး ၀န်ထမ်းအထိ ၁၁ ဦး တရားစွဲဆိုထားသည်။

Eleven Media Group အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင် အပါအ၀င် မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာသိန်းမြင့်၊ အယ်ဒီတာချုပ် ဦးဝေဖြိုး၊ ဒုတိယအယ်ဒီတာချုပ် ဦးမြတ်သစ်နှင့် အမှုဆောင်အယ်ဒီတာ ဦးနေထွန်းနိုင်တို့ကို ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်စက်ဈေးနှုန်း လွန်စွာမြင့်မားနေကြောင်း ရေးသားမှု ကြောင့် ပုဒ်မ ၅၀၀ အသရေ ဖျက်မှုဖြင့် ဦးစွာတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဝိုင်းမော်

- The Daily Eleven သတင်းစာအယ်ဒီတာ ၁၇ ဦးအား ပြန်ကြားရေး ၀န်ကြီးဌာနက တရားစွဲဆိုထားမှုနှင့်ပတ်သက်၍ ဇွန် ၂၀ ရက်တွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ၌ Eleven Media Group ၏ အမှုဆောင် အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင် က မီဒီယာများ၏ မေးမြန်းမှု ကို ပြန်လည်ဖြေကြားနေစဉ်

- မေးမြန်းမှုများအား ဖြေရှင်းနေသည့် အကျိုးဆောင်ရှေ့နေ ဦးသိန်းသန်းဦး

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 

 
 

No comments:

Post a Comment