Sunday, June 28, 2015

မလုံလောက်သည့် အပြောင်းအလဲကိုပင် မထောက်ခံခြင်းမှာ အပြောင်းအလဲကို မလိုလားခြင်းပင် ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြော

မလုံလောက်သည့် အပြောင်းအလဲကိုပင် မထောက်ခံခြင်းမှာ အပြောင်းအလဲကို မလိုလားခြင်းပင် ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြော မဲခွဲဆုံးဖြတ်ရာတွင် ပုဒ်မ ၄၃၆ ရှုံးနိမ့်၍ စကားလုံး သာ ပြောင်းထားသည့် ပုဒ်မ ၅၉ (ဃ) တစ်ခုတည်းသာ ပြင်ဆင်ခွင့်ရ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ ဇွန် ၂၅

အာဏာရကြံ့ခိုင်ရေးဘက်မှ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းကာ လွှတ်တော်တွင်း ဆွေးနွေးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဥပဒေကြမ်းမှာ စကားလုံးပိုင်းအရသာ ပြင်ဆင်ထားပြီး အနှစ် သာရ မပါသော ဥပဒေကြမ်းဖြစ်သော်လည်း လွှတ်တော်တွင်းမဲခွဲဆုံးဖြတ်ခဲ့ရာတွင်
 ထောက်ခံမှုနည်းခြင်းမှာ အပြောင်း အလဲကို မလိုလားခြင်းပင်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က ဇွန်လ ၂၅ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။

ကြံ့ခိုင်ရေးပါတီက တင်သွင်းလာသည့် ဥပဒေကြမ်းပါ ပုဒ်မ၄၃၆အပါအ၀င် ဥပဒေ ၆ခုအား ပြည်ထောင်စု လွှတ် တော်တွင်း ၃ရက်ကြာ ဆွေးနွေး ခဲ့ကြပြီးနောက် မဲခွဲဆုံးဖြတ်ခဲ့ရာတွင် စကားလုံးသာ ပြောင်းလဲထားသည့် သမ္မတအရည်အချင်းနှင့် သက်ဆိုင်သည့်ပုဒ်မ ၅၉(ဃ)မှလွဲ၍ အခြားသောပုဒ်မများ ပြင်ဆင်ရန်မှာ ရှုံးနိမ့်ခဲ့သည်။…

““ကျွန်မပြောချင်တာကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တင်တဲ့ဟာကိုက အပြောင်းအလဲ ဟာ လုံးဝလုံလောက်တဲ့ အပြောင်းအလဲ မဟုတ်ဘူး။ ဒီလိုလုံးဝမလုံလောက်တဲ့ အပြောင်းအလဲကို တောင်မှ မထောက်ခံချင်ဘူးဆိုတဲ့ အဓိပ္ပာယ်ကတော့ အပြောင်းအလဲကို မလိုလားဘူးဆိုတဲ့ အဓိပ္ပာယ်ကောက်လို့ရ ပါတယ်”” ဟု ဒေါ်အောင်ဆန်းစုကြည် က သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားလိုက်သည်။

၂၀၀၈ အခြေခံဥပဒေတစ်ရပ်လုံးအား ပြင်ဆင်နိုင်ရန်အတွက် အဓိကကျသော ပုဒ်မ ၄၃၆(က) (ခ) အပါအ၀င် ပုဒ်မ ၅၉ (ဃ)(စ)၊ ၆၀(ဂ)၊ ပုဒ်မ၄၁၈(ခ) တို့အားပုဒ်မ တစ်ခုချင်းစီအလိုက် မဲခွဲဆုံးဖြတ်ရာတွင် ပြင်ဆင်လိုပါ က မဲပေးသည့် ကိုယ်စားလှယ် ၅၈၃ဦးအနက် ထောက်ခံမဲ ၄၇၅ မဲရရှိရန် လိုအပ်သော်လည်း ပုဒ်မ ၅၉(ဃ) တစ်ခုတည်းသာလျှင် ၅၅၆မဲရ ရှိခဲ့ပြီး ကျန်ပုဒ်မများအတွက်မူ လိုအပ်သည့် ထောက်ခံမဲမရသည့်အတွက် ရှုံးနိမ့်ခဲ့သည်။ (ထောက် ခံမဲ၊ ကန့်ကွက်မဲများအရေအတွက်နှင့် ရာခိုင်နှုန်းကို ဇယားတွင်ကြည့်ပါ။)

မဲခွဲဆုံးဖြတ်ချက်အရ ရှုံးနိမ့်ခဲ့သည့် ပုဒ်မ ၄၃၆(ခ) နှင့်ပတ်သက်၍ ဇွန်လ ၃၀ ရက်တွင် ဆက်လက်ဆွေးနွေး သွားဦးမည်ဖြစ်သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ လွှတ်တော်တွင်းမဲခွဲမှုများအပြီး ၆ ပွင့်ဆိုင် တွေ့ဆုံရေးနှင့် ပတ်သက်၍ မေးမြန်းမှုတွင် ““ပွင့်ပွင့်လင်းလင်းပြောရရင် အန်တီက သိပ်ပြီးမစဉ်းစားဘူး ၆ ပွင့်ဆိုင်အကြောင်း။ စဉ်းစားမယ်ဆိုလို့ရှိရင် နည်းနည်းအချိန်ပိုကုန်တာပဲ ရှိမယ်။ ကိုယ်လုပ်စရာ ရှိတာကိုပဲ ဆက်ပြီးတော့ လုပ်သွားမယ်”” ဟု ပြန်လည်ဖြေကြားသည်။

ကိုကိုလွင်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment