Sunday, June 28, 2015

နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံရာတွင် လက်ကိုင်ဖုန်းများ အသုံးပြုနေ သည့် ဒုသမ္မတခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လုပ်ရပ် သံတမန်ကျင့်ဝတ်နှင့် မညီ

 ___ Protocols အရတော့ ဘယ်အစည်းအဝေးမှာမဆို ဖုန်းတွေ မဖွင့်ထားရဘူး။ သံတမန်ကျင့်ဝတ် အရမလုပ်ရဘူး။ နိုင်ငံခြားရေး ၀န်ကြီးဌာနက ဒုသမ္မတကို မပြောပြလို့လား၊ ဒုသမ္မတက အရေးမစိုက်လို့လားတော့ မသိဘူးပေါ့။ ဗမာပြည်ကတော့ လုပ်ချင်တာလုပ်တာပဲ။ ဖုန်းတွေ ဖွင့်ထားတယ်၊ ဖုန်းတွေ ပွတ်နေတယ် ဆိုရင်တော့ သံတမန်ကျင့်ဝတ်အရ မညီဘူး . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ ဇွန် ၂၂

ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် သွားနိုင်မည့် အခွင့်အလမ်း၊ အလား အလာများနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ခေါင်းဆောင်သော
 မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Alexei V.Ylyukaev ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တို့ တွေ့ဆုံခဲ့သည့် သတင်းအား ဇွန်လ ၁၉ ရက်ထုတ် နိုင်ငံပိုင် အစိုးရအာဘော် သတင်းစာများတွင် ဖော်ပြခဲ့ရာ သတင်းဓာတ်ပုံတွင်

 မြန်မာကိုယ်စားလှယ် များဘက်မှ ဆွေးနွေးနေစဉ်အတွင်း လက်ကိုင်ဖုန်းများ အသုံးပြုနေကြပုံ ကို ဖော်ပြထားရာ ယင်းဓာတ်ပုံအရ သံတမန်ကျင့်ဝတ်ကို ဖောက်ဖျက်ခြင်း ပင် ဖြစ်ကြောင်း နိုင်ငံ တကာ အတွေ့အကြုံရှိ လူမှုအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များက ဝေဖန်လိုက်သည်။

ဒုသမ္မတ ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှား ကိုယ်စားလှယ်အဖွဲ့မှာ ဇွန်လ ၁၈ ရက်က ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့ဂ်မြို့ရှိ Len Expo အဆောက်အအုံရှိ ဆွေးနွေးပွဲခန်းမတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး ယင်းတွေ့ဆုံမှု သတင်းနှင့်အတူ ဖော်ပြထားသော သတင်းဓာတ်ပုံတွင် ဒုသမ္မတ ဦးဉာဏ်ထွန်းနှင့်အတူ ပါရှိသော မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များက ဆွေးနွေးမှု ပြုလုပ်နေစဉ်အတွင်း လက်ကိုင်ဖုန်းများ အသုံးပြု နေကြခြင်းဖြစ်သည်။

““ဆွေးနွေးပွဲတွေမှာ တစ်ယောက်နဲ့တစ်ယောက် ပြောတာမပြောနဲ့၊ အရေးကြီးတဲ့ ဆွေးနွေးပွဲ တွေမှာတောင် ဖုန်းတွေ ပိတ်ထားရတယ်။ Protocols (သံတမန်ကျင့်ဝတ်များ) အရတော့ တော်တော်ရိုင်း တယ်။ ပြောနေ တုန်းမှာ အကယ်၍ ခဏနေပါဦးဆိုပြီး ဖုန်းပြောတာတို့က Protocols နဲ့ မညီဘူး။ Protocols အရတော့ ဘယ် အစည်းအဝေးမှာမဆို ဖုန်းတွေ မဖွင့်ထားရဘူး။ သံတမန်ကျင့်ဝတ်အရ မလုပ်ရဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒုသမ္မတကို မပြောပြလို့လား၊ ဒုသမ္မတက အရေးမစိုက်လို့လားတော့ မသိဘူးပေါ့။ ဗမာပြည်ကတော့ လုပ်ချင်တာ လုပ်တာပဲ။ ဖုန်းတွေ ဖွင့်ထားတယ်၊ ဖုန်းတွေ ပွတ်နေတယ်ဆိုရင်တော့ သံတမန် ကျင့်ဝတ်အရ မညီဘူးလို့ ပြော ရမှာပဲ။ နိုင်ငံခြားရေး ၀န်ကြီးဌာနကနေ ဒုသမ္မတရုံးကို သော်လည်းကောင်း၊ ဒုသမ္မတကို သော်လည်းကောင်း ပြောရမယ့်ကိစ္စ၊ အသိပေးရမယ့် ကိစ္စ””ဟု နိုင်ငံတကာ ဆွေးနွေးပွဲများစွာ တက်ရောက် ခဲ့ဖူးသည့် မြန်မာ့ အရေး လေ့လာသုံးသပ်သူ ဦးဘိုဘိုကျော်ငြိမ်းက ပြောသည်။

ယင်းသို့ နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံကြား ဖွဲ့စည်း တည်ထောင်ထားပြီးဖြစ်သော နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် အနေဖြင့် ကော်မရှင်၏ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ အတိုင်း စီးပွားရေးကဏ္ဍ အသီးသီးတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု များဖြင့် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန် မြှင့်တင်သွားရေးအတွက် ဆွေးနွေးခဲ့ကြသည်။

အဆိုပါသတင်းတွင်ပင် ရုရှားနိုင်ငံ စီးပွားရေးရာ ဒုဝန်ကြီးချုပ် Mr. Arkady Dvorkovich နှင့်တွေ့ဆုံ ဆွေးနွေး သည့် သတင်းဓာတ်ပုံကိုလည်း ဖော်ပြ ထားသေးရာ အဆိုပါ ဓာတ်ပုံတွင်မူ မြန်မာ ကိုယ်စားလှယ်များဘက်မှ စာရွက်ဖြင့် မှတ်တမ်းယူနေသည့် မှတ်တမ်းဓာတ်ပုံသာဖြစ်ပြီး ဖုန်းအသုံးပြုနေခြင်းများ မပါရှိပေ။

““ဒီလိုဟာမျိုးမှာ မလုပ်သင့်ဘူးလေ။ နိုင်ငံတကာ ကိစ္စတွေ ဆွေးနွေး တဲ့အခါမှာ ဒီလိုတွေ လျှောက်လုပ် နေတယ်ဆိုတာ စိတ်မ၀င်စားမှု ကို ပြသလို ဖြစ်နေတာပေါ့။ ဒီအစည်းအဝေးဟာ အလကားနေရင်း စိတ်မ၀င်စားသလို ဖြစ်နေတာပေါ့။ တွေ့ဆုံပွဲတွေမှာ ဒီလိုမျိုး ဖုန်းပွတ်နေတယ်ဆိုတာ ဘယ်တော့မှ မရှိခဲ့ဘူး””ဟု ယခင်စင်ပြိုင်အစိုးရ NCGUB နိုင်ငံခြားရေးဝန်ကြီးအဖြစ် လုပ်ဆောင်ခဲ့ဖူးသူနှင့် ၁၉၉၀ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ဝင် ဦးပီတာလင်းပင်က သုံးသပ်ပြောဆိုသည်။

ယခုကဲ့သို့သော ဖြစ်ရပ်မျိုးကို ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း အား ဒုသမ္မတ အဖြစ် ခန့်အပ်ပြီးနောက် ကာချုပ် (ရေ)အဖြစ် ခန့်အပ်ခံရသူ ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သူရသက်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာတို့ ၂၀၁၄ခုနှစ် မေလ က တွေ့ဆုံမှုသတင်းအား ဘင်္ဂလားဒေ့ရှ် အခြေစိုက် Bangladesh Chronicle အင်တာနက် စာမျက်နှာ၌ ဖော်ပြစဉ်က လည်း ဝေဖန်ခံခဲ့ရဖူးသည်။

အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်၍ ဖော်ပြထားသော သတင်းဓာတ်ပုံတွင် ကာချုပ်(ရေ) ဗိုလ်ချုပ်သူရသက်ဆွေ မှာ နှစ်ဖက်တွေ့ဆုံနေစဉ်အတွင်း ဖုန်းကိုင်ထားသည့်အတွက် ယင်းမှာ သံတမန်ဆက်ဆံရေးနှင့် ပတ်သက်ပြီး မပြုလုပ်သင့်သည့် ပုံစံဖြစ်ကြောင်း ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။

ဝိုင်းမော်

- ၂၀၁၅ ဇွန်လ ၁၉ ရက်ထုတ် အစိုးရအာဘော်သတင်းစာ တွင် ဖော်ပြခဲ့သည့် ရုရှားနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံ ဒုသမ္မတ ဦးဉာဏ်ထွန်းနှင့် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံရာ တွင် မြန်မာ ကိုယ်စားလှယ်အဖွဲ့ဝင်များ စမတ်ဖုန်း အသုံးပြုနေကြပုံ

- ယခင်က ဝေဖန် ခံခဲ့ရဖူးသည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ တို့ တွေ့ဆုံခဲ့သည့် မှတ်တမ်းဓာတ်ပုံ


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 

 
 

No comments:

Post a Comment