~~~~~~~~~~~~~~~~~~~~~~~~~~
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီး နီးကပ်လာသည်နှင့်အမျှ နိုင်ငံတော် သမ္မတ၏ မိန့်ခွန်း ပြောကြားချက်များတွင် ““ရွေး ကောက်ပွဲမတိုင်မီ ကြားကာလတည်ငြိမ်မှု””ဆိုသော စကားလုံးအား ထပ်ဖန် တလဲလဲ သုံးစွဲလာသည်ကို ထူးခြားစွာ သတိထားမိသည်။ သမ္မတ၏ ဇွန်လရေဒီယို မိန့်ခွန်းအား နိုင်ငံပိုင် သတင်းစာမှ ခေါင်းစဉ် တပ်ရာတွင်လည်း”” ရွေးကောက်ပွဲ မတိုင်မီကြားကာလ တည်ငြိမ်မှုအတွက် အားလုံး ပူးပေါင်းဆောင်ရွက်””ဟူ၍ တည်ငြိမ်မှုဟူသော စကားလုံးကို ရွေးချယ် သုံးနှုန်းသွားသည်။ လက်ပံတန်း ကျောင်းသား စစ်ကြောင်းအား
အကြမ်းဖက်ဖြိုခွင်း၍ ကျောင်းသားကျောင်းသူနှင့် ၀န်းရံပြည်သူ ရာကျော်အား တရားစွဲထားကာ တရားလိုသက်သေ ၄၀ ကျော် ထည့်သွင်းထားသည်မှာလည်း စဉ်းစားဖွယ်ရာ ဖြစ်နေသည်။ တရားလို ပြသက်သေ ၄၀ ကျော်ကို စစ်ဆေးလျှင်ပင် ကာလအားဖြင့် နှစ်ရှည် ကြာညောင်းနိုင်သည်။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ၊ ရွေးကောက်ပွဲ ကာလနှင့် ရွေးကောက်ပွဲ အလွန်တို့တွင် နိုင်ငံတွင်းရှိ တက်ကြွ လှုပ်ရှားသူ မှန်သမျှကို အကျဉ်းထောင်များထဲတွင် ရှိနေစေချင်သည့် အာဏာပိုင်တို့၏ သဘောထားမှာ လယ်ပြင်တွင် ဆင်သွားသလို ထင်ရှားပေါ်လွင်နေပေသည်။ ကျောင်းသားများပင်မက နိုင်ငံတွင်း ထင်ရှားသော တက်ကြွ လှုပ်ရှားသူ အားလုံးလိုလိုသည် လက်ရှိတွင်ထောင်သွင်း အကျဉ်းချခံ ထားရသလို တချို့မှာ တရားရင်ဆိုင်နေ ရသည်။ ၈၈ ကျောင်းသား ခေါင်းဆောင်အဖြစ် ထင်ရှားသော ၈၈ (ငြိမ်း၊ပွင့်) မှ ဦးကိုကိုကြီးသည်လည်း လက်ရှိ တွင် ပုဒ်မ ၁၉ ဖြင့် တရားစွဲခံထားရသည်။ အထက်ပါ အကြောင်းအချက်များ သည်““ရွေးကောက်ပွဲ မတိုင်မီ ကြားကာလ တည်ငြိမ်မှု””အတွက် ဗျူဟာတစ်ရပ်လားဟု မေးခွန်းထုတ်ဖွယ်ရာ ဖြစ်နေသည်။
တစ်ဖန် ““ရွေးကောက်ပွဲ မတိုင်မီကြားကာလ တည်ငြိမ်မှု”” မဟာဗျူဟာထဲတွင် မီဒီယာများအား ဖိနှိပ် တရားစွဲဆိုခြင်းများ ပါဝင်လာခြင်းဖြစ်သည်။ လက်ရှိ ၂၀၁၅ အထိ ဂျာနယ်လစ် ၄၇ ဦး တရားစွဲခံနေရပြီး ၁၄ ဦးမှာ ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။ ထိုတရားစွဲ ထောင်ချခြင်းများသည် ဦးသိန်းစိန် အစိုးရ ကနဦးသက်တမ်း တွင် မပေါ်ပေါက်ခဲ့ ပဲ ၂၀၁၃ ခုနှစ် ကျော်မှ စတင် ပေါ်ပေါက်ခဲ့ကာ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ မီဒီယာများအား တရားစွဲ ထောင်ချမှုများ ခပ်စိပ်စိပ် ဖြစ်လာသည်ကိုလည်း ထူးခြားစွာတွေ့ရသည်။ ရွေးကောက်ပွဲ မတိုင်မီကြားကာလ တည်ငြိမ်မှုအတွက် ဤနည်းလမ်းများကို သုံးလာခြင်းသည် စစ်ဗိုလ်ချုပ် ဟောင်း အများစုဖြင့် ဖွဲ့စည်းထားသော လက်ရှိအာဏာပိုင်များ၏ အာဏာရှင် စရိုက်လက္ခဏာ မပျောက်သေးခြင်းဟုပင် ဆိုရပါမည်။ စစ်အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်စဉ်က အမြဲရှုမြင်ခဲ့သော “အမျိုးသား လုံခြုံရေးအမြင်” အစွန်းရောက်မူဟုလည်း တစ်နည်းဆိုနိုင်သည်။
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကလည်း သမ္မတနှင့် လေသံဆင်ဆင် ရွေးကောက်ပွဲ မတိုင်မီ တည်ငြိမ်မှုနှင့် ပတ်သက်၍ ရွေးကောက်ပွဲနှင့် မဆိုင်သော စကားလုံးများ သုံးနှုန်းလာသည်ကို တွေ့ရသည်။ သမ္မတနှင့် စစ်တက္ကသိုလ် တစ်ပတ်တည်းဆင်း စစ်ဗိုလ်ချုပ်ကြီးဟောင်း ကြံ့ခိုင်ရေး ထိပ်သီး ခေါင်းဆောင် တစ်ဦးဖြစ်သော ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မြန်မာတိုင်းမ် ဂျာနယ်နှင့် အင်တာဗျူးတစ်ခု ကိုဇွန်လ ၇ ရက်က ပြုလုပ်ခဲ့သည်။ အင်တာဗျူးတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဥပဒေအချက် အလက်နှင့်တကွ ဖြေကြားချက်များမှာ ဗဟုသုတ ဖြစ်ဖွယ်ရာများ ဖြစ်သော်လည်း အချို့သော မေးမြန်းချက်များ ကို ဖြေကြားရာတွင်မူ ယခင်စစ်ဗိုလ်ချုပ်ကြီး တစ်ယောက်၏ လေသံများ မပျောက်သေးဘဲ ရှိနေသည်ကို အင်တာဗျူးပါ ဖြေကြားချက်တချို့က သက်သေခံနေပေသည်။
မြန်မာတိုင်းမ်ဂျာနယ်၏ နိုင်ငံရေး သတင်းထောက်ချုပ် က မေးခွန်းတစ်ခုမေးရာ-
မြန်မာတိုင်းမ် ။ ။ လူထုရဲ့ စိုးရိမ်ပူပန်မူကတော့ ရွေးကောက်ပွဲဖြစ်ပါ့မလား ဆိုတဲ့ ပူပန်မူပါ။ အခုအချိန်မှာ ဘာသာရေး၊ လူမှုရေးနဲ့ ပတ်သက်ပြီး ပဋိပက္ခတွေ ဖြစ်အောင် ပုံစံအမျိုးမျိုးနဲ့ လှုံ့ဆော်နေတဲ့ သူတွေလည်း ရှိနေတယ်။ တကယ်လို့များ ဒီပြဿနာတွေ ရွေးကောက်ပွဲနဲ့ ချိန်ကိုက်ဖြစ်လာမယ်ဆိုရင် ရွေးကောက်ပွဲ မထိခိုက်အောင် ကော်မရှင်က ဘာတွေပြင်ဆင်လဲ။
ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဥပဒေ အချက်အလက်နှင့် ဖြေကြားပြီး ထိုဖြေကြားချက်ထဲမှ ထူးခြား ချက်များကို တင်ပြချင်ပါသည်။
““၂၀၁၆ ဇန်န၀ါရီ ၃၀ ရက်နေ့မှာ သက်တမ်းကုန်မယ် လွှတ်တော်က။ ဟိုဘက်ကျတော့ လွှတ်တော် သက်တမ်း ကုန်သွားပြီဆိုတော့ ဘယ်သူ့လက်ထဲ အာဏာရောက်မလဲ ဆိုတာကတော့ အများကြီး စဉ်းစားစရာရှိပါတယ်။ …..””
““ကြားကာလ အေးချမ်းဖို့၊ ပြင်ဆင်စဉ်ကာလ တည်ငြိမ်ဖို့ သမ္မတကြီးလည်း စိုးရိမ်တယ်။ ကျွန်တော်လည်း စိုးရိမ်တယ်။ အားလုံးလည်း စိုးရိမ်တယ်။ လုပ်ဖို့၊ မလုပ်ဖို့ကတော့ ပါတီတွေပဲ။ သူတို့ချင်းအေးအေး ဖြစ်သွားရင် ဘာမှမဖြစ်ဘူး။သူတို့က ဆွပေးရင်၊ လူထုကပါလာရင်၊ မအေးမချမ်းဖြစ်ရင်၊ မအေးမချမ်းဖြစ်လို့ ရွေးကောက်ပွဲ မကျင်းပပေးရင် ဘာဖြစ်မလဲ။ ကျွန်တော့်မှာ နည်းလမ်းတွေ ရှိနေတာပဲ …””
““အာဏာသိမ်းလိုက်တဲ့ ဆိုးကျိုး ကျွန်တော်ကောင်းကောင်းသိတယ်
မြန်မာတိုင်းမ် ။ ။ ကော်မရှင်ဘက်က ဘယ်လောက်ကောင်းအောင် လုပ်ပေးတယ် ပြောပြော လူထုက သံသယနဲ့ပဲ ကော်မရှင်ကို ပြောဆိုဝေဖန်နေတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကော်မရှင်ကို လူထုက မယုံဘူး။ ဒီလိုဖြစ်နေတာ ဥက္ကဋ္ဌကြီး ကိုယ်တိုင်က စစ်ဗိုလ်ချုပ် တစ်ယောက်ဖြစ်နေလို့လား။
ထိုမေးခွန်းအား ဦးတင်အေး ဖြေကြားချက်များထဲမှ ထူးခြားမှုတချို့ကို ကောက်နုတ် တင်ပြလိုပါသည်။
ဦးတင်အေး ။ ။ ဘယ်သူနဲ့မဆို ကျွန်တော်ယှဉ်ရဲတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ကာကွယ်ရေး ဘာအမြင်ပဲယှဉ်ယှဉ် ကျွန်တော်ယှဉ်ရဲတယ်။ တော်တော်ရယ်ချင်တယ်။ ဟိုတုန်းကလည်း ကြံ့ခိုင်ရေး အသင်းအကြောင်း ကျွန်တော်ဘာမှကို သိတာမဟုတ်ဘူး။ ဥက္ကဋ္ဌ ဘယ်သူလဲဆိုတာ မသိဘူး ….””
““စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုတာ သိပ်လွတ်သွားရင် ဖရိုဖရဲဖြစ်သွားမယ်။ တဖြည်းဖြည်းချင်း လွှတ်ချင်လို့ တင်းကျပ်ထားတာ။ ခင်ဗျားတို့ ရေချိန်ပေါ် မူတည်ပြီး လွှတ်သွားလိမ့်မယ်။ ဒါတွေကတော့ အခု ရေတွင်းတူး အခုရေကြည်သောက်လို့ တော့မရဘူးပေါ့။ ရေကြည်သောက်ချင်ရင်တော့ မနှောက်နဲ့ပေါ့။ ကျွန်တော် တို့လည်း အာဏာလွှဲဖို့လုပ်ခဲ့တာ ၉၀ ကတည်းက လုပ်ခဲ့တာပဲ၊ လိမ္မာရင် ကျွန်တော်ထင်တယ် ၉၅-၉၆ လောက်ကတည်းက တော်တော် အဆင်ပြေလောက်ပြီ။ ကျွန်တော်တို့က ဒီမိုကရေစီ ရေချိန် မ၀င်ဘဲနဲ့ တော့ သိပ်လွတ်လပ်ပေးလို့တော့ မရဘူး။ ဒါကြောင့် ကျွန်တော်တို့ ၀င်ထိန်းနေတာ။ ထိန်းချင်လွန်းလို့ မဟုတ်ဘူး။
မြန်မာတိုင်းမ် ။ ။၂၀၁၅ ရွေးကောက်ပွဲကနေ တစ်ဆင့် လူထုရဲ့ယုံကြည်မှုကို ရနိုင်ဖို့ ကြိုးစားသွားမှာလား။ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေက လူထုရဲ့သံသယတွေကို ချေဖျက်နိုင်မယ်လို့ မျှော်လင့်ထားလား။
ဦးတင်အေး ဖြေကြားချက်ထဲမှ ကောက်နုတ်ချက်တချို့အား တင်ပြအပ်ပါသည်။
““ကျွန်တော် မကောင်းရင် မကောင်းဘူး။ ပါတီမကောင်းပါတီပြော။ မီဒီယာ မကောင်းမီဒီယာပြော။ ဘက်မလိုက်နဲ့။ ကျွန်တော် မကောင်းရင်လည်း ကြီးကြပ်မှု အားနည်းတယ်လို့ပြော။ သတ္တိရှိရှိပြော။ ဘယ်သူ့မှ ဘက်မလိုက်ခိုင်းဘူး။ ဘက်လိုက်တဲ့သူအားလုံး ထောင်ချပစ်မယ်။””
မြန်မာတိုင်းမ် ။ ။ ဒါနဲ့ ဒီနှစ်ကျင်းပတဲ့ တပ်မတော်နေ့မှာ ဥက္ကဋ္ဌကြီးဘာလို့ စစ်ယူနီဖောင်း ၀တ်ဖြစ်ခဲ့တာလဲ။
ဦးတင်အေး ။ ။ မနှစ်ကလည်းဝတ်တာပဲလေ။ ဒီနှစ်မှ ကြီးကြီးကျယ်ကျယ် ပြောနေတာ။ မနှစ်က၀တ်တာမှ ညစာစားပွဲတောင် သွားတက်လိုက်သေးတယ်။ စည်းမျဉ်းကိုက အငြိမ်းစားစစ်မှုထမ်းတွေဟာ နောက်ဆုံး အဆင့်နဲ့ တက်ခွင့်ရှိတယ်ဆိုတဲ့ ဟာကြောင့် ကျွန်တော်တက်တာပါ။ မှားတယ်ဆိုရင်လည်း ကျွန်တော့် ဘက်ကတော့ မတတ်နိုင်ဘူး။ ခင်ဗျားတို့ဘက်က အထင်လွဲတဲ့အတွက်လွဲပါ။ သို့သော် ခင်ဗျားတို့ ထင်သလိုမဟုတ်ဘူး။ ကျွန်တော် အသက် ၁၇ နှစ်မှာ တပ်ထဲရောက်တယ်။ ၄၇ နှစ် လောက် တပ်ထဲမှာ လုပ်ခဲ့တယ်။ ဆန္ဒအရ ပြောရင်တော့ နေ့တိုင်းတောင်ဝတ်ချင်တာ”။
မြန်မာတိုင်းမ် ။ ။ကော်မရှင်ရဲ့ ဂုဏ်သိက္ခာကို တစ်စုံတစ်ရာ ထိခိုက်နိုင်မလား ဆိုတာမျိုး မ၀တ်ခင်မှာ တွေးမိခဲ့လားရှင့်။
ဦးတင်အေး ။ ။ ““မတွေးမိတာအမှန်ပဲ။ တွေးမိလည်း ဘ၀နဲ့ ရင်းပြီးဝတ်သွားမှာ။ ဘာကြောင့်လဲဆိုတော့ ၀တ်ကိုဝတ်ချင်လို့ဝတ်တာ။ ၀တ်လို့ထွက်ရမယ်ဆို ထွက်သွားမယ် ….””
၉၀ ရလဒ်လို ဖြစ်သွားနိုင်လားဟု မြန်မာတိုင်းမ်က မေးမြန်းရာမှာ –
မြန်မာတိုင်းမ် ။ ။ လူထုစိုးရိမ်နေတာက ၁၉၉၀ ကလိုမျိုး ဖြစ်မှာကို။ ဒီရွေးကောက်ပွဲမှာ အတိုက်အခံပါတီကသာ အနိုင်ရမယ်ဆိုရင်ကော ရလဒ်က ပြောင်းအလဲရှိနိုင်လား။
ဦးတင်အေး ။ ။““ဘာလို့ ပြောင်းရမှာလဲ။ ပြောင်းစရာမရှိပါဘူး။ ကျွန်တော်လုပ်တဲ့ ကိစ္စပဲ။ အာဏာလွှဲတာ၊ မလွှဲတာက တစ်ကဏ္ဍပဲ။ မတတ်သာ တပ်မတော်က အာဏာသိမ်းရုံပဲရှိမယ်။ …””
အထက်ပါ ကောက်နုတ်ချက်များအား လေ့လာကြည့်လျှင် လက်ရှိရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၏ စကားလုံး များသည် စစ်ဗိုလ်ချုပ်ကြီး လေသံပေါက်နေဆဲဟု သုံးသပ်ချက်များကား မှားသည်ဟု မဆိုနိုင်ပေ။
● လွှတ်တော်သက်တမ်းကုန်လျှင် ဘယ်သူ့လက်ထဲ အာဏာရောက်မည်ကို စဉ်းစားနေသော၊
● ပါတီများက ဆွပေးလျှင် လူထုက ပါလာပြီး မအေးမချမ်းဖြစ်၍ ရွေးကောက်ပွဲ မကျင်းပပေးလျှင် ဘာဖြစ်မလဲဟု ထိုအခါ နည်းလမ်းများရှိကြောင်း ဆိုခဲ့လေသော၊
● ဆူရင်တော့ အာဏာက သိမ်းရတာပဲဟု ဆိုနေလေသော၊
● ကြံ့ခိုင်ရေးအသင်း၏ ဥက္ကဋ္ဌမည်သူ ဆိုသည်ကိုပင် မသိခဲ့ဟု ပြောကြားခဲ့သော၊
● လိမ္မာရင် ၉၅၊၉၆ လောက်ကတည်းက အာဏာလွှဲဖို့ အဆင်ပြေနေပြီဟု ၉၀ ရလဒ်နှင့် ပတ်သက်ပြီး သမိုင်းအား ပြန်သုံးသပ်ပြနေသော၊
● ဘက်လိုက်တဲ့သူအားလုံး ထောင်ချပစ်မယ်ဟု ဟစ်ကြွေးနေသော၊
● စစ်ဝတ်စုံအား တပ်မတော်နေ့တင်မက နေ့တိုင်းပင် ၀တ်ချင်သည့် ဆန္ဒရှိသည်ဟု ဆိုသော၊
● ရွေးကောက်ပွဲ ရလဒ်ကားပြောင်း စရာမရှိဘဲ၊ အာဏာလွှဲတာ၊ မလွှဲတာက တစ်ကဏ္ဍဟုဆိုကာ မတတ်သာ တပ်မတော်က အာဏာသိမ်းရုံပဲရှိသည်ဟု သုံးသပ်ပြခဲ့သော ၊
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၏ စကားလုံးများအပေါ် အခြေခံ၍ ကော်မရှင် ဥက္ကဋ္ဌ၏ လက်ရှိမြန်မာ့နိုင်ငံရေး အပေါ်အမြင် ရှုထောင့်အား သုံးသပ်ကြည့်ခြင်း ဖြစ်ပါသည်။ စာရှုသူအပေါင်းလည်း အထက်ပါ ကောက်နုတ် ချက် စကားလုံးများအပေါ် ကိုယ်တိုင်ဝေဖန် သုံးသပ်နိုင်စေဖို့ရန် ဝေမျှရခြင်းဖြစ်ပါသည်။ ရွေးကောက်ပွဲ မတိုင်မီ တည်ငြိမ်မှု၊ ရွေးကောက်ပွဲအလွန် တည်ငြိမ်မှုအတွက်ဆိုလျှင် ယခင် အာဏာရှင်စနစ်၏ အတွေးအခေါ်များကို စွန့်ပယ်နိုင်ပါမှ စစ်မှန်သော တည်ငြိမ်မှုကို ရနိုင်မည် ဖြစ်ပါကြောင်း သုံးသပ်လိုက်ရပါသည်။
စာကိုး ။ ။မြန်မာတိုင်းမ်ဂျာနယ်
ဇွန် ၇ ရက်၊ အင်တာဗျူး
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment