Tuesday, June 30, 2015

မပြောချင်လည်း ပြောမှဖြစ်မယ် – ပဏ္ဍိတရေးသည် အသက်ကြီးပါပြီ ဘဘရယ်

“တစ်ချိန်က အဘ၊ ခုတော့ ငပွတော့ အဖြစ်မခံပါနဲ့ ဦးခင်ညွန့်ရေ။ စိတ်ပုတီးနဲ့ ရိပ်ကြီးခိုရမယ့် အရွယ်မှာ နှုတ်စီးလို့ ငပွကြီးတော့ အဖြစ်မခံပါနဲ့ကွယ်ရို့ ပဏ္ဍိတက စေတနာ ဗရပွနဲ့ ပြောပါရစေ လို့။ နောက်ကြောင်း မပြန်ရေးဆိုတာက အဘတို့ရဲ့ မူဆိုတာ အခြေခံဥပဒေမှာ အထင်း သား တွေ့ရ ပါရဲ့။ မည်သည့် ဥပဒေမှ နောက်ကြောင်းပြန် အာဏာသက်ရောက်ပြီး အရေးယူလို့ မရအောင် အခြေခံ ဥပဒေမှာ ကတည်းက ချည်ပြီး၊ တုတ်ပြီး ထည့်သွင်းထားတာ ပဏ္ဍိတတို့ သိပါ ရဲ့ …”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပဏ္ဍိတတို့လည်း တစ်ပတ်တလေလောက် မပြောမဆိုဘဲ နေချင်ပါတယ်။ မရပါဘူးကွယ်။ ဘဘတို့က ပဏ္ဍိတ ပြောရ၊ ဆိုရအောင် တယ်လုပ်ကြသကိုး။

ပဏ္ဍိတလည်း ဗုဒ္ဓဘာသာပီပီ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်တွေရဲ့ အညီနေချင်ပါရဲ့။


ရှင်တော်မြတ်ဘုရားကလည်း မေတ္တာသုတ်မှာ ဟောထားပါရဲ့။ ““ယေန – အကြင်ကာယစသော သုံးပါးသော ဒုစရိုက်ကြောင့်၊ ၀ိညူ – ပညာရှိသည်၊ ပရေ – သူတစ်ပါးတို့ကို၊ ဥပ၀ဒေယုံ – ကဲ့ရဲ့ခြင်းကို၊ ကိဥ္စိ – စိုးစဉ်းမျှသော၊ ခုဒံ္ဒ – အနည်းငယ်ပင် ဖြစ်သော်လည်း၊ တံ – ထိုဒုစရိုက်ကို၊ နစအာစရေ – မကျင့်ရာသည်သာတည်း”” တဲ့။

အနှစ်ချုပ်ကတော့ ပညာရှိတို့သည် သူတစ်ပါးတို့အား ကဲ့ရဲ့ခြင်းကို အနည်းငယ်မျှ မပြုသင့်ဘူး။ မေတ္တာ ဘာဝနာပဲ ပွားသင့်တယ်လို့ ပြောထားတာပါ။

သို့ပေမယ့်လည်း ပဏ္ဍိတကို တရားနဲ့အညီ မနေနိုင်အောင် ဘဘတို့က တယ်ရမယ်ရှာကြသကိုး။

““တောဂနိုင် ဆန်းကြယ် လိုက်ခဲ့ပါလားလို့ ညိုညိုစန်းက ခေါ်မယ်။

…. အသက်မကြီးသေးပါ မောင်ရယ် ထန်းရွက် ပုတီးလေးဆွဲဖို့ ရွှေစာရံကို အရောက်သွားစို့ကွယ်””

နာမည်ကျော် အငြိမ့်သီချင်းတစ်ပုဒ်၊ ယနေ့ခေတ် လူငယ်တွေနဲ့ အလှမ်းဝေးပေမယ့် အရွယ်တော်တစ် ဆိတ်ဟိုင်း ၇၀ ကျော်လို့ သင်္ချိုင်းကို ခြေတစ်ဖက်လှမ်းလုလု၊ မျက်စောင်းထိုးလုလုတွေ အတွက်တော့ နားဝင် ပီယံရှိလှတဲ့ ထန်းရွက်ပုတီး အမည်ရှိတဲ့ သီချင်းတစ်ပုဒ်ကို နားထောင်ရင်း ပဏ္ဍိတရဲ့ ဖွဘုတ်စာမျက်နှာကြီးကို မွှေနောက်ရှာဖွေနေစဉ် …

““ငါပြောမယ်။ မီဒီယာကိုတော့ ငါပြောချင်တယ်။ နောက်ကြောင်းပြန်တာမျိုး မလုပ်နဲ့။ နောက်ကြောင်း ပြန်တာ သည် တိုင်းပြည်တိုးတက်အောင် လုပ်တာ မဟုတ်ဘူး။ ဝေဖန်ရေး သက်သက်လုပ်တာ။ ဝေဖန်ရေးလုပ်ရင် ကိုယ့်ကိုယ်ကိုယ် အရင်ဝေဖန်ရမယ်။ ပြီးတော့မှ သူများကို ဝေဖန်ရမယ်””

(ဖုန်း၊ ဖုန်း၊ ဖုန်း၊ ဖုန်း) မိုဘိုင်းလ်ဖုန်းကြော်ငြာတာ မဟုတ်ပါဘူး။ အကယ်ဒမီများရှင် ဦးခင်ညွန့်ရဲ့ အားမာန်ပါပါ ရင်ဘတ် ပုတ်လိုက်တဲ့အသံပါ။

““ဒါ စနစ်နဲ့ စနစ်၊ စနစ်ချင်း မတူဘူးကွ””

ဆက်ပြောရင်း ဒေါသတကြီးနဲ့ တရမ်းရမ်းလုပ်နေတဲ့ ဦးခင်ညွန့်ရဲ့လက်ညှိုးကြီးက မိုဘိုင်းလ်စခရင်ကနေ ပဏ္ဍိတ မျက်လုံးကြီးကို ထိုးမိတော့ မလိုလို။

““စနစ်ပေါ်မှာ မူတည်တယ်ကွ။ ငါတို့ကလည်း အရင်တုန်းက စစ်အစိုးရလေ။ စစ်အစိုးရဆိုတော့ အစိုးရပုံစံ အတိုင်း လုပ်ရတာဟ။ အခုက ဒီမိုကရေစီစနစ်လေ။ ဒီမိုကရေစီစနစ်အတိုင်း သွားတယ်။ သို့သော်ငြားလည်း တို့ ဒီမိုကရေစီစနစ်သည် မြန်မာနိုင်ငံနဲ့ ဆီလျော်တဲ့ ဒီမိုကရေစီစနစ်ပဲ ဖြစ်ရမယ်။ ဒါပဲ။ ဟိုက အမေရိကန်ကို အတုခိုးလို့ မရဘူးနော်။ အင်္ဂလိပ်ကို အတုခိုးလို့မရဘူး။ မြန်မာနိုင်ငံနဲ့ ဆီလျော်တဲ့ ဒီမိုကရေစီစနစ်ပဲ ဖြစ်ရမယ်။ ဒါပဲ ငါနောက်ဆုံးပြောချင်တယ်””

မျက်ခုံးတပင့်ပင့်၊ လက်မတထောင်ထောင်နဲ့ မာန်ဝင့်နေလိုက်တာ အာဏာရှင်ဟောင်းကြီးရဲ့ လက်သုံးတော် ဓားဟောင်းကြီးက သံချေးတက်ပေမယ့် ခြိမ်းခြောက် ဟိန်းဟောက်နိုင်တုန်းပဲကိုး

ပဏ္ဍိတရဲ့ နားထဲကို အလွှားလိုက် အလွှားလိုက် တိုးဝင်လာတဲ့ မှော်ဝန်းသားကြီး ဦးခင်ညွန့်ရဲ့ စကားလုံးတွေ၊ စကားလုံးတွေ ဆိုတာလေ။

တစ်မိနစ်ခွဲစာ ဗီဒီယိုလေးက သမိုင်းမှတ်တမ်း တစ်ပုဒ် ဖြစ်သွားပြန်ပါရောလား။

နိုင်ငံရေး မလုပ်တော့ဘူးဆိုတဲ့ ဦးခင်ညွန့်၊ ဘာသာရေးပဲ လုပ်တော့မယ်ဆိုတဲ့ ဦးခင်ညွန့်၊ ဘုန်းကြီးဝတ်ပြခဲ့တဲ့ ဦးခင်ညွန့်၊ မှော်ဝန်းသားဦးခင်ညွန့်ဆိုပြီး ဖော်ကောင်ဘညွန့်လိုလို လုပ်ပြခဲ့တဲ့ ဦးခင်ညွန့်၊ သူကိုးကွယ်တဲ့ စစ်အာဏာရှင်စနစ်မှာပဲ သူကိုယ်တိုင် ထောင်နန်းစံခဲ့တဲ့ ဦးခင်ညွန့် …

အာဏာရှင်စိတ် မကုန်သေးတာလား။ အဘကို ချစ်ကြောက်ရိုသေစိတ် မကုန်သေးတာလား။ ပဏ္ဍိတတော့ ကွဲကွဲပြားပြား မသိတော့ပါလား။

ဦးခင်ညွန့်မဟုတ်ဘဲ အခြားလူတစ်ယောက်သာ ပြောရင်တော့ ဖေ့စ်ဘုတ်ပေါ်က ပဏ္ဍိတတို့ရဲ့ နက်တီဇင်များ က အဘဟ၀ှါ,မတယ်ဆိုလား ပြောကြမယ်ထင်ရဲ့။

ဦးခင်ညွန့်မှာ အရင်တုန်းကတော့ ဒီလို အဘကို ချစ်ကြောက်ရိုသေစိတ် ရှိခဲ့တယ်ဆိုတာကတော့ အများတကာ သိပြီးသားပါ။

အရင်တုန်းက မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်ကမှ ထုတ်ခဲ့တဲ့ မှော်ဝန်းသားကြီး ဦးခင်ညွန့် ကိုယ်တိုင်ရေးစာအုပ် မှာတောင် အဘအကြောင်း ကောင်းကြောင်းတွေ ဝေေ၀စည်စည် ထည့်သွင်းရေးသားခဲ့တာ အထင်းသား ဖတ်မိခဲ့ပါရဲ့။

သူကိုယ်တိုင် ထောင်ကျခဲ့တာတောင် အဘသဘောထား မဟုတ်သယောင် ၀ိနည်းလွတ် ရေးထားတာကို ပဏ္ဍိတရဲ့ပရိသတ် ပြန်လည်ဖတ်ရှုနိုင်ဖို့ ဖောက်သည်ချလိုက်ပါဦးမယ်။

““ကျွန်တော့်ကို အရေးယူလိုက်သည် ဆိုရာတွင် ဗိုလ်ချုပ်မှူးကြီး၏ သဘောဆန္ဒတစ်ခုတည်း မဖြစ်နိုင်။ ယင်း၏ ရှိရင်းစွဲ သဘောထားကို ယိမ်းယိုင်အောင် ဘေးတီးပေးသည့်ပုဂ္ဂိုလ်များ၊ အရေးယူဖြစ်အောင် ၀ိုင်းဝန်း ဖန်တီး ကြသည့် ပုဂ္ဂိုလ်များ ရှိနေသည်ဟု သိရှိရပါသည်”” တဲ့။

အဘစကားဆို မြေ၀ယ်မကျ နားထောင်ကြောင်းကိုလည်း ““ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပေးအပ်သော တာဝန်များကို လေးစားချစ်ခင်မှုဖြင့် ဦးလည်မသုန် ဖြစ်မြောက်အောင်၊ အကောင်အထည်ပေါ်အောင် ကြိုးစား ခဲ့သည်ချည်းပဲ ဖြစ်ပါသည်”” ဆိုပြီးကို ဖော်ပြထားလေတယ်။

မှော်ဝန်းသား ဦးခင်ညွန့်ရဲ့ ကြုံတွေ့ခဲ့ရဘ၀ အထွေထွေက အဘပေါ် သံယောဇဉ် မကုန်လှတဲ့ ဦးခင်ညွန့်ရဲ့ စိတ်ထားကို အထင်းသား ဖွင့်ဟကြည့်နိုင်ပါရဲ့။

ပရိသတ်တွေ မျှော်မှန်းထားသလို အတွင်းရေးတွေ ဖော်ထုတ်ထားတာမျိုးထက် အပေါ်ယံ ဟန်ပြရေးထား တာကို အထင်းသားတွေ့ရပါရဲ့။

အမှန်တော့ ဦးခင်ညွန့်ဆိုတာကလည်း ဒီပုတ်ထဲက ဒီပဲပါပဲ။ ဘာမှထူးခြားလှတာတော့ မဟုတ်ပါဘူး။

မီဒီယာတွေကို ရန်စွယ်တငေါငေါနဲ့ မဟုတ်တရုတ်တွေ ပြောတာကလည်း ဒါပထမဦးဆုံး အကြိမ်မှမဟုတ်တာ။

ဖေဖော်ဝါရီဆန်းပိုင်းက အဓိပတိ ဂျာနယ်နဲ့တုန်းက အင်တာဗျူးမှာလည်း ဒီလိုပါပဲ။ ““ဘဘတို့နိုင်ငံဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံကွ၊ ဘုရားမှန်သမျှ ရွှေရှိရမယ်။ ပုဂံဘုရားပေါင်းများစွာ ငါပြုပြင် ထိန်းသိမ်းလာတာ ….ယူနက်စကိုက ပြောတိုင်း မလုပ်နိုင်ဘူး””ဆိုပြီး ဒေါသတကြီး ရန်တွေ့ခဲ့တာပါပဲ။

ပုဂံက ဘုရားပေါင်းများစွာက ရှေးဟောင်းယဉ်ကျေးမှုတွေ ပျောက်ခြင်းမလှ ပျောက်သွားခဲ့တာနဲ့ ပတ်သက်တဲ့ တာဝန်ရှိပုဂ္ဂိုလ်ကြီးရဲ့ ဒေါသတကြီး ရန်တွေ့ခဲ့မှုလို့ပဲ မြင်ရပါရဲ့။

ဦးခင်ညွန့်တို့ အထိန်းအသိမ်း ကောင်းခဲ့ပုံများ ပုဂံရောက်တုန်းက ပဏ္ဍိတ ကိုယ်တွေ့ မြင်ခဲ့တာလေးပါ။ ကျောင်းသင်ခန်းစာထဲမှာပါတဲ့ ရာဇကုမာရ်ကျောက်စာ (မြစေတီကျောက်စာ)ကို တွေ့ခဲ့ရပါတယ်။

ဝမ်းနည်းစရာ ကောင်းတာတစ်ခုကတော့ ကျောက်စာအကျိုးကို ဘိလပ်မြေတွေနဲ့ ဆက်ထားရာမှာ လက်တစ်ဝါးစာလောက် ဘိလပ်မြေ အပုံလိုက် ကျောက်စာပေါ်မှာ အထင်းသား မညီမညာရှိနေခဲ့တာပါ။ ကျောက်စာမှာ ရေးထွင်းထားတဲ့ စာလုံးတွေပေါ်ကို ဖုံးအုပ်ပြီး ဖာထားတာပါ။ ကျောက်စာကို အဲလို ဆက် ရတယ်လို့ အဘတို့က လမ်းစဉ်ချခဲ့ပုံ ရတယ်နော်။

ဘုရားမြင်တိုင်း ရွှေချရမယ်လို့ ဘယ်အဘတွေက ပြောခဲ့သလဲ မသိ။ ခုတော့ ထုံးဖြူဖြူဖွေးဖွေးနဲ့ ကောင်းမှုတော် ဘုရားကိုတောင် လိမ္မော်ရောင် ပြောင်းထားတဲ့အထိ ရွှေဉာဏ်တော် စူးရောက်ကြပါပေတယ်။ (ရွှေမချနိုင်သေးတော့ ရွှေနဲ့အနီးစပ်ဆုံးအရောင် သုတ်ထားတယ်ထင်ပါ့)။

ပဏ္ဍိတတို့လည်း မပြောချင်ပေမယ့် ဆိုရေးရှိက ဆိုအပ်လှဆိုသလို ပညာရှိ၊ ပညာရှင်တို့အနေနဲ့ ပြောဖို့ရာ ရှိလာပြီဆိုရင် တုံ့ဆိုင်း နှုတ်ဆိတ်နေလို့မရတော့ကာ ပြောရပါဦးမယ်။

ဦးခင်ညွန့်ဆိုတာက ၁၉၈၈ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ န၀တအစိုးရရဲ့ အကောင်းဆုံး လက်ကိုင်တုတ်၊ ပြည်သူတွေကိုအဖိနှိပ်နိုင်ဆုံး ယန္တရားရဲ့ ပင်မဗဟိုချက်ပါ။

ကိုယ်ဖော်တဲ့ဆေး ကိုယ်သောက်ရင်း မရှူနိုင် မကယ်နိုင် ထောင်ကျသွားခဲ့လို့ သနားတတ်တဲ့ ပြည်သူအချို့က ခွင့်လွှတ်ပေးထားပေမယ့် ဦးခင်ညွန့် လုပ်ခဲ့တဲ့ ပုံရိပ်တွေက မေ့ဖျောက်လို့တော့ မရသေးပါဘူး။

ဒါကို ခုချိန်အထိ အာဏာရှင်စိတ်မကုန်သေးတော့ကာ မလွယ်ပါလား …. ဦးခင်ညွန့်ရယ်။

ဒီမိုကရေစီဆိုတာက ဦးခင်ညွန့်ပြောသလို လိုသလို ဖန်တီးလို့ရတဲ့ ပုံလောင်းစက် မဟုတ်ဘူးဗျ။ မြန်မာ နိုင်ငံနဲ့ ဆီလျော်တဲ့ ဒီမိုကရေစီပဲ ဖြစ်ရမယ်ဆိုတော့ရာ ဦးခင်ညွန့်တို့လို စစ်စိတ်စစ်သွေး၊ အာဏာရှင်စိတ် မကုန်သေးတဲ့ အသိုင်းအ၀ိုင်းက ပြောလေ့ရှိတဲ့ မြန်မာပြည်နဲ့ ဒီမိုကရေစီ မတန်သေးဘူးလို့ ပြောတဲ့လေနဲ့ တစ်ထပ်တည်းကျနေပါရဲ့။

ဒီမိုကရေစီဆိုတာ ဦးခင်ညွန့်ပြောသလို စနစ်ပါပဲ။ ဦးခင်ညွန့်တို့လို ခပ်ပြိန်းပြိန်းလူတွေ နားလည်အောင် ပြောရင်တော့ ရေပါပဲ။ ခွက်လေးထောင့်ထဲထည့်လည်း ဒီရေ၊ အ၀ိုင်းထဲထည့်လည်း ဒီရေပါပဲ။ လေးထောင့် ပုံရှိတဲ့ရေ၊ အ၀ိုင်းပုံရှိတဲ့ရေဆိုတာ ဦးခင်ညွန့်တို့က ရေရဲ့ အနှစ်သာရကို မမြင်နိုင်တာ ဖြစ်ပါလိမ့်မယ်။

ယူနက်စကိုကိစ္စတုန်းကလည်း ဒီလိုပါပဲ။ ဦးခင်ညွန့်တို့လို လူတွေအတွက်တော့ သမိုင်းရဲ့ တန်ဖိုးကို ဘယ်နားလည် နိုင်ပါ့မလဲ။ သမိုင်းကြောင်းမှ မကောင်းခဲ့ရတာကိုး။

မီဒီယာတွေ နောက်ကြောင်း ပြန်လှန်တာကို သိပ်လည်း မစိုးရိမ်ပါနဲ့ ဦးခင်ညွန့်ရယ်။ အရင်ကဇာတ်ထုပ်တွေက အများသူငါ သိပြီးသားပါ။

ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးလို့မရသလို ဘွင်းဘွင်းရှင်းရှင်းကြီး ပေါ်ပြီးသားပါနော်။

ဒါကို ဆရာသန်းဝင်းလှိုင်ရဲ့ ဦးခင်ညွန့် သို့မဟုတ် ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သူ ဆိုတဲ့ စာအုပ် မှာလည်း တစ်စိတ်တစ်ဒေသ မြင်တွေ့နိုင်ပါရဲ့။

ဦးခင်ညွန့် မဖတ်ရသေးရင် ဖတ်နိုင်အောင် အမှာစာထဲကတစ်ကြောင်း ကောက်နုတ် ဖော်ပြပေးမယ်နော်။

““စစ်အာဏာရှင်ခေတ်က တစ်ချိန်က ဘုန်းမီးနေလ တောက်ပ … အာဏာကို ယစ်မူးကာ ထင်တိုင်းကြဲခဲ့ သော်လည်း ယခုအခါ ခရုဆံကျွတ်၊ အူနုကျွဲခတ်၊ ရွှေဥကြမ်းညပ်ပမာ ဖြစ်ခဲ့ရပြီး အာဏာလက်လွတ် အမြင့်မှ ပြုတ်ကျသွားခဲ့ရသော်လည်း ယနေ့တိုင် နောင်တတရား မရရှာသေးသည့် လက်မရွံ့ ထောက်လှမ်းရေးမှူး ဟောင်း ဦးခင်ညွန့်ရဲ့ ဘ၀တစေ့တစောင်း””တဲ့။

ပြောလည်းပြောလောက်စရာပါ ဦးခင်ညွန့်ရယ်။

တစ်ချိန်က အဘ၊ ခုတော့ ငပွတော့ အဖြစ်မခံပါနဲ့ ဦးခင်ညွန့်ရေ။ စိတ်ပုတီးနဲ့ ရိပ်ကြီးခိုရမယ့်အရွယ်မှာ နှုတ်စီးလို့ ငပွကြီးတော့ အဖြစ်မခံပါနဲ့ကွယ်ရို့၊ ပဏ္ဍိတက စေတနာဗရပွနဲ့ ပြောပါရစေလို့။

နောက်ကြောင်း မပြန်ရေးဆိုတာက အဘတို့ရဲ့မူဆိုတာ အခြေခံဥပဒေမှာ အထင်းသားတွေ့ရပါရဲ့။ မည်သည့် ဥပဒေမှ နောက်ကြောင်းပြန် အာဏာသက်ရောက်ပြီး အရေးယူလို့မရအောင် အခြေခံဥပဒေမှာ ကတည်းက ချည်ပြီး၊ တုတ်ပြီး ထည့်သွင်းထားတာ ပဏ္ဍိတတို့ သိပါရဲ့။

တစ်ဘ၀လုံး အမိုက်မှောင်တွေဖုံးလို့ အဘရဲ့အဘ တို့ခိုင်းသမျှ ကုန်းရုန်း လုပ်ခဲ့ရတာတောင်မှ နောင်တ မရသေးတဲ့ ဘဘဟောင်းကြီးရဲ့ မိုက်လုံးကြီးမှုကိုပဲ လေးစားရမလိုလိုပါ။

အဘဟောင်းကြီးကတော့ ထုံးစံအတိုင်းပဲ။ ဆရာဟောင်းရဲ့ မူဝါဒတွေကို ဖက်တွယ်လို့ ““မဟောင်းသေးပါဘူး … မပြောင်းသေးပါဘူး””ပဲ တွင်တွင်အော်နေဆဲပါ။

ပဏ္ဍိတတို့လည်း နောက်ကြောင်းမပြန်ချင်ပါဘူး။ သို့ပေမယ့် နောက်ကြောင်း မပြန်လို့ မရဘူးကိုး။ ဘဘ တို့က အကျင့်ဟောင်းတွေမှ မစွန့်ခဲ့တာကိုး။

ဘဘရေ ပဏ္ဍိတအကြံပေးချင်တာက ဘဘလည်း အသက်ကြီးပါပြီ။ ဦးနှောက်တွေက မှတ်နိုင်၊ ရှုနိုင်တုန်းလေး ဒေါသဖက်ပြီး ရတက်ပွေမနေပါနဲ့။

ဘဘတန်ခိုးထွားခဲ့တယ် ဆိုပေမယ့်လည်း အာဏာရှင်က မစင်စွန့်သလို ဘဘကို စွန့်ခဲ့ပြီးပါပကော။ ခုမှ ဖုတ်ဖက်ခါလို့ မစင်တွင်းဝက ထွက်ရရုံရှိသေးပါရဲ့ ဘဘရယ်၊ ဒေါသကို ထိန်းမှပေါ့။

စိတ်ချပါ၊ ဘဘတို့ကို ခုံရုံးပြန်မတင်ပါဘူး။ အဲဒီလောက်လည်း စိုးရိမ်ကြောင့်ကြ ဗျာပါဒတွေ များမနေကြ ပါနဲ့လို့။

ပဏ္ဍိတတို့က ကရုဏာဒေါသောနဲ့ တဖျစ်တောက်တောက် ပြောတတ်တာကလွဲလို့ မေတ္တာအားကောင်းလို့ ခွင့်လွှတ်တတ်ပါတယ်။

ပဏ္ဍိတ နားထောင်နေတဲ့ ထန်းရွက်ပုတီးသီချင်းကို ဆိုနေတဲ့ အငြိမ့်မင်းသမီးကတော့ ““ခရီးသွားကြတော့ သမီးရည်းစားဘ၀ ဘာလိုလိုရယ် ရင်ထဲဖိုလှိုက်နေမိတယ် … အသက်မကြီးသေးပါ မောင်ရယ် ထန်းရွက်ပုတီးလေးဆွဲဖို့ ရွှေစာရံကို အရောက်သွားစို့ကွယ်””တဲ့။

ပဏ္ဍိတကတော့ ““အဆင်းလမ်းကျတော့ ရင်ထဲ ဖိုလှိုက်ငိုမိမယ်။ အသက်ကလေး ကြီးပြီ ဘဘရယ်၊ နံ့သာပုတီး လေးဆွဲလို့ မေတ္တာဘာဝနာတွေပဲ ပွားသင့်တယ်””လို့ ဘဘကြီးအတွက် စာသားပြောင်း ဆို ပေးလိုက်ပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment