Saturday, July 4, 2015

ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ဖွဲ့စည်းပုံပြင်ရေးတို့ကို လူ့ဘောင်သစ် ပါတီမူဝါဒများအဖြစ် ဆောင်ရွက်မည်

ရန်ကုန်၊ ဇွန် ၂၉

လူ့ဘောင်သစ်ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ ခုနှစ်၊ ဇွန်လ ၃ ရက်တွင် တရားဝင် မှတ်ပုံတင် ခွင့်ပြုခဲ့သည့်အတွက် ပါတီအနေဖြင့် ရှေ့ဆက်၍ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေး၊
ဒီမိုကရေစီစနစ်အရ အတိုက်အခံစနစ် တရားဝင် ဆောင်ရွက်ခွင့် ရရှိရေး စသည့်လုပ်ငန်းစဉ်များကို ပါတီမူဝါဒအဖြစ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လူ့ဘောင်သစ် ပါတီဥက္ကဋ္ဌ ဦးဇေယျက ဇွန်လ ၂၈ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

လူ့ဘောင်သစ်ပါတီ၏ ဗဟိုကော်မတီကို ပါတီဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး လူ့ဘောင်သစ် ပါတီရုံးခန်းဖွင့်ပွဲနှင့် သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၂၈ ရက်တွင် ပြုလုပ်ခဲ့ရာ နိုင်ငံရေးပါတီများက တက်ရောက်၍ အမှတ်တရ စကားများ ပြောကြားပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) က ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ များကို လူ့ဘောင်သစ် ပါတီထံ ပေးပို့ခဲ့သည်။

““ကျွန်တော်တို့ကတော့ အားလုံးကို တစ်ပြိုင်နက် လုပ်ဆောင်သွားမှာပါ။ အဲဒီအလုပ်သမားရေး၊ လယ်သမားရေး အားလုံး အရေးကြီးပါတယ်။ အရေးကြီးတဲ့ အခါမှာလည်း ကျွန်တော်တို့ ပါတီမူဝါဒတွေနဲ့ ကျွန်တော်တို့က ရပ်တည်ချက် လုပ်ငန်းစဉ်အရ ကာကွယ် ဆောင်ရွက်သွားမှာပါ””ဟု လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌဦးဇေယျက မြန်မာသံတော်ဆင့်သို့ ပြောသည်။

လူ့ဘောင်သစ်ပါတီ၏ ဖွဲ့စည်းပုံ စည်းမျဉ်းနှင့် ပါတီမူဝါဒများ အတိုင်း ရှေ့လုပ်ငန်းစဉ်များအား ပူးပေါင်း ဆောင်ရွက်ရန် လူ့ဘောင်သစ်ပါတီဥက္ကဋ္ဌ ဦးဇေယျနှင့် မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇင်မောင်တို့က ဇွန်လ ၂၅ ရက်တွင် သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြသည်။

““ဒီတစ်ပါတီတည်း ပူးပေါင်းပြီးတော့ အဓိက လုပ်ငန်းစဉ်ကို ရွေးကောက်ပွဲ ကလည်း နီးပြီကိုး။ နောင် တစ်ချိန်မှာ အကောင်းဆုံး အတိုက်အခံအဖြစ် ရပ်တည်ဖို့က ဒေသတော်တော်များများက ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတိကို ၀ယ်နိုင်သလောက် ၀ယ်မယ်ဆိုတဲ့ မူနဲ့သဘောတူထားတာ။ အဓိကက ဒါပဲ။ နောင်တစ်ချိန်မှာ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ရပ်တည်မှု တစ်ရပ်ဖြစ်လာမှာ”” ဟု မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးဇင်မောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်တွင် ဗဟိုအလုပ်အမှုဆောင် ၈ ဦး ဖြင့် ဖွဲ့စည်းခဲ့ကြပြီး ၁၉၉၁ ဒီဇင်ဘာ ၆ ရက်တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်က လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ တရားဝင်ရပ်တည်မှုကို ပယ်ဖျက်ခဲ့သဖြင့် စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးနှိပ်စက်မှုများကြောင့် ပါတီဝင်အချို့ ထိုင်း-မြန်မာနယ်စပ်သို့ တိမ်းရှောင်ခဲ့ရပြီး ထိုင်း-မြန်မာနယ်စပ်တွင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအား တရားမ၀င် ဖွဲ့စည်းခဲ့ကာ ၂၀၁၂ ခုနှစ်တွင် အစိုးရနှင့် ညှိနှိုင်းပြီး ၂၀၁၃ ခုနှစ်တွင် ပြည်တွင်းသို့ ပြန်လည် ၀င်ရောက်ခဲ့သည်။

ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီခေါင်းဆောင်များနှင့် ပြည်တွင်း လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင်များ ညီညွတ်ရေး ဆွေးနွေးပွဲ ကို ဆွေးနွေးနေ စဉ် ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက တစ်ဖက်သတ် ဆွေးနွေးမှု ရပ်ဆိုင်းပြီး ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်သို့ မှတ်ပုံတင် လျှောက်ထားကာ တရားဝင်ပါတီအဖြစ် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။

ရည်မွန်ဖြိုး

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment