Saturday, July 4, 2015

ပိုင်နက်ကျူးလွန်မှုဖြင့် အမှုဖွင့်ခံထားရသော မဲစာရင်းကောက်ယူသူ ပါတီဝင်နှစ်ဦးအတွက် ဥပဒေအရ ရင်ဆိုင်မည်ဟု NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ကုန်၊ ဇွန် ၃၀

၂၀၁၅ ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ စာရင်းများကို သက်ဆိုင်ရာ ဒေသအလိုက် ကြေညာ ထားပြီး ဖြစ်သော်လည်း မဲစာရင်းတွင် အမည်မကျန်ခဲ့စေရန် လိုက်လံ ကောက်ခံ စစ်ဆေးလျက်ရှိသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ)၀င် နှစ်ဦးအား ပိုင်နက်ကျူးလွန်မှုဖြင့် အုပ်ချုပ်ရေး
အဖွဲ့အစည်းက တရားစွဲဆို ထားခြင်းအပေါ် ဥပဒေအရ ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၂၉ ရက်တွင် သတင်းမီဒီယာများသို့ ပြောကြားလိုက်သည်။

ယင်းနေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး မစတင်မီ သတင်းမီဒီယာများ၏ မေးမြန်းချက် အပေါ် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်ပြီး အမှုဖွင့်တရားစွဲဆို ခံထားရသူများမှာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင် ရပ်ကွက်မှ NLD ရပ်/ကျေး ဒုဥက္ကဋ္ဌ ဦးတင်ဌေးနှင့် အဖွဲ့ဝင် ဦးစိန်မြမောင်တို့ဖြစ်ပြီး ရွှေကြာပင် ရပ်ကွက် ရာအိမ်မှူး က နေပြည်တော် အမှတ်(၁) ရဲစခန်း၌ အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

““ပါတီဝင်တွေကို တရားစွဲထားတဲ့ကိစ္စ၊ အဲဒီကိစ္စက ပထမ သူတို့က လုပ်ပိုင်ခွင့်မရှိဘူးလို့ ပြောတယ်။ လုပ်ပိုင်ခွင့် မရှိဘူးဆိုတော့ ဒီဟာတော်တော် စဉ်းစားရမှာပေါ့။ ဥပဒေအရ လုပ်ပိုင်ခွင့် ရှိတယ်ဆိုတာ သေသေချာချာ ခိုင်ခိုင်မာမာ ပြောပြီးတဲ့အခါမှာ သွားတုန်းက ဘာမှမဖြစ်ဘဲနဲ့ နောက်တော့မှ ပိုင်နက်ကျူး လွန်မှု ဆိုပြီးတော့ အဲဒီလိုလုပ်တယ်။ ဒီအိမ်ထဲဝင်ဖို့ဆိုတာ အိမ်ရှင်က ၀င်ပါလို့ မပြောဘဲနဲ့ ၀င်လို့မရဘူး။ နောက်ပြီးတော့ ၀င်တုန်းကလည်း သက်သေတွေရှိတယ်။ အဲဒီအိမ်ထဲမှာ တခြားသူတွေရှိတယ်။ ဘယ်သူ တွေရှိတယ် ဘာတယ်ဆိုတာတော့ အမှုဖြစ်ရင်ရုံးမှာ ပေါ်မှာပေါ့။ ဒီဟာက သွားပြီးတော့ မလုပ်စေချင်လို့ ခြိမ်းခြောက်တဲ့ သဘောလို့ အဲဒီလို ယူဆနိုင်စရာ အကြောင်း ဖြစ်နေတာပေါ့နော်””ဟု NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

ဆက်လက်ပြီး ““နောက်တစ်ခုက ဇမ္ဗူသီရိမှာ ဒီဟာကို လုပ်ပိုင်ခွင့် မရှိသလိုလို၊ ဥပဒေနဲ့မညီသလိုလို လုပ်တာကိုး။ ဒါရှင်းရှင်းလင်းလင်း ဥပဒေနဲ့ ကိုက်ညီတယ်။ ဥပဒေအရသာ လုပ်နေတာဆိုတာလည်း အများကို သိစေချင်တယ်။ တရားရုံးမှာ ရင်ဆိုင်မှာပါ။ ဥပဒေအရ ရင်ဆိုင်မှာပေါ့။ အခုက မစွဲသေးဘူးလေ။ ရဲစခန်းကိုပဲ တိုင်ပြီးပြီ။ တရားစွဲတဲ့ အဆင့်တော့ မရောက်သေးဘူး။ တရားစွဲတဲ့ အဆင့်ရောက်ရင်လည်း တရားဥပဒေအရ ရင်ဆိုင်မှာ”” ဟုလည်း သတင်းထောက်များ၏ မေးမြန်းမှုနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားသည်။

၂၀၁၅ မဲစာရင်း မှန်ကန်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း တစ်အိမ်တက် တစ်အိမ်ဆင်း အသိပညာပေး ရှင်းလင်းမှုများကို ဇွန်လ ၂၇ ရက်နေ့က လိုက်လံ ပြုလုပ်ခဲ့သည်။

လက်ရှိတွင် မဲပေးပိုင်ခွင့်ရှိသူများ စာရင်းကို သက်ဆိုင်ရာ ဒေသ အလိုက် ဒေသဆိုင်ရာ ကော်မရှင် ရုံးခွဲများတွင် ကပ်ထားပြီဖြစ်ရာ ယခင်က ၇ ရက်သာ ကပ်ထားရန် ကြေညာထားခဲ့ရာမှ ယခုအခါ ၁၄ ရက်အထိ တိုးမြှင့် ကပ်ထားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က ရွေးကောက်ပွဲနည်း ဥပဒေအရ ပြင်ဆင် ပေးထားပြီး မဲစာရင်းများ လာရောက် ကြည့်ရှုရန်ကိုမူ အစိုးရအာဘော် သတင်းစာများကသာ လှုံ့ဆော် ရေးသားနေပြီး အစိုးရအနေဖြင့် အိမ်တိုင်ရာရောက် လှုံ့ဆော်မှုများ ပြုလုပ်ခြင်းမရှိပေ။

MH-0025

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment