Tuesday, August 26, 2014

PR စနစ်ကန့်ကွက်ကြောင်း လက်မှတ် ကောက်ခံမည်

PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ကန့်ကွက်ကြောင်း လက်မှတ်တွေကို လာမယ့် သြဂုတ်လ ၂၈ရက်နေ့မှာ စတင်ကောက်ခံသွားမယ်လို့ သိရပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ရုံးခန်းမှာ PR စနစ် ကန့်ကွက်တဲ့ လှုပ်ရှားမှုအကြောင်း ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်သူ့လှုပ်ရှားမှုမြင့်တင်ရေးကွန်ရက် တွဲဖက်တာဝန်ခံ ကိုစိုးကျော်သူက အခုလိုပြောပါတယ်။


"ကျနော်တို့တိုင်းပြည်ဟာ PR စနစ်ကိုကျင့်သုံးဖို့အတွက်ကို ဘယ်လိုမှထိုက်သင့်တဲ့အချိန်ကိုမရှိသေးဘူး၊ နောက်တစ်ချက်က ကျနော်တို့ PR စနစ်တကယ်ကျင့်သုံးမယ်ဆိုလို့ရှိရင် လွှတ်တော်ထဲမှလည်း အကွဲအပြဲပေါင်းများစွာနဲ့ ဒီအစိုးရကိုယ်တိုင်ကိုယ်ကလည်း ညွန့်ပေါင်းအစိုးရပဲ ဖြစ်လာနိုင်တယ်လို့ အခြေအနေကရှိလာတယ်၊ အဲ့ဒီတော့ ကျနော်တို့က ဒီ PR စနစ်က မြန်မာနိုင်ငံမဟုတ်တဲ့ တခြားနေရာမှာ ကောင်းရင်ကောင်းနေလိမ့်မယ်၊ ကျင့်သုံးနေတဲ့နိုင်ငံတွေလည်းရှိတယ်၊ အဲ့အတွက် ဒီစနစ်ကောင်းတယ်ဆိုးတယ်ထက် ကျနော်တို့နိုင်ငံနဲ့ မသင့်တော်သေးဘူး၊ အဲ့ဒီအတွက် ကျနော်တို့ ဒါကိုလက်မှတ်ထိုးပြီး ကန့်ကွက်မယ်လို့ နှီးနှောဖလှယ်ပွဲလုပ်တာပါ"

လာမယ့် သြဂုတ်လ ၂၈ရက်နေ့ကစပြီး သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ‘စိတ်တိုင်းကျ’ ခန်းမမှာ ကောက်ခံမှာဖြစ်ပြီး ကောက်ယူရရှိတဲ့လက်မှတ်တွေကို လာမယ့် စက်တင်ဘာလ ၁၁ ရက်နေ့မှာ စတင်ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေထံ ပေးပို့မှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လွှတ်တော်အစည်းအဝေးတွေမှာ ဆွေးနွေးခဲ့တဲ့ PR ခေါ် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲ စနစ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေက ကန့်ကွက်ခဲ့ကြပေမဲ့ အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပြီး PR စနစ် အကောင်အထည်ဖော်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ ပါတယ်။

ပြည်သူ့လွှတ်တော်မှာတော့ PR စနစ်ကျင့်သုံးဖို့အဆိုကို အတည်မပြုဘဲ ‘မြန်မာနိုင်ငံနဲ့သင့်တော်မယ့် ရွေးကောက်ပွဲစနစ်’ အကောင်အထည်ဖော်ရေးကော်မရှင်ကိုသာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
Credit - RFA 

 
 

No comments:

Post a Comment