Wednesday, August 27, 2014

ရှေ့ဖြစ်ဟောကိန်းများဖြင့် အာဏာတည်ဆောက်ကြခြင်း

၂၀၁၃ ခုနှစ်ဝန်းကျင်က မြန်မာခေါင်းဆောင်များသည် ဇီဝလောင်စာအိပ်မက်ကို အကြီးအကျယ် စိတ်ကူးယဉ်ခဲ့ကြသည်။
သမားရိုးကျ သဘာဝလောင်စာ စွမ်းအင်များဖြစ်သည့် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး စသည်တို့သည် တစ်နေ့တခြား ရှားပါးလာမည့် ပြဿနာကြောင့် တိုင်းပြည်အခက်အခဲ ကြုံတွေ့ရနိုင်ကြောင်း ခေါင်းဆောင်ကြီးများက သူတို့၏ စိုးရိမ်ပူပန်မှုကို မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့နောက် ဇီဝလောင်စာအတွက် ကြက်ဆူပင်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စိုက်ပျိုးကြရန် အနုနည်းရော အကြမ်းနည်းဖြင့်ပါ ဆောင်ရွက်ခဲ့ကြသည်။
နောင်ဆယ်နှစ်ခန့်အကြာတွင်တော့ ရွက်ကြွေနေသည့် ရိုးတံများ၊ အဆန်မအောင်သည့် အသီးများဖြင့် ကြက်ဆူပင်များက တပ်မတော်အစိုးရလက်ထက် မအောင်မြင်သည့် စီမံကိန်းတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။
ကမ္ဘာပေါ်တွင် စီးပွားရေးအရ တွက်ခြေကိုက်သဖြင့် စိုက်ပျိုးနေသည့် သီးနှံများဖြစ်သော ဆီအုန်း၊ ကြံနှင့် ပြောင်းတို့ကို လျစ်လျူရှုခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်သည့် စီမံကိန်းတွင် စီးပွားရေးအရ တွက်ခြေကိုက်မှုတွင် များစွာမအောင်မြင်သေးသော ကြက်ဆူသီးနှံကို ရွေးချယ်ခဲ့သည့် အကြောင်းရင်းကိုတော့ ဇီဝလောင်စာအိပ်မက်ကို အကြီးအကျယ် စိတ်ကူးယဉ်ခဲ့ကြသည့် ခေါင်းဆောင်ကြီးများက ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိခဲ့။
ခေါင်းဆောင်ကြီးများ ရှင်းမပြခဲ့သော်လည်း ယင်းစီမံကိန်းအကြောင်း မန္တလေးအခြေစိုက် ဗေဒင်ပညာရှင် ပရောဖက် ဒေါက်တာမြတ်သစ်က ယခုလိုပြောသည်။
‘‘စုကြည်နဲ့ ကြက်ဆူ။ ဒါက ကက်ကင်း’’
ဗေဒင်၊ အကြားအမြင်နှင့် ရှေ့ဖြစ်ဟောပြောမှုများသည် မြန်မာ့နိုင်ငံရေးလောကတွင် ခေါင်းနှင့်ပန်းကဲ့သို့ တွဲလျက်ရှိနေသည်။ ထိုအရာများသည် မြန်မာ့နိုင်ငံရေးဇာတ်လိုက်ကျော်များ ကပြနေသည့် နိုင်ငံရေးဇာတ်ခုံ၏ ကန့်လန့်ကာနောက်ကွယ်မှ အရေးပါသည့်ကိစ္စများ ဖြစ်သည်။
ယခုဆောင်းပါးအတွက် မန္တလေးနှင့် ရန်ကုန်အခြေစိုက် ဗေဒင်၊ နက္ခတ်သိပံ္ပ၊ အကြားအမြင်နှင့် ဝေဒပညာရှင်များအား 7Day News က မေးမြန်းခဲ့ရာ မြန်မာနိုင်ငံကို အုပ်ချုပ်သည့် အစိုးရထိပ်ပိုင်းခေါင်းဆောင်များသည် ဗေဒင်၊ အကြားအမြင်နှင့် ရှေ့ဖြစ်ဟောပြောမှုများကို နှစ်နှစ်ကာကာ ယုံကြည်သူများဖြစ်ကြောင်း ဖြေကြားခဲ့ကြသည်။
‘‘မြန်မာနိုင်ငံမှာ ခေါင်းဆောင်လုပ်ခဲ့ကြတဲ့သူတွေထဲမှာတော့ နက္ခတ်ဗေဒင်ကို မယုံတဲ့သူကို မတွေ့ဖူးသေးဘူး’’ဟု မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့ဥက္ကဋ္ဌ ဦးခင်အောင်ဗိုလ်က ပြောသည်။
နိုင်ငံ၏ အဆင့်မြင့်ခေါင်းဆောင်များတွင် လက်ဆွဲတော် ရှေ့ဖြစ်ဟောကြားသည့် ပညာရှင်များ ကိုယ်စီကိုယ်စီရှိကြပြီး အရေးပါလှသည့် ဆုံးဖြတ်ချက်များ၊ စီမံကိန်းများအတွက် ဒါဇင်နှင့်ချီသော ရှေ့ဖြစ်ဟောကြားသည့် ပညာရှင်များထံ ဆည်းကပ်ကြသည်။
‘‘တစ်ယောက်တည်းကို ပုံပြီးမယုံဘူး။ ဗေဒင်ဆရာအားလုံးက ဟောတာတူနေရင် အဲဒါကို ရာနှုန်းပြည့်အမှန်လို့ယူဆပြီး လိုက်လုပ်တယ်။ ဗေဒင်ဆရာတွေ ဟောတာက တစ်ယောက်နဲ့တစ်ယောက် မတူဘူးဆိုရင် အကြားအမြင်ဆရာတွေကို ထပ်မေးတယ်။ ဗေဒင်ဆရာတွေ ပြောတာကို အရန်အဖြစ်ပဲထားပြီး အကြားအမြင်ဆရာတွေ ဟောတာကိုပဲ လိုက်လုပ်တယ်’’ဟု မန္တလေးအခြေစိုက် ဗေဒင်ပညာရှင် ပရောဖက် ဒေါက်တာမြတ်သစ်က ပြောသည်။
တိုင်းပြည်ကို ၂၂ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် တပ်မတော်ခေါင်းဆောင်များသည် ခေတ်အဆက်ဆက် အစိုးရအဖွဲ့ဝင်များ ရုံးစိုက်ရာ မြို့တော်ရန်ကုန်ကို စွန့်ခွာပြီး ရန်ကုန်မြို့ မြောက်ဘက် မိုင် ၂၂၀ ခန့် ဝေးကွာသော တောတောင်ထူထပ်သည့် နေရာတစ်ခုတွင် မြို့တော်သစ် တည်ထောင်ရန် ဆုံးဖြတ်ခဲ့သည်။
နောင်ရေးဆွဲမည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံ၏မြို့တော်သစ်အဖြစ် ထည့်သွင်းမည့် နေပြည်တော် တည်ဆောက်ခြင်းသည် တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်ချက်ကြောင့် တည်ဆောက်ခဲ့ခြင်းဖြစ်သလို ဗေဒင်အလိုအရလည်း ပါဝင်ကြောင်း နေပြည်တော်စီမံကိန်းနှင့် ပတ်သက်၍ တပ်မတော်ခေါင်းဆောင်များကို ဟောပြောခဲ့ဖူးသည့် ရှေ့ဖြစ်ဟောပညာရှင်များက ဆိုသည်။
‘‘နေပြည်တော်တည်တာက ယတြာချေတာလည်း ပါတယ်။ စစ်ရေးအရလည်း ပါတယ်’’ဟု ပရောဖက် ဒေါက်တာမြတ်သစ်က ပြောသည်။
မြို့တော်သစ် တည်ထောင်ရာတွင် စစ်ရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်တို့နှင့်အတူ ဗေဒင်၊ နက္ခတ်အရ ရှေ့ဖြစ်ဟောပြောမှုများကို တန်းတူထား စဉ်းစားခဲ့ကြကြောင်း အကြံတောင်းခံခဲ့ရသည့် ရှေ့ဖြစ်ဟောပညာရှင်များက ပြောသည်။
‘‘မင်းဆက်တစ်ဆက်တည်ရင် မြို့တော်ကို အသစ်ပြောင်းရမယ်။ အလံတံခွန်ပြောင်းရမယ်။ နောက်ပြီး အခြင်အတွယ် ပြောင်းလဲသတ်မှတ်ရတယ်။ အဲဒီလို အကြံပေးမှုတွေလည်း သမိုင်းမှာရှိတယ်။ ဒါကို အကောင်အထည်ဖော်တဲ့ သဘောလည်းရှိတယ်’’ ဟု တပ်မတော်အစိုးရအရာရှိများအား အကြံပေးခဲ့ရသည့် အမည်မဖော်လိုသည့် ရှေ့ဖြစ်ဟောပညာရှင်တစ်ဦးကပြောသည်။
ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး ကြီးထွားဖွံ့ဖြိုးလာသည့် မြို့တော် ၁၀ ခု စာရင်းသတ်မှတ်ခံရသည်အထိ နိုင်ငံ၏ အကောင်းဆုံး အဆောက်အအုံများ၊ ကွန်ကရစ်လမ်းမကြီးများ၊ ခေတ်အမီဆုံးလျှပ်စစ်နှင့် ရေပေးဝေမှုများဖြင့် နေပြည်တော်ကို ရုပ်ပိုင်းဆိုင်ရာများ ဂရုတစိုက်ဖြင့် မွမ်းမံခဲ့သလို မမြင်နိုင်သည့် အမည်နာမပေးမှုများကိုလည်း အသေအချာ စီစဉ်ခဲ့ကြသည်။
‘‘နေပြည်တော်မှာ လမ်းနာမည်တွေပေးတာကအစ ဗေဒင်နည်းအရပဲ။ ကျွန်တော်ကိုယ်တိုင်ပေးခဲ့တာ’’
အချုပ်တန်းဆရာဖေ၏ မြေးလည်းဖြစ်သူ ပရောဖက် ဒေါက်တာမြတ်သစ်ကပြောသည်။
ပရောဖက် ဒေါက်တာမြတ်သစ်သည် နေပြည်တော်ရှိ လမ်း ၂၀၀ ကျော်ကို အမည်ပေးရာတွင် အဓိကနေရာမှ တွက်ချက်ပေးခဲ့သူဖြစ်ပြီး တိုင်းသူပြည်သူများအတွက် အကောင်းဆုံးဖြစ်အောင် စီမံတွက်ချက်ပေးခဲ့ကြောင်းလည်း ပြောသည်။
နေပြည်တော်တည်ထောင်ရာတွင် ဗေဒင်ကိန်းခန်းတွက်ချက်မှုများကို တပ်မတော်ခေါင်းဆောင်များ အားကိုးအားထားပြုခဲ့ကြောင်း မန္တလေးအခြေစိုက် ဝေဒပညာရှင်တစ်ဦးဖြစ်သည့် ဦးဇော်မြင့်ကပြောသည်။ နေပြည်တော်ရှိ လမ်းများအမည်ပေးရန် တပ်မတော်ခေါင်းဆောင်များသည် ၎င်းထံတွင် ပညာရပ်ပိုင်းဆိုင်ရာ အကြံဉာဏ်များ တောင်းခံခဲ့ကြောင်း ပြောသည်။
‘‘ကျွန်တော်တို့က ဉာဏ်ပူဇော်ခမရဘူး။ သူခိုင်းတာလုပ်ပေးရတယ်။ တကယ်အရေးကြီးရင် ကားနဲ့လာခေါ်တယ်။ ကျွန်တော်တို့က ကျွန်တော်တို့ပညာအရ အမှန်အတိုင်းဟောတယ်။ မဖားဘူး။ အဲဒါကြောင့်လည်း အခွင့်အရေးမရတာ’’ဟု အထက်မြန်မာပြည် ဝေဒအသင်းဥက္ကဋ္ဌလည်းဖြစ်သူ ဦးဇော်မြင့်ကပြောသည်။
ရှေ့ဖြစ်ဟောပြောမှုများကို ယုံကြည်ခဲ့သည်မှာ တပ်မတော်အစိုးရတစ်ခုတည်းတော့ မဟုတ်။ ခေတ်အဆက်ဆက် အုပ်ချုပ်သူများ၊ နိုင်ငံရေးသမားများလည်း ရှေ့ဖြစ်ဟောပြောမှုများကို ယုံကြည်သူများစာရင်းတွင် ပါဝင်ခဲ့သည်။
ရှေးမြန်မာမင်းဆက်များ ပြုလုပ်ခဲ့ကြသည့် အဆောင်အယောင်အစီအရင်များ၊ အင်္ဂလိပ်အစိုးရကို တော်လှန်ခဲ့ကြသည့် ဆရာစံ၏အစီအရင်များ၊ လွတ်လပ်ရေးရယူခဲ့ကြသည့် နေ့ရက်အချိန်အခါများ၊ တပ်မတော်အာဏာသိမ်းခဲ့သည့် နေ့ရက်အချိန်အခါများ စသည့်အရာများသည် မြန်မာအုပ်ချုပ်သူ အဆက်ဆက်၏ ရှေ့ဖြစ်ဟောပြောမှုကို အခိုင်အမာယုံကြည်ခဲ့ကြသည့် သက်သေများပင်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် နိုင်ငံတကာရေးရာ နက္ခတ်သိပံ္ပသင်တန်းကျောင်း (နက္ခတ်သိပံ္ပအဖွဲ့)၏ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုကပြောသည်။
အပြင်းအထန် ကန့်ကွက်မှုများရော အပြည့်အ၀ထောက်ခံမှုများပါ တစ်ပြိုင်တည်းခံခဲ့ရပြီး အငြင်းပွားဖွယ်ဆုံးဖြတ်ချက်များဖြင့် ဆယ်စုနှစ် နှစ်ခုကျော်ကြာ အုပ်ချုပ်ခဲ့သည့် တပ်မတော်အစိုးရ၏ ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည်လည်း အကြားအမြင်ရပုဂ္ဂိုလ်များ၏ ဟောပြောမှုကို ယုံကြည်သူဖြစ်ကြောင်း ရှေ့ဖြစ်ဟောပညာရှင်အသိုင်းအ၀ိုင်းက ပြောသည်။
‘‘တပ်ချုပ်ကြီး (ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ)ဆိုရင် အကြားအမြင်ရ သီလရှင်ကြီးကို အားကိုးတယ်။ ဒေါ်ကြိုင်ကြိုင်က အဲဒီ ဘွားသီလကြီးကို အနားခေါ်ထားတယ်။ ဦးသန်းရွှေအုပ်စုက အကြားအမြင်ဆရာကို ပိုယုံတယ်။ ဦးမောင်အေးအုပ်စုက ဗေဒင်ကိုပိုယုံတယ်’’ဟု အမည်မဖော်လိုသူ မန္တလေးအခြေစိုက်ဗေဒင် ပညာရှင်တစ်ဦးက ပြောသည်။
တပ်မတော်အစိုးရနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းတွင် စက်မှု(၁)၀န်ကြီးဟောင်းနှင့် တောင်သာအမတ် ဦးအောင်သောင်းသည် ရှေ့ဖြစ်ဟောပြောမှုကို အခိုင်အမာ ယုံကြည်သူတစ်ဦးဖြစ်ကြောင်း မန္တလေးအခြေစိုက် ရှေ့ဖြစ်ဟောပညာရှင်များကပြောသည်။ တပ်မတော်အရာရှိဟောင်းလည်းဖြစ်၊ နိုင်ငံရေးနှင့် စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်သည့် ဦးအောင်သောင်းသည် နိုင်ငံအနှံ့မှ ရှေ့ဖြစ်ဟောပညာရှင်များထံ မကြာခဏ အကြံဉာဏ်တောင်းခံလေ့ရှိကြောင်း မန္တလေးအခြေစိုက် ဗေဒင်ပညာရှင်တစ်ဦးက ပြောသည်။
တပ်မတော်အရာရှိများသည် ရှေ့ဖြစ်ဟောကြားမှုများကို ယုံကြည်ယုံသာမက ၎င်းတို့ကိုယ်တိုင် ဗေဒင်ပညာကို လေ့လာလိုက်စားကြသူများလည်းဖြစ်ကြောင်း ရှေ့ဖြစ်ဟောဆရာများကပြောသည်။
‘‘စစ်ဗိုလ်ချုပ်တွေက ဗေဒင်ပညာကိုလည်း လိုက်စားတယ်။ အခု ၀န်ကြီးတော်တော်များများ ဗေဒင်ပညာသင်ထားကြတယ်။ သူတို့ကို အပေါ်ယံလေး သွားဟောပြောလို့မရဘူး။ တကယ့်ကျမ်းကြီးပေါက်တွေမှ သူတို့မတတ်တာတွေမှ နားထောင်တယ်။ သာမန် ဂြိုဟ်စီးဂြိုဟ်နင်းလောက်တော့ သူတို့တတ်ပြီးသား’’ဟု ရှေ့ဖြစ်ဟောပညာရှင်တစ်ဦးကပြောသည်။
တပ်မတော်အစိုးရလက်ထက်တွင် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အရပ်သားအစိုးရလက်ထက်တွင် သမ္မတအဖြစ် တာဝန်ယူနေသည့် သမ္မတဦးသိန်းစိန်သည်လည်း အခြားတပ်မတော်အရာရှိများကဲ့သို့ပင် ဗေဒင်၊ နက္ခတ်နှင့် ရှေ့ဖြစ်ဟောကြားမှုများကို ယုံကြည်သက်ဝင်သည့် အလေ့အထများ တွေ့ရကြောင်း နက္ခတ်သိပံ္ပသင်တန်းကျောင်း(နက္ခတ်သိပံ္ပအဖွဲ့)၏ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုကပြောသည်။
‘‘နိုင်ငံတော်သမ္မတကြီး တာဝန်ထမ်းဆောင်တဲ့ ၂၀၁၁ မတ် ၃၀ ရဲ့ နက္ခတ်အရမ်းကောင်းထားတဲ့ နေ့လယ် ၁၁ နာရီ ၁၆ မိနစ်မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးတော့ တိုင်းပြည်ကို ဒီမိုကရေစီအစိုးရအဖြစ် အုပ်ချုပ်ခဲ့တာ တွေ့ရတယ်’’ဟု ဦးဇေယျာကိုက ပြောသည်။
ရှေ့ဖြစ်ဟောကြားမှုများကို ယုံကြည်သက်ဝင်ခြင်းမှာ အာဏာရအသိုင်းအ၀ိုင်းတွင်သာမက အတိုက်အခံနိုင်ငံရေးအင်အားစုများတွင်လည်း ခိုင်ခိုင်မာမာအမြစ်တွယ်ခဲ့သည့် အထောက်အထားများ တွေ့ရသည်။
‘‘ရှစ်လေးလုံးအရေးတော်ပုံရဲ့ လူထုဆန္ဒပြချီတက်မှုကြီးကို အဲဒီတုန်းက အချိန်နာရီတွေနဲ့ ညှိနှိုင်းတွက်ချက်ပြီး ဆောင်ရွက်ခဲ့တာ တွေ့ရတယ်’’ဟု ဦးဇေယျာကိုကပြောသည်။
၁၉၈၈ အရေးတော်ပုံအလွန်တွင် ထိန်းသိမ်းခံခဲ့ရသည့် တော်လှန်ပုန်ကန်သူများအကြား၌လည်း ဂမ္ဘီရပညာရှင် မင်းသိင်္ခသည် လွန်စွာစန်းပွင့်ခဲ့သူဖြစ်သည်။ အကျဉ်းချခံထားရသူများက ၎င်းတို့ ဘယ်နေ့၊ ဘယ်ရက် လွတ်မြောက်မည်ကို အကျဉ်းထောင်အတွင်း ဂမ္ဘီရပညာရှင် မင်းသိင်္ခအား မကြာခဏ တွက်ချက်ခိုင်းခဲ့ကြသည်။
မကြာသေးမီကာလအတွင်းကလည်း မြန်မာတိုင်းမ်ဂျာနယ်တွင် ဆောင်းပါးရှင်မောင်သွေးသစ်က ‘‘ရှစ်လေးလုံး(၂၆)နှစ် နှစ်ပတ်လည်နှင့် ဆရာမင်းသိင်္ခဟောကိန်း’’အမည်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပြီး ၂၀၁၅ ဒီဇင်ဘာ ၂၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကို အုပ်ချုပ်ခွင့်ရရှိမည်ဟု မင်းသိင်္ခ၏ အင်းစိန်ထောင်တွင်း ဟောပြောမှုများကို ကိုးကားပြီး ရေးသားခဲ့သည်။
အုပ်ချုပ်သူများအကြား ရှေ့ဖြစ်ဟောပြောမှုများကို သက်ဝင်ယုံကြည်မှုဓလေ့သည် တစ်ခါတစ်ရံတွင် ရူးနှမ်းနှမ်းနိုင်သည့် အခြေအနေအထိ ဖြစ်ခဲ့သည်။ သာဓကအားဖြင့် မြန်မာ့သမိုင်းတွင် အကြီးကျယ်ဆုံးသော သဘာဝဘေးအန္တရာယ်ဖြစ်သည့် နာဂစ်မုန်တိုင်းကဲ့သို့သော ဘေးအန္တရာယ်မျိုးတွင် မိုးလေ၀သပညာရှင်များထံမှ အကြံဉာဏ်ရယူခြင်းထက် ရှေ့ဖြစ်ဟောပညာရှင်များထံမှ အကြံဉာဏ်ရယူခြင်းကို ပိုမိုအလေးထားခဲ့ကြသည့် လုပ်ရပ်မျိုး ဖြစ်သည်။
‘‘ရခိုင်ကမ်းရိုးတန်းမှာ တူးဖော်မယ့် ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေရမလားဆိုတာ ကျွန်တော်တို့ကို မေးတယ်။ ကျွန်တော်တို့က ရမယ်လို့ဟောတယ်။ သူတို့ကတော့ ဆင်းရမယ့်အချိန် ကျမယ့်အချိန်တွေကို ဗေဒင်နည်းနဲ့ တွက်ချက်ပြီး အားလုံးကို Plan ဆွဲပြီး လုပ်သွားတာပဲ’’ဟု ရှေ့ဖြစ်ဟောပညာရှင်တစ်ဦးက စီမံကိန်းများတွင်လည်း ၎င်းတို့ထံမှ အကြံဉာဏ်ရယူသည့်ပုံစံကို ပြောသည်။
မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် ကပြနေခဲ့ကြသည့် နိုင်ငံရေးဇာတ်ဆောင်များသည် ၂၀၁၅ တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အနိုင်ရရေးအတွက် အားခဲလုပ်ဆောင်လျက်ရှိသည်။
အများပြည်သူမြင်တွေ့နေရသည့် ဇာတ်ခုံပေါ်တွင်မူ ပါတီများအကြား အပြိုင်အဆိုင် ကတိက၀တ်များပေးခြင်း၊ လူပုဂ္ဂိုလ်ရေးဆိုင်ရာ ယှဉ်ပြိုင်မှုများနှင့် စုဝေးဟောပြောခြင်းများ ပြုလုပ်ကြမည်ဖြစ်သည်။ မည်သည့်ပါတီက မည်သည့်ကတိက၀တ်များ ပေးမည်မှာ မသေချာသော်လည်း ကန့်လန့်ကာနောက်ကွယ်တွင်တော့ သေချာပေါက် သူတို့လုပ်ဆောင်ကြမည့် အရာတစ်ခုတော့ ရှိသည်။ ထိုအရာကတော့ အစဉ်အလာများအတိုင်း ရှေ့ဖြစ်ဟောဆရာများဆီ ချီတက်မည့်ခရီးဖြစ်သည်။             ။
Credit - 7DAY DAILY 

No comments:

Post a Comment