By နေလင်းထွန်း On Sun, 2014-08-24 16:28 Location ရန်ကုန် Issue No.
ဗြိတိန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုဌာန(DEFID) က မြန်မာနိုင်ငံ၏ ၂၀၁၅
ရွေးကောက်ပွဲအတွက် ပေါင်လေးသန်းကျော် ကူညီထောက်ပံ့မှုအစီအစဉ်များ
ဆောင်ရွက်ရန် ရည်မှန်းထားကြောင်း တာဝန်ရှိသူများကပြောသည်။
နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသော ရွေးကောက်ပွဲတစ်ခု ဖြစ်လာစေရန် ရွေးကောက်ပွဲကော်မရှင်၊ အရပ်ဘက်လူ့အဖွဲ့ အစည်းများနှင့် ပြည်သူများအတွက်
ပံ့ပိုးကူညီမှုအစီအစဉ်များ ဆောင်ရွက်နေကြောင်း မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုဌာန အကြီးအကဲကဆိုသည်။
‘‘ရွေးကောက်ပွဲဆိုင်ရာ နည်းစနစ်တွေနဲ့ ပတ်သက်ပြီး ပံ့ပိုးကူညီဆောင်ရွက်နေပါတယ်။ အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲအ တွက်ပါ။ နောက်တစ်ခုက အရပ် ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ လူထုက စောင့်ကြည့်လေ့လာမှု အစီအစဉ်တွေလုပ်လာနိုင်အောင်၊ ဒီမိုကရေစီနည်းကျ ဘယ်လိုမဲပေးကြမယ်ဆိုတာ ပညာပေးတဲ့အစီအစဉ်တွေမှာ ပံ့ပိုးကူညီမှုတွေ ဆောင်ရွက်နေပါတယ်’’ဟု မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ ဂတ်ဗင်မဂီလီဗရေက ပြောသည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့်၂၀၁၅ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ရွေးကောက်ပွဲ တရားမျှတမှုရှိစေရေး စောင့်ကြည့်လေ့လာမှုစွမ်းရည်များမြင့် တက်လာစေရန် အဓိကပံ့ပိုးကူညီနေကြောင်း အထက်ပါပုဂ္ဂိုလ်ကဆိုသည်။
‘‘အဓိကပံ့ပိုးပေးနေတာက တော့ အရပ်ဘက်အဖွဲ့အစည်း တွေနဲ့ ရပ်ရွာလူထုတွေအနေနဲ့ ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာနိုင်တဲ့ စွမ်းဆောင်ရည် တွေရှိလာအောင်နဲ့ မဲပေးသူ ပညာပေးရေးအစီအစဉ်တွေထိရောက်စွာ လုပ်ဆောင်လာနိုင်အောင် စွမ်းဆောင်ရည်မြှင့်ပေး တာဖြစ်ပါတယ်’’ဟု မစ္စတာ ဂတ်ဗင်မဂီလီဗရေကပြောသည်။
၂၀၁၅ ရွေးကောက်ပွဲသည် နှစ်ပေါင်း ၅၀ အတွင်း တရား မျှတသော ရွေးကောက်ပွဲတစ်ခု ဖြစ်လာရန် အခွင့်အလမ်းရှိနေ သလို စွန့်စားရမှုများလည်းရှိနေ နိုင်ကြောင်း၊ ဗြိတိန်နိုင်ငံအနေဖြင့် စွန့်စားရမှုများအား မည်သို့ကိုင် တွယ်ဆောင်ရွက်ရမည်ကို နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ဆွေး နွေးညှိနှိုင်းနေကြောင်း ၎င်းကဆို သည်။
ဗြိတိန်နိုင်ငံသည် လာမည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံ၏ ရွေး ကောက်ပွဲအပါအ၀င် လွှတ်တော် ကဏ္ဍများအတွက် ပေါင် ၂၅ သန်း(ကန်ဒေါ်လာသန်း ၄၀ခန့်) ပံ့ပိုးကူညီရန် ရည်ရွယ်ထားပြီး လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပေါင် သုံးသန်းမှ လေးသန်း အထိ ကူညီထောက်ပံ့မှုအစီအစဉ်များ ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း သတင်းထောက်များက ပြောသည်။

Credit - 7DAY DAILY
No comments:
Post a Comment