Monday, August 25, 2014

အမျိုးသားပညာရေး ဥပဒေမူကြမ်း ပြန်လည်ရေးဆွဲပေးရန် တက္ကသိုလ်ကျောင်းသားများ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်

မုံရွာ၊ သြဂုတ်၂၄

မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်ပေါင်းစုံမှ တက္ကသိုလ်ကျောင်းသားဦးရေ တစ်ရာခန့်သည် အမျိုးသားပညာရေး ဥပဒေမူကြမ်း ပြန်လည်ရေးဆွဲပေးရန် အတွက် မုံရွာမြို့ပေါ်တွင် သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်း ၃ နာရီခန့် အချိန်တွင် စီးပွားရေးတက္ကသိုလ်အနီး ဇလုပ်ရွာမှ စတင်ထွက်ခွာပြီး ကျောက္ကာလမ်းမကြီး တစ်လျှောက် ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက ပြောကြားသည်။


လက်ရှိ ဆန္ဒထုတ်ဖော်မှုသည် မုံရွာမြို့ပေါ်တွင် ပညာရေးနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်မှု ဖြစ်ခဲ့ပြီး ဆန္ဒထုတ်ဖော်သည့် ကျောင်းသူ၊ ကျောင်းသားများက အမျိုးသားပညာရေး ဥပဒေမူကြမ်း ပြန်လည်ရေးဆွဲရေး၊ ပညာရေးဥပဒေ ရေးဆွဲရာတွင် အားလုံး ပါဝင်နိုင်ရေးနှင့် ကျောင်းသားထု အခွင့်အရေး အပြည့်အဝ ရရှိရေး စသည့် အချက်သုံးချက်အား တောင်းဆိုခဲ့ကြကြောင်း ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် မုံရွာတက္ကသိုလ်မှ ကျောင်းသားတစ်ဦးက ပြောကြားသည်။

"လက်ရှိ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ဘာကြောင့် ကန့်ကွက်ရတာလဲ ဆိုရင် ရေးဆွဲခဲ့စဉ်က ကျောင်းသားမပါဘူး၊ ဆရာကိုယ်စားလှယ် မပါဘူး၊ တိုင်းရင်းသား ပညာရှင်တွေ မပါဘူး အဲဒါတွေကြောင့် ဒီဥပဒေမူကြမ်းကို စပြီး ကန့်ကွက်တာပါ။ ဒီဥပဒေကြမ်းမှာ အမျိုးသားပညာရေး ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေက အရမ်းများနေတယ်၊ အဲဒါတွေကြောင့်လည်း ကျွန်တော်တို့ ကန့်ကွက်တာပါ" ဟု မုံရွာခရိုင် ကျောင်းသားသမဂ္ဂ ဗကသများအဖွဲ့ချုပ်မှ ကိုဟိန်းဇော်ဝင်းက ပြောကြားသည်။

ဆန္ဒထုတ်ဖော်ပွဲအား တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား အသင်းအဖွဲ့များ အားလုံးစုပေါင်းပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အမျိုးသားပညာရေး ဥပဒေမူကြမ်းတွင် ဗဟိုချုပ်ကိုင်သူများ တွေ့ရှိနေရသည်၊ ဥပဒေမူကြမ်းတွင် တိုင်းရင်းသားများ၏ အခွင့်အရေးဖြစ်သော တိုင်းရင်းသားစာပေ သင်ကြားခွင့် မပါရှိကြောင်း တွေ့ရှိရသည်၊ မူကြမ်းရေးဆွဲရာတွင် ကျောင်းသား၊ ဆရာ၊ မိဘပြည်သူ၊ ပညာရှင်နှင့် အစိုးရအားလုံး တန်းတူညီမျှ ပါဝင်ရေးဆွဲထားခြင်း မရှိဘဲ တစ်ဖက်သတ် ရေးဆွဲထားသည် စသည့် အချက်များကြောင့် အမျိုးသားပညာရေး ဥပဒေမူကြမ်းကို အားလုံးပါဝင်ပြီး အသစ်ပြန်လည် ရေးဆွဲရန် ပြင်းပြင်းထန်ထန် တောင်းဆိုသည် ဟူသည့် အချက်များကို ဖော်ပြထားသည့် စာရွက်များကို ကျောင်းသားများက ကျောက္ကာလမ်းတစ်လျှောက် ဝေငှခဲ့ကြသည်။

ဆန္ဒထုတ်ဖော်မှုအား မုံရွာမြို့အဝင် ဇလုပ်ကျေးရွာမှ စတင်ခဲ့ပြီး ကျောက္ကာလမ်းအတိုင်း မုံရွာစီးပွားရေးတက္ကသိုလ် မုံရွာတက္ကသိုလ်တို့အား ဖြတ်သန်းပြီး ကျောက္ကာလမ်းမှ ပေ ၈၀ လမ်းမသို့ ကွေ့ကာ မုံရွာတက္ကသိုလ်ဘက်သို့ ပြန်သွားပြီး ဆန္ဒထုတ်ဖော်မှု ပြီးဆုံးခဲ့ကြောင်း သိရသည်။

Credit - The Voice Weekly 

 

No comments:

Post a Comment