ရန်ကုန်၊ သြဂုတ် ၂၂
လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့်
ရွေးကောက်ပွဲအတွက် အရပ်ဘက် အဖွဲ့အစည်းနှင့် ရပ်ရွာလူထုများ ပါဝင်သော
လေ့လာစောင့်ကြည့်ရေး အဖွဲ့များ ပေါ်ပေါက်လာရန် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်
နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနက ရန်ပုံငွေနှင့် နည်းပညာ ပံ့ပိုးပေးမည်
ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ DFID ဒုတိယအကြီးအကဲ Mr.Peter McDermott က
ပြောကြားသည်။
ဗြိတိန်အစိုးရ အနေနှင့် လာမည့် ရွေးကောက်ပွဲအတွက်
ရန်ပုံငွေများကို သက်ဆိုင်ရာ ကော်မတီများထံ ပံ့ပိုးသွားရန် စီစဉ်ထားပြီး
နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသော ရွေးကောက်ပွဲ ဖြစ်စေရန် နိုင်ငံတကာ
အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လေ့လာစောင့်ကြည့်မည် ဖြစ်ကြောင်း ၎င်းက
ဆက်လက်ပြောကြားသည်။
ယင်းအပြင် ရွေးကောက်ပွဲ ကာလအတွင်း ဖြစ်ပေါ်လာမည့်
ပြည်တွင်းအရေးကိစ္စများနှင့် စိန်ခေါ်မှုများကို ညှိနှိုင်းဖြေရှင်းရေး
နည်းလမ်းများကို ကြိုတင် စီစဉ်ထားမည် ဖြစ်ပြီး ကချင်ပြည်နယ်နှင့်
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများက ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့်
ရွေးကောက်ပွဲအတွက် အန္တရာယ်ရှိနိုင်ကြောင်း Mr.Peter McDermott က
သုံးသပ်သည်။
“မြန်မာနိုင်ငံက နှစ် ၅၀ အတွင်းမှာ ခိုင်မာတဲ့၊
ယုံကြည်အားကိုးထိုက်တဲ့ ရွေးကောက်ပွဲကြီး ဖြစ်ဖို့ အလားအလာကောင်းတွေ
ရှိပါတယ်။ တကယ့်ကို အခွင့်အရေးကြီးပဲ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန (DFID) ၏
ကွင်းဆင်း လေ့လာချက်များအရ မြန်မာနိုင်ငံသားများအတွက် ရွေးကောက်ပွဲ ပညာရေး
အစီအစဉ်များ အမြောက်အမြား လိုအပ်နေသေးကြောင်း တွေ့ရှိခဲ့ခြင်းကြောင့်
အဆိုပါစီမံချက်ကို အကောင်အထည်ဖော်ရန် စတင်ခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော်
လတ်တလော ကာလအထိ ရွေးကောက်ပွဲ ကော်မရှင်ထံ ရန်ပုံငွေထောက်ပံ့မှု
မပေးထားသေးကြောင်း DFID ရုံးက စုံစမ်းသိရှိရသည်။
“ရွေးကောက်ပွဲ
ပညာပေးက အရေးကြီးသလိုပဲ။ ရွေးကောက်ပွဲရဲ့ သတင်းအချက်တွေကလည်း
အရေးကြီးတယ်။ ရွေးကောက်ပွဲက ဘယ်လိုလည်ပတ်လဲ ဆိုတာ သိဖို့လိုတယ်” ဟု
မြန်မာနိုင်ငံဆိုင်ရာ DFID အကြီးအကဲ Mr.Gavin McGillivray က အကြံပေးသည်။
ဗြိတိန်အစိုးရအနေနှင့် ၂၀၁၅ ရွေးကောက်ပွဲမှစ၍ ရေရှည်စီမံကိန်းများနှင့်
အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် ကူညီမည်ဖြစ်ကြောင်း Mr. Peter
McDermott က ဆိုသည်။
ဗြိတိန်နိုင်ငံနည်းတူ အမေရိကန် အစိုးရကလည်း
လာမည့် ရွေးကောက်ပွဲအတွက် တရားမျှတမှုရှိပြီး ပွင့်လင်းမြင်သာမှု ရှိသော
ရွေးကောက်ပွဲ ဖြစ်လာရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ
လာရောက်စဉ်က တိုက်တွန်း ပြောကြားထားသည်။
Credit - The Voice Weekly
No comments:
Post a Comment