Saturday, August 30, 2014

သွားကြားထိုးတံ ရှာတော်ပုံ

(ဆောင်းပါးရှင် - ရွှေဒါးမောင်လေးရည်)

ယခု ဘဏ္ဍာနှစ်ဆန်းမှစ၍ နိုင်ငံခြားသို့ သစ်အလုံးလိုက် တင်ပို့ခြင်းကို ရပ်ဆိုင်းခဲ့ပြီးဖြစ်သည်။ တင်ပို့ခွင့် နောက်ဆုံးရက်အထိ ဆိပ်ကမ်းသို့ရောက်ရှိပြီး သစ်လုံးတင်ကားများ ကျန်ရှိနေတာလည်း တွေ့ခဲ့ရပေသည်။ မြန်မာ့မြေပုံပေါ်မှ သစ်တောဧရိယာများမှာ ကွင်းပြောင်ကြီးများအဖြစ် ပြောင်းလဲသွားခဲ့ရပုံများကိုလည်း အားလုံးအသိပင်။ ဒီကနေ့ကာလ၌ သစ်တောကဏ္ဍနှင့်ပတ်သက်ပြီး နားထဲသို့ တိုးဝင်လျက်ရှိသည့် အသံဗလံများက

စိတ်ပျက်အားလျော့ဖွယ်များ သာဖြစ်သည်။ ၁၉၇၅ ခုနှစ်ကာလဆီက မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းဧရိယာမှာ ၇၅ ရာခိုင်နှုန်းရှိခဲ့ရာမှ လက်ရှိအချိန်တွင် ၁၉ ရာခိုင်နှုန်းမျှသာ ကျန်တော့ကြောင်းလည်း သိရပေသည်။ အခုတော့ ခုတ်စရာသစ်တောများလည်း မကျန်တော့သလောက် ဖြစ်ခဲ့ရပါသည်။ ဒီတော့မှပင် သစ်အလုံးလိုက် နိုင်ငံခြားသို့ တင်ပို့မှုသည်လည်း ရပ်တန့်ရပေတော့သည်။

ဆရာလူထုစိန်ဝင်း သက်ရှိထင်ရှားရှိစဉ်က ပြောခဲ့သည့် နှုတ်ထွက်စကားတစ်ခွန်းကို ကြားယောင်နေမိရသည်။ “အပြစ်တင်ရမှာက ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံနဲ့လူမျိုးကို လက်ညှိုးထိုးရောင်းစားနေတဲ့ လက်တစ်ဆုပ်စာ လူတစ်စုဖြစ်တယ်။ သူတို့က သူတို့ကောင်းစားဖို့အတွက်ဆိုရင် မာရ်နတ်ကိုတောင် ခြေထောက်ပြေးဖက်မယ့်သူတွေ ဖြစ်တယ်။ ကြပ်ကြပ်သတိထားကြပါလို့ ပြောလိုက်ချင်တယ်။”

ယခုလည်း သတင်းစာမျက်နှာပြင်ပေါ်မှ သတင်းခေါင်းစီးနှစ်ခုက မြန်မာနိုင်ငံ၏ သစ်မှောင်ခိုကိစ္စများ ကိုင်တွယ်ဖြေရှင်းလျက်ရှိသည့် ၀န်ကြီးဌာနနှင့် နိုင်ငံတော် တာဝန်ရှိသူများအပေါ် ဘယ်နည်းဘယ်ပုံ ကိုင်တွယ်ဆောင်ရွက်နေပါသနည်းဟု မေးခွန်းထုတ်သည်တို့ ရှိပေသည်။ ‘လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းက တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံအတွင်း အဖိုးတန်သစ်ခိုးထုတ်မှု ပြုလုပ်နေပြီး ယခုဘဏ္ဍာနှစ် လေးလအတွင်း ဖမ်းဆီးရမိခဲ့သော မှောင်ခိုသစ်တန်ချိန် နှစ်သောင်းကျော်ရှိလာ’။ ‘ဆယ်နှစ်အတွင်း သစ်မှောင်ခိုတန်ချိန် သန်းချီရှိနိုင်ပြီး ယခုနှစ်ပိုင်းများအတွင်း သစ်မှောင်ခိုမှု ပြန်လည်မြင့်တက်နေ’ ခေါင်းစဉ်များဖြင့် မြန်မာ့အဖိုးတန်သစ်ဖြစ်သည့် တမလန်းသစ်များ တရုတ်နိုင်ငံဘက်သို့ ခိုးထုတ်မှုများရှိနေပြီး ပထမလေးလပတ် အတွင်း၌ပင် တန်ချိန် ၅၀၀၀ ခန့် ဖမ်းဆီးရမိကြောင်း၊ ကျွန်း၊ ပျဉ်းကတိုး၊ သစ်ရာ၊ အင်ကြင်းတန် ရာဂဏန်းမှ ထောင်ဂဏန်းထိရှိကြောင်းလည်း သိရသည်။ မှောင်ခိုသမား တရုတ်လူမျိုး ၁၀၀ ခန့် ဖမ်းဆီးရမိပြီး ထိရောက်သည့်ပြစ်ဒဏ်များ ချမှတ်နိုင်မှု မရှိကြောင်းနှင့် ပြစ်ဒဏ်မကာမိမှုများကြောင့်သာ အတင့်ရဲလာခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိနိုင်ပေသည်။

ဆက်လက်ပြီး သစ်တောဝန်ထမ်းတစ်ဦး၏ ပြောကြားချက်၌ လွန်ခဲ့သည့် ၁၀ နှစ်ဝန်းကျင်ကာလမှ ယနေ့အထိ ဖမ်းဆီးရမိသည့် သစ်တန်ချိန်မှာ သိန်းဂဏန်းသာ ရှိသော်လည်း အမှန်တကယ် ကိန်းဂဏန်းများက သန်းနှင့်ချီပြီး ရှိနိုင်ကြောင်းလည်း ပြောကြားခဲ့ပါသည်။ တွေ့ရှိရသည့် အားနည်းချက်များမှာ စီမံချက်ချ၍ ဖမ်းဆီးမှုများ မဆောင်ရွက်နိုင်ခြင်းနှင့် ရှောင်တခင်စစ်ဆေးရသဖြင့် လမ်းပိတ်ဆို့မှု အခက်အခဲများနှင့် စေ့စပ်သေချာစွာ စစ်ဆေးအရေးမယူနိုင်မှု အခက်အခဲများကိုလည်း တွေ့ရှိရပေသည်။ အရေးပေါ်စီမံချက်များ ချမှတ်၍ ဖမ်းဆီးအရေးယူရန် လိုအပ်နေကြောင်းများလည်း တွေ့မြင်နိုင်ပေသည်။ ၁၀ နှစ်တာကာလအတွင်း ဖမ်းဆီးရမိမှုစာရင်း၌ မှောင်ခိုသစ်တန်ချိန် ၄၂၈၂၁၂ တန် ဖမ်းမိခဲ့ပြီး ကျွန်းတန်ချိန် တစ်သိန်းခုနစ်သောင်းကျော်နှင့် အဖိုးတန်သစ်မာတန်ချိန် သောင်းဂဏန်းပါဝင်ကြောင်း သိရသည်။ ပြစ်ဒဏ်ချမှတ်ရာ၌ တရုတ်နိုင်ငံသား ၁၀၀ ခန့် ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေအရ ငွေဒဏ်ချမှတ်ခြင်းနှင့် ပြည်နှင်ဒဏ်သာပေး၍ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရပေသည်။ ပြည်တွင်းခရီးစဉ်များအတွင်း လမ်းဘေးသစ်တော ဧရိယာများ၌ သစ်တစ်ပင်ခုတ် ထောင်ဒဏ်သုံးနှစ်ဆိုသည့် ကြေညာချက်များက ကျွန်တော်တို့ မြန်မာနိုင်ငံသားများအတွက်သာ အကျုံးဝင်ပါသလား။ ယခုဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား မှောင်ခိုသမားများပေါ် သက်ရောက်မှု မရှိနိုင်ဘူးလားဟူ၍ မေးခဲ့သော် အဘယ်သို့ဖြေမည်နည်း။

‘တရားဥပဒေစိုးမိုးသည့် လူ့အသိုင်းအ၀ိုင်းကို ထူထောင်ရန်နှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရန် များစွာအရေးကြီးကြောင်း၊ ဥပဒေများကို ခေတ်နှင့်လျော်ညီအောင် ပြုပြင်ရေးဆွဲသင့်ကြောင်း၊ လွတ်လပ်၍ သန့်ရှင်းစင်ကြယ်ပြီး တရားဥပဒေစိုးမိုးသည့် ဒီမိုကရက်တစ် အသိုက်အ၀န်းထူထောင်ရန် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း’ ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ထွက်စကားများကို ကြားသိခဲ့ရပေသည်။ ဥရောပသမဂ္ဂနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ ပူးပေါင်းပြုလုပ်သည့် ‘တရားဥပဒေစိုးမိုးရေး မျှော်လင့်ချက်များနှင့် အလားအလာများ’ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းပါပေ။ ဒီနေရာ၌ ကျွန်တော်တို့ မကြာခဏဆိုသလို နားသောတဆင်နေရသည့် စကားတစ်ခွန်းကိုလည်း သတိရမိပါသည်။ ခေတ်နှင့်မလျော်တော့သည့် ဥပဒေများကို ပယ်ဖျက်ခြင်းပြု၍ လိုအပ်နေသည့် ဥပဒေအသစ်များကိုလည်း ပြဋ္ဌာန်းအတည်ပြုရေးဆိုသည့် အသံပင် ဖြစ်ပါသည်။

စောစောပိုင်းက အကြောင်းခြင်းရာများကို ပြန်၍အစကောက်ပါမည်။ နိုင်ငံသားတစ်ဦး သစ်တစ်ပင်ခုတ်လျှင် ထောင်ဒဏ်သုံးနှစ် ကျခံရမည်ဟု အကြမ်းဖျင်း နားလည်လက်ခံထားကြပါသည်။ သို့ဖြစ်ပါလျက် နိုင်ငံရပ်ခြားမှ တရားမ၀င် ၀င်ရောက်ကျူးကျော်လျက် နိုင်ငံပိုင် သစ်တောသယံဇာတများကို ပြောင်ပြောင်တင်းတင်း ခိုးယူကြောင်း တွေ့ရှိပါလျက် ဒဏ်ငွေတပ်ရိုက်ခြင်း၊ နယ်နှင်ခြင်းပြစ်ဒဏ်များဖြင့်သာ စီရင်ဆုံးဖြတ်နေခြင်းမှာ တရားဥပဒေပိုင်း၏ အားနည်းချက် မရှိပြီလောဟု မေးလိုပါသည်။ ထပ်ဆင့်၍လည်း ဥပဒေသစ်များ ရေးဆွဲအတည်ပြုရန် မလိုပေဘူးလားဟု မေးလိုပါသည်။ တရားဥပဒေ၌ သူ့နိုင်ငံသား ကိုယ့်နိုင်ငံသား ခွဲခြားရန် အကြောင်းမရှိဟူ၍ နားလည်မိပေသည်။ ခုတော့ ထိရောက်ဟန့်တားနိုင်လောက်သည့် ပြစ်ဒဏ်များဖြင့် အရေးယူနိုင်ခြင်း မရှိ၍သာ ယခုကဲ့သို့ မိမိတို့ပိုင်နက် နယ်မြေအတွင်းသို့ အဆီးအတားမဲ့ ၀င်ရောက်ကာ ထိုကဲ့သို့သော သစ်ခိုးထုတ်ခြင်း ကိစ္စများကို အလွယ်တကူ ကျူးကျော်နေကြခြင်း ဖြစ်ပါသည်။ ယခင်နှစ်မကုန်မီ ကာလများဆီကပင် တစ်နေ့တစ်နေ့ သစ်လုံးတင်ကား အစီးရေ ၂၀၀ ၀န်းကျင်ခန့် မြန်မာနိုင်ငံအတွင်းမှသည် တစ်ဖက်နိုင်ငံအတွင်းသို့ ၀င်ရောက်ကူးသန်းသွားပုံများ ဂျာနယ်စာမျက်နှာပေါ်၌ မမြင်လိုအဆုံး ဖြစ်ခဲ့ရသည်။

အခုတော့ ကျွန်တော်တို့ မြေမျက်နှာပြင်ထက်က သစ်တောသစ်ပင်များလည်း ကုန်သလောက်ရှိခဲ့ပါပြီ။ ဒီအချိန်ထိ သစ်ခိုးထုတ်ကာ စီးပွားဖြစ်ထွန်းလျက်ရှိကြသည့် ၀ိသမလောဘသားများနှင့် နိုင်ငံခြားသား သစ်သူခိုးများအပေါ် ထိရောက်ဟန့်တားနိုင်လောက်သည့် ဥပဒေများ ချမှတ်အတည်ပြုလျက် အရေးယူမှုများ ပြုသင့်မည်ဖြစ်ကြောင်း ထပ်လောင်းဆိုချင်ပါသည်။ ပြစ်မှုနှင့်ပြစ်ဒဏ် မမျှမတ ဥပဒေများ ဆက်လက်တည်တံ့နေခြင်း၊ ဥပဒေသစ်များဖြင့် အစားမထိုးနိုင်သမျှ လက်ကျန်သစ်တော ဧရိယာကလေးသည်လည်း အချိန်တိုအတွင်းမှာပင် ကန္တာရလွင်ပြင်အဖြစ် ပြောင်းလဲသွားရပေလိမ့်မည်။ ဒီအခါ သစ်ဟူသော သယံဇာတ ပစ္စည်းသည်လည်း သွားကြားထိုးတံမျှပင် ရှာဖွေမရနိုင်သည့် ရှားပါးပစ္စည်းတစ်ခုအဖြစ် မြန်မာ့မြေပေါ်မှ ငုပ်လျှိုးပျောက်ကွယ်သွားဖွယ်ရာ ရှိပေတော့သည်။

Credit - Eleven Media Group
 
(ကယားပြည်နယ်အတွင်း ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းက ဖမ်းဆီးရမိသော သစ်လုံးများနှင့် သစ်လုံးတင်ယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း))

 
 

No comments:

Post a Comment