ဝင်ငွေရလမ်းမပြနိုင်သည့် ငွေများအား ၀င်ငွေခွန်ဥပဒေအရ စည်းကြပ်မှုမှ လွတ်ကင်းနေသောငွေအဖြစ် ရာခိုင်နှုန်း ၃၀ အခွန်ကောက်ခံနေခြင်းမှာ
ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ဆန့်ကျင်နေပြီး ကြီးမားသည့်ပြဿနာဟု
တာဝန်ရှိသူ ပြောကြား
ငွေကြေးခဝါချမှုများအား တိုက်ဖျက်ရန်
ကြိုးပမ်းလာချိန်တွင် ငွေမည်းခဝါချမှုများ၏ အဓိကခဝါချရာနေရာဖြစ်လာနေသည့်
အိမ်၊ ခြံ၊ မြေ ဝယ်ယူမှုများ၌ ဝင်ငွေရလမ်းမဖော်ပြနိုင်သည့်
ဝင်ငွေများအား
စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအဖြစ် ၃ဝ ရာခိုင်နှုန်း
အခွန်ကောက်ခံနေခြင်းမှာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် ကွဲလွဲနေပြီး
နိုင်ငံတကာဥပဒေပညာရှင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှလည်း
ကြီးမားသည့်ပြဿနာအဖြစ် ထောက်ပြနေကြောင်း
ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး
ရဲမှူးကြီးဦးကျော်ဝင်းသိန်းက Eleven Media Group ၏ မေးမြန်းမှုကို
ဖြေကြားသည်။ “ ဒါကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် အတော်လေးကို
ကြီးမားတဲ့ပြဿနာ ပါပဲ။ နိုင်ငံတကာရဲ့ ဥပဒေပညာရှင်တွေကလည်း ဒီ Clause ကို
ထောက်နေတာရှိတယ်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့
အခြားအဖွဲ့တွေကလည်း ဒါကိုပဲ ထောက်ပြနေပါတယ်။ အဲ့ဒါကိုလည်း ပြန်ပြီးတော့
ညှိဖို့ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ငွေကြေးခဝါချမှု
တိုက်ဖျက်ရေးဥပဒေကလည်း Special Law ပါ။ အားလုံးကို လွှမ်းမိုးနိုင်ပါတယ်။
ဥပဒေထဲမှာလည်းပါ ပါတယ်။ ငွေတစ်ခုဟာ ဘယ်ကရသလည်းဆိုတာ စစ်ဆေးခံရသူဘက်က
ဖြေရှင်းရမဲ့တာဝန်လည်း ဖြစ်ပါတယ်” ရဲမှူးကြီးကျော် ဝင်းသိန်းက ဆိုသည်။
၁၉၇၄ ခုနှစ်တွင် ပြဌာန်းခဲ့သော ဝင်ငွေခွန်ဥပဒေအရ “ဝင်ငွေရလမ်း
မဖော်ပြနိုင်သည့်ဝင်ငွေ” အဖြစ် ဝင်ငွေရလမ်းမဖော်ပြနိုင်သည့် ငွေများအား
၂ဝ၁၄ ခုနှစ် မတ်လတွင် ပြဌာန်းခဲ့သည့် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်
ဥပဒေတွင် “စည်းကြပ်မှုမှ လွတ်ကင်းနေသောငွေ” အဖြစ် ပြင်ဆင်သတ်မှတ်ခဲ့သည်။
“စည်းကြပ်မှုမှ လွတ်ကင်းနေသောငွေ” ၏ အဓိပ္ပာယ်သတ်မှတ်ချက်တွင် “မည်သူမဆို
မိမိမည်ကဲ့သို့ ရရှိခဲ့သည်ကို အတိအကျ မဖြေရှင်းနိုင်သည့်
မရွှေ့မပြောင်းနိုင်သည့် ပစ္စည်း၊ သို့မဟုတ် ငွေအပါအဝင်ဖြစ်သော
ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းတစ်ရပ်ရပ်အတွက် စည်းကြပ်မှုမှ လွတ်ကင်းနေသော
ဝင်ငွေခေါင်းစဉ်ဖြင့် ယင်းပစ္စည်းတန်ဖိုး သို့မဟုတ် ငွေအပေါ်တွင်
တာဝန်ထမ်းဆောင်ရမည်။ ဤပုဒ်မအရ ဝင်ငွေကို နည်းဥပဒေများဖြင့်
ပြဌာန်းသည့်အတိုင်း တွက်ချက်ရမည်ဟု ပုဒ်မ ၁၄ တွင် ပြဌာန်းထားသည်။
“ကျပ်သိန်း ၁ဝဝနဲ့ ခြံတစ်ခြံကို ဝယ်တဲ့အခါမှာ ကျပ်သိန်း ၉ဝ ကိုပဲ
ဝင်ငွေရလမ်းပြနိုင်တဲ့အခါ ကျန်တဲ့ ကျပ် ၁ဝ သိန်း အပေါ်မှာ ဝင်ငွေရလမ်း
မပြနိုင်တဲ့ဝင်ငွေအဖြစ် ၃ဝ ရာခိုင်နှုန်း စည်းကြပ်ပါတယ်။ အဲ့ဒါကို
စည်းကြပ်မှုမှ လွတ်ကင်းနေသောငွေလို့ သုံးနှုန်းပါတယ်” ဟု
ပြည်တွင်းအခွန်များဦးစီးဌာနမှ ဦးကျော်ကျော်က ဩ ဂုတ် ၂၆ ရက်တွင်
ပြောကြားသည်။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၏ နည်းဥပဒေအား
လက်ရှိအချိန်တွင် မူကြမ်းရေးဆွဲနေဆဲသာ ဖြစ်နေပြီး ဥပဒေတွင် ပါဝင်မှုမရှိဘဲ
အားနည်းချက်ဖြစ်ပေါ်နေသော အချက်များအား နည်းဥပဒေတွင်
ထည့်သွင်းရေးဆွဲမည်ဖြစ်ကြောင်း ရဲမှူးကြီးကျော်ဝင်းသိန်းက
ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်းသို့
မူးယစ်ဆေးဝါး၊ ကျောက်မျက်၊ သစ်နှင့် အဂတိလိုက်စားမှုမှ ရရှိသောငွေများ
ဝင်ရောက်မှုရှိနေကြောင်း အိမ်၊ ခြံ၊ မြေလုပ်ငန်းရှင်များနှင့်
ဥပဒေအကျိုးဆောင်လုပ်ငန်းများမှ တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများသည် သာမန်ပြည်သူများ
လက်လှမ်းမမီသည့်အမြင့်ဆုံးဈေးနှုန်းတွင် ရပ်တည်နေသည်။ ထိုသို့
ရပ်တည်နေမှုကြောင့် အစိုးရအဖွဲ့က အိမ်၊ ခြံ၊ မြေဈေးနှုန်းများကို
တားဆီးနိုင်ရန် ဥပဒေပြဌာန်းမှုများပြုလုပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း
ကုန်သည်စက်မှုအသင်းချုပ်မှ တွဲဖက်အတွင်းရေးမှုးဦးအေးလွင်က ပြောကြားသည်။
“ဝင်ငွေရလမ်း မဖော်ပြနိုင်လို့ အခွန်ဆောင်လိုက်တာနဲ့ ဒီငွေက
ငွေဖြူဖြစ်မသွားပါဘူး။ ဒီငွေဟာ တရားဝင်နည်းလမ်းကနေ ရရှိတဲ့ငွေဖြစ်ကြောင်း
သက်သေပြဖို့က ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ဝင်ငွေအဖြစ် အခွန်ဆောင်တဲ့သူရဲ့
တာဝန်ပါ” ဟု ဒုရဲမှူး စိုးမြင့်က ပြောကြားသည်။
Credit - Eleven Media Group
No comments:
Post a Comment