(ဆောင်းပါးရှင် - ဒေါက်တာရန်မျိုးသိမ်း)
လွန်ခဲ့သော နှစ်နှစ်ဆယ်နီးပါးကာလ၊ ၁၉၉၃ ခုနှစ်တွင် အမျိုးသားညီလာခံ
အစည်းအဝေးများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာ၌ အခြေခံရမည့်မူများကို
ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံကို ပြည်ထောင်စုပုံစံ
ဖွဲ့စည်းရေးနှင့်ဆက်စပ်သော ဆွေးနွေးအကြံပြုချက်များလည်း ပါဝင်ခဲ့သည်။ တိုင်းရင်းသားများသည် ပြည်ထောင်စုစစ်စစ်မူကို အကြံပြုခဲ့ပြီး ပြည်ထောင်စုစစ်စစ်မူသည် ဖက်ဒရယ်ပြည်ထောင်စုပုံစံကို ဆိုလိုခဲ့သည်ဟု သုံးသပ်နိုင်သည်။ အမျိုးသားညီလာခံအလွန်၊
ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြု ပြဋ္ဌာန်းပြီးနောက်ပိုင်းတွင်
ပြည်ထောင်စုစစ်စစ်မူကိစ္စအား ဆက်လက်အဆိုပြုနေခြင်းသည် လက်ရှိပြည်ထောင်စုပုံစံ ဖွဲ့စည်းမှု၏ အားနည်းချက်များကို ဖော်ပြနေခြင်းပင်ဖြစ်သည်။
၁၉၉၃ ခုနှစ်တွင် စပြီး ၂၀၀၇ ခုနှစ်တွင် ပြီးခဲ့သော အမျိုးသားညီလာခံတွင် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်အများစုတို့သည်
နိုင်ငံရေးအရ အကျောပေး ဆွေးနွေးခဲ့ကြရသည်။ ကိုယ်စားလှယ်အစု
အဖွဲ့ရှစ်ခုအနက် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ အစုအဖွဲ့နှင့်
ရွေးကောက်ခံကိုယ်စားလှယ်များ အစုအဖွဲ့မှလွဲလျှင် ကျန်အစုအဖွဲ့ခြောက်ခုသည် သဘောထားနီးနီးစပ်စပ်၊ တစ်ထပ်တည်းနီးပါး ရပ်တည်ခဲ့သဖြင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်အများစု၏ သဘောထားအမြင်များသည် အနည်းစုအမြင်၊ အနည်းစုသဘောထားအဖြစ်သာ သတ်မှတ်ခံခဲ့ရသည်။
နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲတွင်
ရွေးချယ်ခံထားရသော ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုး
ကိုယ်စားလှယ်များ၊ တောင်သူလယ်သမား ကိုယ်စားလှယ်များ၊ အလုပ်သမား
ကိုယ်စားလှယ်များ၊ အသိပညာရှင် အတတ်ပညာရှင် ကိုယ်စားလှယ်များ၊
နိုင်ငံ့ဝန်ထမ်း ကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြားသင့်သည့်
ကိုယ်စားလှယ်များဟု အစုအဖွဲ့ရှစ်ဖွဲ့ ပါဝင်တက်ရောက်ခဲ့သော
အမျိုးသားညီလာခံတွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၀၇ ဦး၊ နိုင်ငံရေးပါတီကိုယ်စားလှယ်
၄၉ ဦးအနက်အများစုနှင့် အခြားဖိတ်ကြားသင့်သည့် ကိုယ်စားလှယ်အချို့တို့သည်
အမျိုးသားညီလာခံကျင်းပရေး လုပ်ငန်းကော်မတီ၏ ရှင်းလင်းပြောကြားချက်များကို စနစ်တကျသုံးသပ်လျက် ပိုမိုကောင်းမွန်သော၊ ပိုမိုသင့်လျော်သောမူများကို အဆိုပြုခဲ့ကြသော်လည်း ကျန်အစုအဖွဲ့ အားလုံးနီးနီးသည် လုပ်ငန်းကော်မတီ၏ ရှင်းလင်းပြောကြားချက်များနှင့်အညီ၊ တစ်သဝေမတိမ်းနီးနီး ရပ်တည်ခဲ့သည်ဟု ယေဘုယျအားဖြင့် ကောက်ချက်ပြုနိုင်သည်။
၁၉၉၃ ခုနှစ်၊ ဇန်န၀ါရီ ၉ ရက်မှ ၁၉၉၆ ခုနှစ်၊ မတ် ၃၁ ရက်အတွင်း၊
အမျိုးသားညီလာခံ အစည်းအဝေးများကို ခြောက်ကြိမ်ကျင်းပခဲ့သည်။ တတိယအကြိမ်
အမျိုးသားညီလာခံ အစည်းအဝေးများကို ၁၉၉၃ ခုနှစ်၊ ဇွန် ၇ ရက်မှ စက်တင်ဘာ ၁၆
ရက်အထိ ရန်ကုန်မြို့၌ကျင်းပခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် ညီလာခံအစည်းအဝေးများကို ရပ်ဆိုင်းခဲ့သည်။ အစည်းအဝေးများ တစ်ခန်းရပ်ခဲ့ခြင်းသည် တိုင်းရင်းသားလူမျိုးစုများ အနေဖြင့် ဖက်ဒရယ်စနစ်ကို အဆိုပြုခဲ့သည့်အတွက်ကြောင့်ဟု
ဆိုခဲ့သော်လည်း ဟုတ်၊ မဟုတ် အတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။ နိုင်ငံတော်
ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် ညီလာခံကျင်းပရေးကော်မရှင်တို့ အနေဖြင့်လည်း ညီလာခံတစ်ခန်းရပ်ရသည့် အကြောင်းအရင်းကို ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ရှင်းလင်းခဲ့ခြင်း မရှိခဲ့ပေ။
တတိယမြောက် အမျိုးသားညီလာခံ အစည်းအဝေးတွင် ရှမ်းတိုင်းရင်းသားများ
ဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ်၊ သီပေါမဲဆန္ဒနယ် အမှတ်(၁)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးခွန်ထွန်းဦး၏ ဆွေးနွေးချက်များသည်လည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။
ပြည်ထောင်စုထဲက ခွဲထွက်တာဟာ ပြည်ထောင်စုပြိုကွဲရေး ဖြစ်ပါတယ်။ ဒါဟာ
ဆန့်ကျင်ထိုက်ပါတယ်။ ဒါတင်မကပါဘူး။ စည်းလုံးညီညွတ်တဲ့၊ တရားမျှတတဲ့၊
ခိုင်မြဲတည်တံ့တဲ့၊ ပြည်ထောင်စုစစ်စစ်ပုံစံကို မဖော်ဆောင်နိုင်ခဲ့တာဟာလည်း ပြည်ထောင်စုပြိုကွဲစေနိုင်တဲ့ အကြောင်းတရားတစ်ခုဖြစ်လို့၊ ကျွန်တော်တို့အားလုံး ဒီအချက်ကို သတိပြုကြရမှာ ဖြစ်ပါတယ်။ အမှန်စင်စစ် တန်းတူညီမျှမှု မရှိခြင်းဟာလည်း ပြည်ထောင်စုပြိုကွဲစေနိုင်တဲ့ အန္တရာယ်တစ်ခု ဖြစ်နိုင်တယ်လို့ ပြောနိုင်ပါတယ်ဟု ဦးခွန်ထွန်းဦးက ထောက်ပြဆွေးနွေးခဲ့သည်။
တိုင်းရင်းသားစည်းလုံးညီညွတ်မှု မရှိလျှင် ပြည်ထောင်စုမှခွဲထွက်လျှင် ပြည်ထောင်စု ပြိုကွဲစေနိုင်သည်။ အခြားရှုထောင့်မှကြည့်လျှင်၊ ပြည်ထောင်စုစစ်စစ်ပုံစံကို မဖော်ဆောင်နိုင်ခြင်းသည် ပြည်ထောင်စုပြိုကွဲစေနိုင်သော
အဓိကတွန်းအားတစ်ခု ဖြစ်နေသည်။ တိုင်းရင်းသားများအကြား နှစ်ကာလရှည်ကြာ
ပျောက်ဆုံးနေခဲ့သည့် တန်းတူရည်တူမှုကို ပြန်လည်တည်ဆောက်နိုင်မှသာ၊
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုမပြိုကွဲရေးတို့အတွက် ပိုမိုအဓိပ္ပာယ်ရှိမည်ဟုလည်း ဆွေးနွေးခဲ့သည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးတို့နှင့် ဆက်စပ်လျက် ပြည်ထောင်စုစစ်စစ်ပုံစံ သို့မဟုတ် ဖက်ဒရယ်ပြည်ထောင်စုပုံစံစစ်စစ် တည်ဆောက်ရေး၏ အရေးပါပုံကို ဆက်စပ်ထောက်ပြ ဆွေးနွေးလိုရင်း ဖြစ်နိုင်ခြေရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏
အကြံပြုချက်စာတမ်းတွင် နိုင်ငံတော်သည် တန်းတူရည်တူဖြစ်သော ကချင်၊ ကယား၊
ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိသော
တိုင်းရင်းသားလူမျိုးနွယ်စုများနှင့်
ပေါင်းစပ်ဖွဲ့စည်းထားသော နိုင်ငံဖြစ်ပြီး၊ လူမျိုးတစ်မျိုးက
တစ်မျိုးကိုလည်းကောင်း၊ လူမျိုးနွယ်စု အချင်းချင်းသော် လည်းကောင်း၊
လွှမ်းမိုးခြင်း၊ အကျပ်ကိုင်ခြင်း၊ ချိုးနှိမ်ခြင်း၊ မတရားပြုခြင်း၊
ခေါင်းပုံဖြတ်ခြင်း အလျှင်းမရှိစေရဟု လည်းကောင်း၊ ပြည်ထောင်စုအတွင်းရှိ
ပြည်နယ်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိစေရမည်ဟုလည်းကောင်း
ဖော်ပြခဲ့သည်။
တိုင်းရင်းသားလူမျိုးစုများ အနေဖြင့် တန်းတူရည်တူရှိမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ ကိုယ်ပိုင်အုပ်ချုပ်မှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းမှုတို့ကို အပြည့်အ၀၊ အစစ်အမှန် ရရှိရေးအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် အလေးအနက် အကြံပြုတိုက်တွန်း အဆိုပြုခဲ့သည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက တိုင်းရင်းသားအားလုံး မခွဲမခွာထာဝရ လက်တွဲနေထိုင်ကြမည့် ပြည်ထောင်စုနိုင်ငံတော်တွင် အဆင့်အတန်းတူညီပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ပြည်နယ် ၁၄ ခုပါဝင်လျက် ပြည်ထောင်စုနှင့် ပြည်ထောင်စုအဖွဲ့ဝင်များအကြား အာဏာခွဲဝေကျင့်သုံးရာ၌ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယုံကြည်မှု၊ တန်းတူရည်တူရှိမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိမှု၊
လူမျိုးတစ်မျိုးအနေဖြင့် ရှင်သန်ရပ်တည်ခွင့်ရှိမှု၊ ဖွံ့ဖြိုးတိုးတက်မှု
စသည့်အချက်များအပေါ်တွင် အခြေခံသင့်ကြောင်း အကြံပြုဆွေးနွေးခဲ့သည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ အမွေခံပါတီဖြစ်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
(တစညပါတီ)သည် ပြည်ထောင်စုစစ်စစ်မူကို ထောက်ခံရန်
အဆင်သင့်မဖြစ်ခဲ့သည့်အပြင် ဆွေးနွေးမှုများကိုလည်း အထူးသတိထား
ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရသည်။ တစညပါတီ၏ ထိပ်တန်းခေါင်းဆောင်များသည် တပ်မတော်အရာရှိကြီးဟောင်းများ ဖြစ်ခဲ့ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ရေးအဖွဲ့ အစိုးရနှင့် တစညပါတီအကြား နိုင်ငံရေးနှင့် မူဝါဒရေးရာအရ
အလွမ်းသင့်မှု အများအပြား ရှိကောင်းရှိနိုင်သည်ဟု မှန်းဆ၊ သုံးသပ်မှုများ
ရှိခဲ့သည်။ သို့သော် နှစ်ဖက်အကြား အလွန်နီးစပ်သော ဆက်ဆံရေးကို
အတည်ပြုနိုင်ရန် လိုအပ်ဆဲဖြစ်သည်။
တတိယမြောက်
အမျိုးသားညီလာခံ အစည်းအဝေး၏ အကြံပြုချက်စာတမ်းများတွင် ရှမ်းပြည်ကိုးကန့်
ဒီမိုကရက်တစ်ပါတီမှ ဦးတီခွန်ကျင့် (ခေါ်)ဦးတင်ဂျုံးလွမ်း၏
ဆွေးနွေးချက်သည်လည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။ ပြည်ထောင်စုကြီးသည် စစ်မှန်သော
ဒီမိုကရေစီနိုင်ငံတော် ဖြစ်လာရန် ပြည်သူလူထုကို လေးစားရမည်။
ဤလေးစားမှုကြောင့် ပြည်ထောင်စု မပြိုကွဲနိုင်သကဲ့သို့
တိုင်းရင်းသားစည်းလုံးညီညွတ်မှုလည်း
မပြိုကွဲနိုင်ကြောင်း၊ အချုပ်အခြာအာဏာသည် ပြည်သူလူထုလက်ဝယ်တွင် ရှိရမည်။
ဤကဲ့သို့ ရှိမှသာလျှင် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမည်ဖြစ်ကြောင်း၊ ပြည်သူလူထုက စိတ်တိုင်းကျ ရွေးကောက်တင်မြှောက်သော ပြည်သူ့ကိုယ်စားလှယ်များသာလျှင် လွှတ်တော်များဖွဲ့စည်းနိုင်ပြီး
၎င်းလွှတ်တော်များကပင် ပြည်သူများမှ ပေးအပ်သော အချုပ်အခြာအာဏာကို ကျင့်သုံး၍
ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး တာဝန်များကို
ထမ်းဆောင်နိုင်ကြောင်းတို့ကို ဦးတီခွန်ကျင့်(ခေါ်)ဦးတင်ဂျုံးလွမ်းက ရှင်းလင်းဆွေးနွေးခဲ့သည်။
စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု
မပြိုကွဲရေး၊ ပြည်သူလူထုကို အလေးထားရေး၊ အချုပ်အခြာအာဏာသည်
ပြည်သူလူထုလက်ဝယ်တွင် စစ်စစ်မှန်မှန်ရှိရေး၊ ပြည်သူ့ကိုယ်စားလှယ်များနှင့် လွှတ်တော်များဖွဲ့စည်းရေး၊ အဆိုပါလွှတ်တော်များက အချုပ်အခြာအာဏာကို ကျင့်သုံးနိုင်ရေးတို့နှင့် ဆက်စပ်လျက် ဆွေးနွေးသုံးသပ်မှုများသည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် နိုင်ငံရေးဗီတာမင်များ ဖြစ်ခဲ့သည်မှာ အထင်အရှားဖြစ်သည်။
တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များက ပြည်ထောင်စုစနစ်သည် တိုင်းပြည်တစ်ပြည်အတွင်း မှီတင်းနေထိုင်သော တိုင်းရင်းသားလူမျိုးပေါင်းစုံအား
တစ်စုတစ်စည်းတည်း နေထိုင်စေပြီး ကျေနပ်နှစ်သိမ့်စေသော စနစ်တစ်ခုဖြစ်သည်ဟု
ဖော်ပြထားသည်ကို တွေ့ရကြောင်း၊ အကယ်စင်စစ် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြိုကွဲစေသည်မှာ တစ်ပြည်ထောင်စနစ်သာဖြစ်ပြီး
တစ်ပြည်ထောင်စနစ်၏ မြင့်မားသော ဗဟိုဦးစီးစနစ်နှင့် ယင်း၏အကျိုးဆက်ကြောင့်
တိုင်းပြည်မတည်မငြိမ် ဖြစ်ခဲ့ရကြောင်းတို့ကို ဆွေးနွေးခဲ့ကြသည်။
လူမျိုးပေါင်းစုံပါဝင်သော တန်းတူရည်တူရှိသည့် ပြည်နယ်များဖြင့်
စုပေါင်းထားပြီး၊ ပြည်ထောင်စုစနစ် ကျင့်သုံးသည့် အချုပ်အခြာအာဏာပိုင်
ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်သင့်ကြောင်း အကြံပြုဆွေးနွေးခဲ့သည်။
တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်သည် ပြည်ထောင်စုစစ်စစ်မူ၏
မြန်မာ့နိုင်ငံရေးတွင် အရေးပါမှုကို ထပ်မံ မီးမောင်းထိုးပြခဲ့သည်။
ခေတ်အဆက်ဆက် ပြည်ထောင်စုစစ်စစ်မူဝါဒ ကင်းမဲ့ခဲ့ခြင်းကြောင့်
အကျပ်အတည်းများနှင့် ပဋိပက္ခ္ခများဆီ ဦးတည်ခဲ့ရပြီး တိုင်းပြည်နှင့်
ပြည်သူလူထုကို အကျိုးနည်းစေခဲ့ကြောင်း ပိုမိုသိသာ မြင်သာစေခဲ့သည်။
မြို(ခေါ်) ခမိအမျိုးသားညီညွတ်ရေး အဖွဲ့ကလည်း တိုင်းရင်းသားများအားလုံးသည် နိုင်ငံရေးတန်းတူရည်တူမှုစသည့် မည်သည့်အရာတွင်မဆို တန်းတူရည်တူရှိမှုနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရမည်ဟု
လည်းကောင်း၊ ဒေသအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ ရရှိစေရန်
တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသများ
တည်ထောင်ပေးရမည်ဟု လည်းကောင်း အကြံပြုဆွေးနွေးခဲ့သည်။
တတိယမြောက် အမျိုးသားညီလာခံ အစည်းအဝေးများအတွင်း ဆွေးနွေးအကြံပြုချက်များတွင်
တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များ အစုအဖွဲ့၊ တောင်သူလယ်သမား
ကိုယ်စားလှယ်များ အစုအဖွဲ့၊ အလုပ်သမားကိုယ်စားလှယ်များ အစုအဖွဲ့၊
အသိပညာရှင်၊ အတတ်ပညာရှင်များ အစုအဖွဲ့နှင့် နိုင်ငံ့ဝန်ထမ်း
ကိုယ်စားလှယ်များ အစုအဖွဲ့တို့သည် ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းရန်၊
လက်ရှိပြည်နယ်နှင့်တိုင်း ၁၄ ခုကို အဆင့်အတန်းတူညီသော ပြည်နယ်ကြီးများအဖြစ်
ဖွဲ့စည်းပြီး ပြည်နယ်များအတွင်း သင့်လျော်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
စီရင်စုများ လိုအပ်ပါက ပိုင်းခြားသတ်မှတ် ဖွဲ့စည်းရန်၊ ပြည်ထောင်စုမှ
မည်သည့်ပြည်နယ်မှ ခွဲထွက်ခွင့်မရှိစေရန်တို့ကို တညီတညွတ်တည်း အကြံပြုဆွေးနွေးခဲ့သည်ကို တွေ့ရှိရသည်။
တိုင်းရင်းသားနိုင်ငံရေး ပါတီများအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်တို့ကို လက်တွေ့ကျကျ၊ စာထဲမှာသာမက ဘ၀ထဲမှာပါ ကျင့်သုံးဖော်ဆောင်နိုင်မည့်
အခင်းအကျင်းကို ရည်ညွှန်းလျက် ပြည်ထောင်စုစစ်စစ်မူကို အထပ်ထပ်အကြံပြု
ဆွေးနွေးခဲ့သည်။ ပြည်ထောင်စုစနစ်ဟု ဖော်ပြလင့်ကစား၊ လက်တွေ့အုပ်ချုပ်ရေး၊
ဥပဒေပြုရေးနှင့် တရားစီရင်ရေးဆိုင်ရာ မူဝါဒများကို ပြဋ္ဌာန်း၊ ကျင့်သုံးရာ၌
ဖားတစ်ပိုင်းငါးတစ်ပိုင်း ဖြစ်နေမည့် အနေအထားမျိုးကို
စိုးရိမ်ကြောင့်ကြသည့်အလျောက် တိုင်းရင်းသားများအနေဖြင့် ပြည်ထောင်စုစစ်စစ်ဟု အဆက်မပြတ် ဆွေးနွေးကြခြင်း ဖြစ်နိုင်ခြေရှိသည်။
အချုပ်အားဖြင့်ဆိုသော် ၁၉၉၃ ခုနှစ်မှ ၁၉၉၆ ခုနှစ်အတွင်း အမျိုးသားညီလာခံ အစည်းအဝေးများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် တိုင်းရင်းသားပြည်သူလူထုကို
စစ်စစ်မှန်မှန် ကိုယ်စားပြုသော ပါတီများ တက်ရောက်အကြံပြု
ဆွေးနွေးခဲ့သဖြင့် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအလွန်
နိုင်ငံရေးအခင်းအကျင်းနှင့်
ပြည်သူလူထု၏ ဆန္ဒသဘောထားများကို များစွာထင်ဟပ်ခဲ့သည်။
ပြည်ထောင်စုစစ်စစ်မူဟု ဆိုနိုင်သော ဖက်ဒရယ်ပြည်ထောင်စု အကျပ်အတည်းကို
ယနေ့အချိန်အထိ ဆွေးနွေးအဖြေရှာရန် လိုအပ်နေဆဲဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အပါအ၀င် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပါတီများ၊
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် လက်ချင်းမြဲမြဲချိတ်လျက်
ပြည်ထောင်စုစစ်စစ်မူ သို့မဟုတ် ဖက်ဒရယ်ပြည်ထောင်စုမူကို လက်တွေ့ကျကျ
ကျင့်သုံးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ရာတွင် လွန်ခဲ့သောနှစ်နှစ်ဆယ်က
စာမျက်နှာများကိုလည်း ပြန်လည်သုံးသပ် ကိုးကားနိုင်မည်ဆိုလျှင်
ပိုမိုအားကောင်း မောင်းသန်နိုင်ပါကြောင်း နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။
(ရန်ကုန်မြို့တွင် သြဂုတ် ၁၈ ရက်ကပြုလုပ်သည့် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
နှင့် နိုင်ငံရေးပါတီများ၏ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း))
Credit - Eleven Media Group
No comments:
Post a Comment