ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်နေ့က ငပုတောမြို့နယ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု
လွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည် တင်သွင်းသော တောင်သူလယ်သမားများ
ဖမ်းဆီးထောင်ချ ခံနေရခြင်းနှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်ပေးရန် အဆိုကို
ယင်းလွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းသာ ရှိသော တပ်မတော်သား
လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေး ပါတီဝင် ကိုယ်စားလှယ် အများစုက ကန့်ကွက်သည့်အတွက်
လွှတ်တော်တွင် မဆွေးနွေးရန် ဆုံးဖြတ်ခဲ့ခြင်းမှာ များစွာ အံ့အားသင့်ဖွယ်
ဖြစ်သည်။
ကန့်ကွက်သူများက ထွန်တုံးတိုက်ပွဲ ဝင်သူများသည် ဥပဒေ ချိုးဖောက်နေသူများ
ဖြစ်သည့်အတွက် ၎င်းတို့ကို လွှတ်တော်က အကာအကွယ် ပေးသကဲ့သို့
ဖြစ်သွားနိုင်သောကြောင့် မဆွေးနွေးသင့်ဟု ကန့်ကွက်ကြခြင်း ဖြစ်ကြောင်း
မြောင်းမြမြို့နယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကိုယ်စားပြု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို၏ အဆိုမှာ
နစ်နာနေသော တောင်သူလယ်သမားများ၏ ပကတိ အခြေအနေကို မစာနာသည့်သဘော
သက်ရောက်နေပေသည်။
ခေတ်အဆက်ဆက် အာဏာရှိသူများ၊ ထိုအာဏာရှိသူများနှင့် အလွန်းသင့်သူ၊
ငွေကြေးတတ်နိုင်သူများနှင့် အကျင့်ပျက် ဝန်ထမ်းများ ပူးပေါင်းကာ
တောင်သူလယ်သမားများ အပေါ် နည်းလမ်းမျိုးစုံ ဖိအားပေး၊ အကျပ်ကိုင်၊
ခြိမ်းခြောက်သော နည်းလမ်းများဖြင့် မျိုးရိုးစဉ်ဆက် ဓားမဦးချ
လုပ်ကိုင်ခဲ့သော်လည်း ပိုင်ဆိုင်မှု အားနည်းခဲ့သည့် လယ်ယာမြေများ
သိမ်းယူခံခဲ့ကြရသည်။ အချို့ဆိုလျှင် ၎င်းတို့ ပိုင်ဆိုင်ခဲ့သော
လယ်မြေများကိုပင် သိမ်းဆည်းထားသော တပ်ရင်း၊ တပ်ဖွဲ့များထံမှ သီးစားခပေးကာ
ထွန်ယက် လုပ်ကိုင်နေခဲ့ကြရသည်။
မိမိတို့ လယ်မြေများကို ပြန်လည်ပေးအပ်ရန် ငြိမ်းချမ်းသောနည်းဖြင့်
တောင်းဆိုပါသော်လည်း နည်းမျိုးစုံဖြင့် လျစ်လျူရှု ခံထားရသောကြောင့်
ထွန်တုံးတိုက်ပွဲနည်း တစ်ခုသာ ရှိတော့သည့် လယ်သမားများကို ဥပဒေ
ကျူးလွန်သူများဟု တံဆိပ်ကပ်သူများ ကိုယ်တိုင် ဥပဒေကို မည်သို့
နားလည်သနည်းဟု မေးစရာ ရှိပေသည်။ မိမိတို့ကိုယ်တိုင် ဥပဒေနှင့်အညီ နေထိုင်၊
လုပ်ကိုင်၊ ဆောင်ရွက်နေသည် ဆိုလျှင် ပြောစရာ မရှိသော်လည်း
မိမိတို့ကိုယ်တိုင် ဥပဒေ ချိုးဖောက်ထားသူများ ဖြစ်နေလျှင်မှု
လယ်သမားများအပေါ် ဤမျှ အငြိုးတကြီး အရေးယူနေခြင်းမှာ များစွာ ဝမ်းနည်းဖွယ်
ကောင်းလှသည်။
ထွန်တုံးတိုက်ပွဲ ဝင်နေသော လယ်သမားများကို ဥပဒေနှင့်မညီဟု ပြောဆိုနေသူ
လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အနေနှင့် လယ်ယာမြေများကို သိမ်းယူရာတွင်
မည်သည့်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်အရ
လုပ်ဆောင်ခဲ့သနည်း၊ စီမံကိန်းမြေဟု သတ်မှတ်လျှင် ထိုသတ်မှတ်ချက်အတိုင်း
ဥပဒေနှင့်အညီ ဆောင်ရွက် အကောင်အထည်ဖော်မှု ရှိပါသလော၊ သိမ်းယူရာတွင်လည်း
အသိမ်းခံရသူ လယ်သမားများ၏ သဘောတူညီမှု ရှိခဲ့ပါသလော၊ သဘောတူညီပါကလည်း
ပြင်ပပေါက်ဈေး သို့မဟုတ် အစိုးရသတ်မှတ် သို့မဟုတ် လယ်သမားများ လက်ခံသည့်
ဈေးနှုန်းအတိုင်း ဥပဒေနှင့်အညီ ပေးချေခဲ့ပါသလော၊ ထွန်တုံးတိုက်ပွဲ
ဆင်နွှဲနေသော လယ်သမားများ (ဝါ) ဒေသခံ ပြည်သူလူထုကို နိုင်ငံတော် သို့မဟုတ်
ပြည်သူ့ဘဏ္ဍာငွေဖြင့် ထောက်ပံ့ထားသော ရုပ်ဝတ္ထုပစ္စည်းများ အသုံးပြုကာ
ခြိမ်းခြောက်သကဲ့သို့ ပြုမူခြင်းသည် ဥပဒေနှင့် ညီပါသလော၊ ထွန်တုံးတိုက်ပွဲ
ဆင်နွှဲနေကြသော လယ်သမားများနှင့် မျက်နှာချင်းဆိုင် စကားပြောဆို
ညှိနှိုင်းဆွေးနွေးခြင်း၊ ဥပဒေကြောင်းအရ သတိပေးစာပို့ခြင်း၊ တရားရုံးတွင်
အမှုဖွင့်ခြင်း စသည့် အဆင့်အလိုက် လုပ်ဆောင်ဖွယ် ရှိသည်များကို ဥပဒေနှင့်အညီ
လိုက်နာ ဆောင်ရွက်ခဲ့ပါသလော၊ တရားခွင်ရောက် လယ်သမားများကို အရေးယူပေးရန်
တရားသူကြီးများအပေါ် သြဇာ၊ အာဏာသုံး၍ ဖိအားပေး၊ အကျပ်ကိုင်ခြင်းသည်
ဥပဒေနှင့် ညီပါ၏လော၊ မိသားစုဝင်များ ထောင်ဝင်စာ တွေ့ရခက်စေရန် ဝေးလံသည့်
အကျဉ်းထောင်များသို့ ခွဲပို့လွှတ်ခြင်းသည် လူသားတစ်ဦး၏
အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ခြင်း မဟုတ်ပါလော စသည့် မေးခွန်းများ
မေးလာပါက ဖြေကြားရန် အသင့်ရှိဖို့ လိုပေမည်။
အောက်ခြေအဆင့်ဆင့်ရှိ အကျင့်ပျက် ဝန်ထမ်း၊ တပ်ဖွဲ့ဝင်အချို့၏
ကိုယ်ကျိုးစီးပွား ကာကွယ်လိုခြင်းကြောင့် ပကတိ အခြေအနေများကို ဖုံးကွယ်ကာ
လယ်သမားများကိုသာ တစ်ဖက်သတ် အပြစ်ဖို့ အရေးယူနေပါက ထိုသို့ မလျော်မကန်
ဆောင်ရွက်နေသူများ ကိုယ်စားပြုနေသော အစိုးရ၊ အဖွဲ့အစည်းနှင့် တပ်မတော်တို့၏
ဂုဏ်သိက္ခာ ထိခိုက်ကာ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ ယုံကြည်လေးစားမှု
ကျဆင်းသွားနိုင်ကြောင်း သိစေအပ်ပေသည်။
Credit - The Voice
No comments:
Post a Comment