စွယ်စုံရ
အနုပညာရှင်တစ်ယောက်အဖြစ်
ထင်ရှားတဲ့ ဒါရိုက်တာဝင်းဖေတစ်ယောက်
အမေရိကန်ပြည်ထောင်စုမှာ
နှစ်ပေါင်းများစွာ
အခြေချနေထိုင်ခဲ့ရင်းက
မြန်မာပြည်ပြန်ရောက်လာခဲ့ပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ဖို့
ပြင်ဆင်နေတဲ့ ကော်မတီက
ဦးဝင်းဖေကို တာဝန်ယူရိုက်ကူးဖို့
ကမ်းလှမ်းခဲ့တာကို ငြင်းပယ်ခဲ့ပါတယ်။
ဂီတ၊ ပန်းချီ၊ ရုပ်ရှင်
စွယ်စုံရပညာရှင်ကြီး ဘာ့ကြောင့်
ငြင်းပယ်ခဲ့တာလဲ။
“ဗိုလ်ချုပ်ရုပ်ရှင်နဲ့ပတ်သက်လို့ကျုပ်အမြင်ကို
ဘာမှ မပြောချင်ဘူး။ အဲဒီဇာတ်ကားအတွက်
ကော်မတီအဖွဲ့က နှစ်ကြိမ်ခေါ်တယ်။
ခင်ဗျားပြန်လာပြီ။ အသက်လည်းကြီးပြီ။
ရုပ်ရှင်အတွေ့အကြုံလည်း
များပြီ … ဒါ့ကြောင့်
ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားကို
ခေါင်းဆောင်ပြီး ရိုက်ပါလို့
ပြောတယ်။ ဒါပေမယ့် ကျနော်ငြင်းခဲ့တယ်။
ခင်ဗျားတို့ရိုက်ကြပါ။
ကျနော်ဘေးက ဝိုင်းမယ်လို့
ပြန်ပြောလိုက်တယ်။ ဒါပေမယ့်
သူတို့သဘောမပေါက်ဘူးဗျ။
ကျနော်က ရုပ်ရှင်ရိုက်တာကို
ယုံမှရိုက်တာ။ ဗိုလ်ချုပ်အကြောင်း
ရုပ်ရှင်ထရိုက်လောက်အောင်
သိတယ်၊ တတ်တယ်၊ နားလည်တယ်လို့
ကျနော့်ကိုယ်ကျနော် မယုံကြည်ဘူး။
ဒါ့ကြောင့် မရိုက်ချင်ဘူးပြောတယ်”လို့
ဒါရိုက်တာဝင်းဖေက ပြောပါတယ်။
“ကျနော်ကတော့
ဗိုလ်ချုပ်အကြောင်းကို
အသည်းထဲ၊ နှလုံးထဲကနေ
ရုပ်ရှင်ထရိုက်လောက်အောင်
သိတာသိပ်မရှိဘူး။ ကျနော်သိတဲ့အတိုင်း
လုပ်တော့မယ်ဆိုရင်
ကျနော်တို့လိုတဲ့ပစ္စည်းတွေ
သူတို့ပေးနိုင်လိမ့်မယ်
မထင်ဘူး။ အခုဟာက ဗိုလ်ချုပ်အောင်ဆန်းကိုပဲ
လျှောက်ရှာနေကြတာ။ ကျားကြီးဘဆွေတို့၊
ဦးကျော်ငြိမ်းတို့၊
ဦးသိန်းဖေမြင့်တို့၊
ဦးနုတို့၊ ဒဂုန်တာရာတို့၊
ဦးဘဟိန်းတို့ကိုလည်း
ရှာမထားဘူး။ ဒါတွေကို
လိုချင်ပြီဆိုတော့ ဘယ်သူကပေးမှာလဲ။
ဒါတွေမပါဘဲ ဘယ်လိုလုပ်ရိုက်မလဲ”
“ဒါဟာ
သူ့ဖြတ်သန်းမှုတွေထဲက လူတွေလေ။
သူ့ဝန်းကျင်လေ။
ဗိုလ်ချုပ်တစ်ယောက်တည်းအကြောင်း
ရိုက်နေလို့တော့ ဘယ်လိုလုပ်
ရုပ်ရှင်ဖြစ်မှာလဲ။ ဒါ့ကြောင့်
ကျနော် နှစ်ကြိမ်ငြင်းတယ်။
သူတို့ကတော့ ဒေါ်စုနဲ့တွေ့ပေးမယ်
ပြောတယ်။ အဲဒါဆို ပိုကောင်းတယ်။
သူတို့ကို နှစ်နာရီလောက်
အာပေါက်အောင် ပြောရတယ်။
ဒေါ်စုနဲ့ပြောရင် ငါးမိနစ်နဲ့
ဟိုကသဘောပေါက်သွားလိမ့်မယ်။
မရိုက်နဲ့တော့ဆိုပြီး
ပြီးသွားလိမ့်မယ်” လို့
ကမာရွတ်မီဒီယာကို ပြောပါတယ်။
ရုပ်ရှင်ရိုက်ကူးတဲ့နေရာမှာ
ကမ္ဘာပေါ်က ရုပ်ရှင်ကားတွေရဲ့
အကောင်းဆုံး ကောင်းကွက်တွေကို
ကြည့်ခဲ့ရတောင်မှ
ကိုယ်တိုင်ဖန်တီးတဲ့အခါ
သေးသေးလေးဖြစ်နေပြီး
နိုင်ငံတကာစံကို မမီတာများတယ်လို့
စွယ်စုံရ အနုပညာရှင်ကြီးက
ပြောပါတယ်။ ဆရာဝင်းဖေဟာ
ဘီဘီစီမြန်မာပိုင်း ရေဒီယိုမှာ
ဝင်းဖေလွတ်အိတ်ဆိုတဲ့
အပတ်စဉ်အစီအစဉ်တစ်ခု
တင်ဆက်နေပြီး RFA
ရေဒီယိုမှာလည်း
နှစ်အတန်ကြာ သတင်းတင်ဆက်သူ၊
သတင်းအယ်ဒီတာ တာဝန်တွေကို
ထမ်းဆောင်ခဲ့ပါတယ်။
ဆရာဝင်းဖေဟာ
မပြိုသည့်မိုး ရုပ်ရှင်ဇာတ်ကားကို
ပထမဆုံး ရိုက်ကူးခဲ့ပြီး
အမေရိကန်ပြည်ထောင်စုကို
မထွက်ခွာခင် နောက်ဆုံးအဖြစ်
မြစ်သုံးစင်းကိုဖြတ်၍ဇာတ်ကား
ရိုက်ကူးလက်စဖြစ်ခဲ့ပါတယ်။
ထင်ရှားတဲ့ ရုပ်ရှင်ကားတွေကတော့
သံမဏိလိပ်ပြာနဲ့
နှင်းဆီနီအိပ်မက်တို့ဖြစ်ပါတယ်။
(ရွှေညာခိုင်စိုး)
Credit - Kamayut Media

No comments:
Post a Comment