Monday, August 25, 2014

တရားရေးမဏ္ဍိုင် လစ်ဟာမှုများ ထောက်ပြသည့် အစီရင်ခံစာ လာမည့် လွှတ်တော်တင်မည်

ရန်ကုန်၊ သြဂုတ်၂၄
မြန်မာနိုင်ငံအတွင်းရှိ တရားဥပဒေစိုးမိုးရေးအတွက် တရားရေးမဏ္ဍိုင်မှ လစ်ဟာနေမှုများကို ထောက်ပြထားသည့် အစီရင်ခံစာ တစ်ရပ်ကို ပြည်သူ့လွှတ်တော် တည်ငြိမ်အေးချမ်းနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီက လာမည့် (၁၁) ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်သွင်းမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် ဦးဝင်းမြင့်က ပြောကြားသည်။

ယင်းအစီရင်ခံစာတွင် တရားဥပဒေ စိုးမိုးရေးအတွက် တရားရေးမဏ္ဍိုင်ဘက်မှ လစ်ဟာမှုများ၊ ယိုယွင်းမှုများကို ထောက်ပြထားကြောင်း ၎င်းကဆိုသည်။
"အစီရင်ခံစာထဲမှာ ဘာတွေပါသလဲ ဆိုတာတော့ လွှတ်တော်တင်မှပဲ သိနိုင်မှာပါ။ တစ်ဦးတစ်ယောက်တည်း သဘောအရ ဖွင့်ပြောလို့ မရပါဘူး" ဟု ၎င်းက ရှင်းပြသည်။
ပြည်သူ့လွှတ်တော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီကို ၂၀၁၂ ခုနှစ် အတွင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ထားသည်။
ယင်းကော်မတီသည် ၂၀၁၃ ခုနှစ် အတွင်းတွင် မြန်မာနိုင်ငံ မြို့ကြီးများရှိ တရားရုံးများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲရန် ပြည်သူ့လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့သည်။
အဆိုပါ ကော်မတီ၏ တရားဥပဒေစိုးမိုးရေး နှစ်ပတ်လည် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် သြဂုတ်လအတွင်းက ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး ယင်းအစီရင်ခံစာတွင် မြန်မာနိုင်ငံတွင်း ကျင့်သုံးနေသော ဥပဒေအချို့၏ အားနည်းချက်ကြောင့် ပြည်သူများ နစ်နာနေကြောင်း၊ လယ်ယာမြေများ ဥပဒေမဲ့ အသိမ်းခံရသည့်အပြင် လယ်ပိုင်ရှင်များကို ကျူးကျော်မှုနှင့် ထပ်မံတရားစွဲခြင်းများ ရှိကြောင်း၊ တရားရေး ဝန်ထမ်းများ အဂတိလိုက်စားမှုများ ရှိကြောင်း ထည့်သွင်း ဖော်ပြထားသည်။
ထို့အပြင် ယင်းကော်မတီက ဦးဆောင်ကာ တရားသူကြီးများ၊ ရှေ့နေများ၊ ဥပဒေအရာရှိများနှင့် ရဲများကို စွမ်းရည် မြှင့်တင်ရေးအတွက် မန္တလေးနှင့် လာရှိုးမြို့များတွင် တရားဥပဒေစိုးမိုးရေး စင်တာများ ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း ကော်မတီ တာဝန်ရှိသူများက ဆိုသည်။

Credit - The Voice Weekly

No comments:

Post a Comment