မကြာသေးမီက သဘာဝဘေးအန္တရာယ်တစ်ခုအဖြစ် မြန်မာပြည်သူများကြား လှုပ်ခတ်ခဲ့သော
စူပါမွန်းသတင်းအပေါ် သမ္မတဦးသိန်းစိန် အစိုးရတုံ့ပြန်မှုမှာ
အံ့အားသင့်ဖွယ်ဖြစ်ခဲ့သည်။ စူပါမွန်းကြောင့် ရေကြီးမြေပြို
ငလျင်လှုပ်နိုင်ကြောင်း သတင်းများထွက်ပေါ်နေစဉ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ
အသင့်ပြင်ခြင်းထက် တစ်ပြည်လုံးအနှံ့ အန္တရာယ်ကင်းပရိတ်ရွတ်ရန်
ပြည်ထောင်စုအစိုးရအဖွဲ့က တရားဝင် အမိန့်ညွှန်ကြားချက်စာများ
ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းကြောင့် လူမှုမီဒီယာနှင့် ပြည်သူများကြား ဝေဖန်ရယ်မောစရာ အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့ရသည်။
ပြည်သူများစိုးရိမ်မှုကို စိတ်ပိုင်းဆိုင်ရာ ကုစားမှုတစ်ခုအဖြစ် ဘာသာရေးအရ လုပ်သင့်တာ လုပ်ခဲ့ခြင်းဖြစ်ကြောင်း အကြံပေးအချို့နှင့် သမ္မတအနီးကပ်လူရင်းအချို့က ပြန်လည်တုံ့ပြန်ဖြေရှင်းသည်။ ကောလာဟလသာဖြစ်၍ မိုးလေ၀သသတင်းလည်း ထုတ်ပြန်ရန်မလိုဟုဆိုသော်လည်း ပရိတ်ရွတ်ရန် တရားဝင်ညွှန်ကြားစာများတော့ ထုတ်ခဲ့သည်။
မီးပြတ်လျှင် ပြည်သူများ ဖယောင်းတိုင်ထွန်းပြီး နေရန်ပြောခဲ့သော နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်၊ သတင်းသမားများကို အရေးယူခြင်းမှာ မှန်ကန်သည်ဟု ယူဆချက်ဖြင့် ဆောင်းပါးရေးသားခဲ့သော ဒေါက်တာနေဇင်လတ် စသဖြင့် အကြံပေးအချို့၏ အယူအဆရှုမြင်ပုံများမှာ ပြည်သူနှင့် အလှမ်းကွာနေသည်ဟု ဆိုကြသည်။
သမ္မတဦးသိန်းစိန်တွင် စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ သာသနာရေး အစရှိသည့် အကြံပေး ၁၂ ဦးရှိပြီး အများစုမှာ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများနှင့် အစိုးရအရာထမ်းလုပ်ခဲ့ဖူးသူများ ဖြစ်ကြသည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးဆောင်ပြီး အထက်အောက်ဆက်ဆံရေး ကြိုးနီစနစ်ကို အဆုံးမသတ်နိုင်သေးသော သမ္မတဦးသိန်းစိန်အစိုးရ၏ Mindset ကို ပြုပြင်ရန် လူသိရှင်ကြားပြောခြင်းထက် ပြည်သူများ Mindset ပြောင်းရန်သာ အကြံပေးအချို့က မကြာခဏ ထုတ်ဖော်ပြောကြားခဲ့သည်။
တစ်နည်းအားဖြင့် အကြံပေးအချို့မှာ သမ္မတကို အကြံပေးခြင်းထက် ပြည်သူကို အကြံပေးသည့်ပုံစံသာဖြစ်နေကြောင်း အစိုးရအဖွဲ့စောင့်ကြည့်လေ့လာသူတို့က ဆိုသည်။ အကြံပေးများကို ဦးသိန်းစိန်က အမှန်တကယ် အသုံးပြုခြင်းထက် နာမည်ခံရုံသက်သက် ဟန်ပြခန့်ထားသည်ဟုလည်း ဝေဖန်လာကြသည်။
‘‘ဖြစ်နိုင်တာနှစ်မျိုးပေါ့။ တစ်မျိုးက အကြံပေးတွေညံ့တာ။ တစ်မျိုးက အစိုးရအဖွဲ့ကို မလွှမ်းမိုးနိုင်တာ။ အခု အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲမှုအရ ယူဆရတာကတော့ စီးပွားရေးနဲ့ ငြိမ်းချမ်းရေးကိစ္စ အားရစရာရှိတယ်။ ပြည်တွင်းနိုင်ငံရေးပြေလည်မှုရအောင်တော့ လုပ်ဆောင်မှုက အားရစရာမရှိဘူး။ ခု တချို့နေရာတွေမှာ ပဋိပက္ခတွေတောင် ပြန်ဖြစ်နေပြီ။ ပညာရေးနဲ့ ပတ်သက်လို့တော့ စတောင်မစရသေးဘူး၊ တော်တော်လေးကို ညံ့တယ်လို့ပြောလို့ရတာပေါ့’’ဟု မျက်မှောက်ရေးရာ ဆောင်းပါးရှင်ဦးစည်သူအောင်မြင့်က ပြောသည်။
အကြံပေးများကို ၀န်ကြီး၊ ဒုဝန်ကြီးများနည်းတူ Action (အကောင်အထည်ဖော်မှုပါသည့်) တာဝန်တစ်ရပ်ပေးစေချင်သည်ဟု မင်္ဂလာမြန်မာအဖွဲ့မှ ဒေါက်တာဖုန်းဝင်းက ပြောသည်။ မူဝါဒများကို အကြံပေးရုံမက လက်တွေ့ဝင်လုပ်မှ ပိုထိရောက်မည်ဟု သူကလက်ခံထားသည်။ ထိုသို့မဟုတ်ပါက အကြံပေးများ နာမည်ပိုပျက်လိမ့်မည် ၎င်းကဆိုသည်။
‘‘ကျွန်တော်မြင်တာတော့ အကြံပေးတွေရဲ့ အကြံတော်တော်များများကို အစိုးရက မယူဘူး။ တစ်ခါတလေ သူတို့လုပ်ချင်တာနဲ့ ပေးတာနဲ့ ကိုက်ရင်တော့ ယူတယ်။ အခုခန့်ထားတဲ့ အကြံပေးတွေကို ကြည့်လိုက်ရင်လည်း စည်းရုံးရေးသဘောအရ ခန့်ထားတာမျိုး တွေ့နေရတယ်။ လုပ်ငန်းတကယ်လုပ်ချင်လို့ ခန့်တာမျိုးထက် အကြံပေးနဲ့ မလုပ်ဘူးလားလို့ အပြောခံရမှာစိုးလို့ ခန့်ထားသလိုမျိုး ယူဆစရာဖြစ်နေတယ်’’ဟု ၎င်းကဆိုသည်။
အမေရိကန်သမ္မတ၏ အမျိုးသားလုံခြုံရေးကောင်စီ (National Security) အကြံပေးအရာရှိမှာ လုပ်ပိုင်ခွင့်ပါတွဲ၍ ပေးထားသူဖြစ်သည်။ အိမ်ဖြူတော်တွင် ရုံးထိုင်သည်။ လုံခြုံရေးဆိုင်ရာမူဝါဒတွင် သမ္မတအိုဘားမားနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခွင့်ရှိသည်။
‘‘အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးအရာရှိဆိုတာက အမျိုးသားလုံခြုံရေးဥပဒေ National Security Act of 1947 အရ ဖွဲ့စည်းထားတဲ့ အမျိုးသားလုံခြုံရေးကောင်စီမှာ တာဝန်ထမ်းဆောင်တာဖြစ်လို့ လုပ်ပိုင်ခွင့်ရှိတာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတရဲ့ တခြားအကြံပေး ဥပမာ စီးပွားရေးအကြံပေးအဖွဲ့ဆိုရင် လုပ်ပိုင်ခွင့်မရှိပါဘူး။ ဒါကိုတော့ ခွဲခြားနားလည်ဖို့ လိုမယ်ထင်ပါတယ်’’ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ခုခံပြောဆိုသည်။
ပြတ်ပြတ်သားသားနှင့် ဖြစ်သင့်ဖြစ်ထိုက်တာကို တင်ပြရဲသော အကြံပေးမျိုးကျပြန်တော့လည်း သမ္မတက သိပ်သုံးချင်တော့ပုံမရဘဲ သမ္မတနှုတ်ကထွက်သည့် စီမံကိန်းများကို နှပ်ကြောင်းပေး ပုံဖော်အကြံပေးသူ အချို့နေရာရနေသည်ကို တွေ့နေရသည်ဟု ဒေါက်တာဖုန်းဝင်းကဆိုသည်။
‘‘ဦးမြင့်ဆို ဘေးရောက်ပြီး လုံးဝမတွေ့ရတော့တဲ့ သဘောပဲ။ တစ်ယောက်တည်းလို ဖြစ်သွားတာ။ အမှန်ဆို လုပ်ပိုင်ခွင့်မရှိတဲ့ အကြံပေးသက်သက်ပဲဆိုရင် သူ့လို ပွင့်ပွင့်လင်းလင်းပြောပြီး လုပ်ရမှာ။ အစိုးရက အကြံယူချင်လည်းယူ၊ မယူချင်လည်းနေပေါ့။ စီးပွားရေးအကြံပေးထဲက တစ်ယောက်နာမည်နဲ့တော့ မပြောချင်ဘူး။ သမ္မတက ဒါဆိုရင် သူလိုက်လုပ်တယ်။ သူလုပ်တဲ့ ပရောဂျက်တွေ မအောင်မြင်ဘူးလို့ ဝေဖန်ခံနေရတယ်။ တကယ်တော့ လျှပ်စစ်၊ မြေယာကိစ္စ တကယ်လိုနေမှန်းသိပေမယ့် ထဲထဲဝင်ဝင် အကြံမပေးရဲဘူးလေ’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အကြံပေးများသည် မြန်မာနိုင်ငံတွင်သာရှိသည် မဟုတ်ပါ။ အမေရိကန်အပါအ၀င် နိုင်ငံတကာအစိုးရအဖွဲ့ အတော်များများမှာ အကြံပေးအစုအဖွဲ့များ ထားရှိကြသည်။ မြန်မာနိုင်ငံတွင် အကြံပေးများပြီး ပွဲမစည်ဟု ဝေဖန်ကြသော်လည်း အာရှဒေသတွင်းနိုင်ငံများနှင့် ယှဉ်လျှင်ပင် အလွန်နည်းပါးနေသေးသည်။ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းတွင် ကဏ္ဍအလိုက် အကြံပေးပေါင်း ရာချီရှိသည်။ အမေရိကန်သမ္မတ အိုဘားမားတွင် အကြံပေးပေါင်း ၄၀၀ ကျော်ရှိသည်။
စင်ကာပူလက်ရှိသမ္မတ တိုနီတန်သည် ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် သူကိုယ်တိုင် ကျောင်းများစွာ လိုက်တက်သည်။ ထို့နောက် စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယုထံတွင် အကြံပေးဝင်လုပ်သည်။ ထို့နောက် နှစ်အနည်းငယ်အကြာတွင် လီကွမ်ယု အစိုးရအဖွဲ့တွင် ၀န်ကြီးတစ်နေရာ ၀င်လုပ်ခဲ့သည်။ ပညာရေးကို ကိုယ်တိုင်ထဲထဲဝင်ဝင် လက်တွေ့ တိုင်းပြည်တွင်းဝင်လုပ်ခဲ့သည့်အကျိုးက လက်ရှိအရှေ့တောင်အာရှတွင် စင်ကာပူက ပညာရေးအဆင့် ထိပ်ဆုံး၌ ရပ်တည်နေနိုင်ပြီ ဖြစ်သည်။
‘‘သမ္မတအကြံပေးဆိုတာ မြန်မာတစ်နိုင်ငံတည်းမှာ ရှိတာမဟုတ်ပါဘူး။ US အပါအ၀င် နိုင်ငံအများစုမှာ ရှိကြပါတယ်။ အကြံပေးရဲ့ကဏ္ဍက အကြံပေးဖို့ပဲ။ သမ္မတက အကြံကို လက်ခံရုံတင်မဟုတ်ဘူး။ အဲဒီအကြံကိုလည်း သူက တခြားစဉ်းစားဆင်ခြင်မှုတွေ လုပ်ရဦးမှာပဲ။ ကျွန်တော်တို့ သင့်တော်တယ်လို့ ယူဆတဲ့အကြံတွေ ဘယ်အကြံဉာဏ်ကိုမဆို လွတ်လပ်စွာပေးလို့ရပါတယ်။ သမ္မတဟာ အကြံပေးတွေဆီကမှ မဟုတ်ပါဘူး။ မြန်မာပြည်သူတိုင်းဆီက အကြံတွေကို ယူဖို့အသင့်ရှိပါတယ်’’ဟု သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက်က ပြောသည်။
မြန်မာသမ္မတ လက်ရှိထားရှိသည့် အကြံပေးအချို့မှာ မြန်မာနိုင်ငံအပြောင်းအလဲတစ်လျှောက်လုံး ပြည်တွင်းမှာနေထိုင်ပြီး လုပ်ကိုင်ခဲ့သည့် ပညာရှင်မျိုး အလွန်နည်းပါးနေပြီး အမေရိကန်နှင့် ဗြိတိန်တို့မှ ဘွဲ့ရတိုင်း လက်တွေ့လုပ်ငန်းခွင်တွင် အဆင်ပြေမည်ဟု မယူဆနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ဇာဂနာက ဝေဖန်ပြောဆိုသည်။
‘‘အိုဘားမားရဲ့ လုံခြုံရေးအကြံပေး အခု UN သံအမတ် Smantha Power ဆို အခု MPC က ဒေါက်တာမင်းဇော်ဦးတို့နဲ့ တစ်အုပ်စုတည်းပဲ။ သူဆို စာအုပ်တွေ အများကြီးရေးတယ်။ လက်တွေ့ မက္ကဆီကိုနယ်စပ်မှာ လေးနှစ်၊ အီရတ်မှာ နှစ်နှစ် အလုပ်လုပ်ဖူးတယ်။ ကျွန်တော်တို့ဆီက အကြံပေးတွေက စာသင်ခန်းထဲက ဆရာတွေပုံစံမျိုး ဖြစ်နေတယ်။ ပြုပြင်ပြောင်းလဲရေးကို Vision, Mission ထား လုပ်သင့်တယ်။ ၅ နှစ်အတွင်း Goal က ဘာလဲ တိတိကျကျပြောပြီး လုပ်ရမယ်။ ဒါမှ ဒေသဆိုင်ရာ အစိုးရတွေ ပါလာမှာ။ ခုက တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရ ဘာလုပ်ချင်နေမှန်းမသိဘူး။ သူတို့လည်း ကောင်းမယ်ထင်တာ ရွေးလုပ်နေတာ’’ဟု ၎င်းကပြောသည်။
အစိုးရသစ်လက်ထက်တွင် သမ္မတဦးသိန်းစိန်က နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများအတွက် အကြံပေးများစွာခန့်၍ ဒီမိုကရေစီအစိုးရ ပီပီပြင်ပြင်တည်ဆောက်ရန် ကြိုးစားနေသည်။ အံ့အားသင့်ဖွယ် အပြောင်းအလဲအချို့ကို နိုင်ငံတကာကလည်း အသိအမှတ်ပြုလာခဲ့ပြီး ဖြေရှင်းရန် ကျန်သေးသည့် စိန်ခေါ်မှုများရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မီးမောင်းထိုးပြထားသည်။ ၀န်ကြီး၊ ဒုဝန်ကြီးများထဲမှ အချို့ကို ပြုပြင်ပြောင်းလဲရေး တတိယလှိုင်းတွင် မလိုက်ပါနိုင်သူများဟုဆိုကာ ယခုလပိုင်းအတွင်း အပြောင်းအရွှေ့လုပ်ခဲ့သည်။
သို့သော် နိုင်ငံတွင်း အမှန်တကယ် လိုအပ်နေသည့် အကြံပေးများကို လူမှန်နေရာမှန်ဖြင့် ထပ်တိုးခန့်ထားခြင်းမျိုး မပြုလုပ်သေးပေ။ သန္တိသုခကျောင်းတိုက်ကိစ္စဖြင့် အချင်းများခဲ့၍ သာသနာရေးအကြံပေးတစ်ဖွဲ့ ထပ်တိုးခန့်ထားခြင်း၊ ပညာရေးတွင် အကြံပေးထပ်ခန့်ခြင်းတို့တွင်လည်း လူရွေးချယ်မှုနှင့်ပတ်သက်၍ ဝေဖန်မှုများရှိခဲ့ကြသည်။
သမ္မတအကြံပေးဆိုသည်မှာ အဆုံးအဖြတ်ပေးရမည့်သူမဟုတ်ဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးအကြံဉာဏ်များကို ပေးရခြင်းဖြစ်ပြီး ၀န်ကြီးဌာနတွေက အကောင်အထည်ဖော်ရခြင်းသာဖြစ်ကြောင်း သမ္မတ၏ ပညာရေးအကြံပေး ဒေါက်တာဒေါ်ရင်ရင်နွယ်ကဆိုသည်။
ထို့ပြင် မည်သည့်အယူအဆကိုမဆို မည်သူ့ရှေ့တွင်မဆို အကန့်အသတ်မရှိ လွတ်လပ်စွာ အကြံဉာဏ်ပေးနိုင်ပြီး ဘယ်အစိုးရအဖွဲ့ကိုမှ အဆင့်ဆင့်ဖြတ်သန်းရခြင်းမရှိကြောင်း သမ္မတ၏ နိုင်ငံရေးအကြံပေး ဒေါက်တာနေဇင်လတ်က ဆိုသည်။ Bi မွန်းတည့်နေ သတင်းသမားနှင့် ထုတ်ဝေသူတို့ ဖမ်းဆီးခံရမှုတွင် အစိုးရဘက်က မှန်ကန်သည်ဟု ယူဆရေးသားထားသဖြင့် လတ်တလော ဝေဖန်ခံနေရခြင်းကိုလည်း သူက ယခုကဲ့သို့ ရှင်းလင်းပြောကြားသည်။
‘‘လုံခြုံရေးရှုထောင့်ကကြည့်ပြီး ကျွန်တော် ‘‘တား-ရေး’’ရေးခဲ့တာ။ ကျွန်တော့်နိုင်ငံအတွက် အဝေဖန်ခံပြီး လုပ်ခဲ့တာကို ကျန်တဲ့သူတွေက ၀င်တွေးပေးနိုင်မှာ မဟုတ်ဘူး။ အဝေဖန်ခံရမယ်လို့ မျှော်လင့်ပြီးသားပဲ။ ကျွန်တော်တို့ လုပ်တာ၊ ကိုင်တာ၊ ပြောတာ၊ ဆိုတာ၊ သိပ်သတိထားတယ်။ လူကြီးကို သက်ရောက်မှုရှိမှာစိုးလို့။ မှန်တာကိုတော့ တင်ပြတယ်။ ဒါပေမဲ့ အကြောင်းမဲ့ ဘယ်သူ့ကိုမှ ပုဂ္ဂလဓိဋ္ဌာန်နဲ့ အကျိုးပျက်အောင် မပြောဖူးဘူး။ အကြံမပေးဖူးဘူး’’ဟု ၎င်းကဆိုသည်။
အကြံပေးများက သမ္မတအပေါ် အကြံပြုချက်များကို အတွင်းရေးအဖြစ် ပေးပို့ခြင်းသာဖြစ်ပြီး မီဒီယာများပေါ်တွင် မဖော်ပြရုံနှင့် အကြံပေးများက အစိုးရကို ဝေဖန်ထောက်ပြခြင်းမရှိဟုပြော၍ မရကြောင်း ဦးရဲထွဋ်ကပြောသည်။
‘‘ဒါဆို ပြည်သူကို ဖယောင်းတိုင်ထွန်းခိုင်းတာကျတော့ မီဒီယာတွေရှေ့မှာလည်း ပြောလို့ရတယ်။ လူသိရှင်ကြား ပြည်သူကိုကျတော့ ဆရာလုပ်လို့ရတယ်။ သမ္မတကိုကျတော့ တိတ်တိတ်လေးပဲ ဆရာလုပ်မယ့် သဘောပေါ့။ ပွင့်လင်းမြင်သာမှုက မရှိဘူး။ အရင်က လူကောင်းတွေလည်း အစိုးရအဖွဲ့ထဲ ရောက်သွားရင် နီးစပ်သွားရင် တစ်နည်းနည်းနဲ့ နားလည်ရခက်သွားတာပါပဲ’’ဟု သာကေတမြို့နယ်မှ အငြိမ်းစားကျောင်းဆရာကြီး ဦးခင်မောင်ဝင်းကပြောသည်။
အကြံပေးဆိုသည်မှာ သမ္မတ၏ အကြံရယူရာ အရင်းအမြစ်များထဲမှတစ်ခု ဖြစ်သည်။ ကိစ္စတစ်ခုချင်းပေါ်တွင် အကြံပေးအမြင်တစ်ခုတည်းသာမက သက်ဆိုင်ရာနှင့် ဆက်စပ်ဝန်ကြီးဌာန သဘောထား၊ နိုင်ငံတကာစံနှုန်း၊ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေပြဋ္ဌာန်းချက်များ အားလုံးနှင့် ချိန်ထိုးပြီးမှ ဆုံးဖြတ်ရခြင်း ဖြစ်သည်။ ထို့ကြောင့် အကြံပေးများကြောင့် အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကို ဆုံးဖြတ်မရနိုင်ဟု ဦးရဲထွဋ်ကဆိုသည်။ ဦးသိန်းစိန်အစိုးရ သက်တမ်း ၁၉ လ ကျန်ပါသေးသည်။
မြန်မာတွင်လည်း ပြုပြင်ပြောင်းလဲရေးများ နောက်ပြန်လှည့်မည့်လက္ခဏာများ တွေ့နေရပြီး စစ်တပ်အခန်းကဏ္ဍကို လျှော့ချဖို့ နိုင်ငံတကာက အကြံပြုထားသည်။ ယခုထိတော့ အစိုးရက ပြုပြင်ပြောင်းလဲရေး တတိယလှိုင်းကို အမည်သစ်တပ်၍ ပုံစံတစ်မျိုးဖြင့် ကျန် ၁၉ လကို ဖြတ်သန်းဖို့ ပြင်ဆင်နေပါပြီ။ အကြံပေးများ၊ သမ္မတနှင့် အစိုးရအဖွဲ့အတွက် အလုပ်ပါသော အကြံများကို ပြတ်ပြတ်သားသားပေးဖို့ လိုအပ်နေပြီ ဖြစ်ပါသည်။ အချိန်များစွာ မကျန်တော့ပါ။ ။
Credit - 7DAY DAILY

No comments:
Post a Comment