Monday, August 25, 2014

ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဥပဒေ တကယ်အသက်ဝင်လာမှာလား


၂ဝ၁၄ ခုနှစ် မတ် ၁၄ ရက်တွင် စတင်ပြဌာန်းခဲ့သည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေသည် လက်ရှိအချိန်တွင် နည်းဥပဒေအဖြစ် ထွက်ပေါ်လာမှု မရှိသေးသော်လည်း ငွေကြေးခဝါချမှုများတိုက်ဖျက်၍ ဥပဒေသစ်အား အသက်သွင်းရန် အစိုးရက စတင်ခြေလှမ်းပြင်ဆင်မှုများ ပြုလုပ်လာနေပြီဖြစ်သည်။


ြ မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု အမြင့်ဆုံးနိုင်ငံများတွင် ထိပ်ဆုံးမှရှိနေခြင်း၊ ပြဌာန်းပြီးသည့် ဥပဒေများစွာ ရှိနေသော်လည်း အမှန်တကယ် အသက်ဝင်မှု နည်းပါးနေခြင်း၊ မြန်မာနိုင်ငံ၏ ထိပ်တန်းအဆင့် ချမ်းသာကွယ်ဝသူများနှင့် ခရိုနီဟု လူသိများနေသည့် လူပုဂ္ဂိုလ်များမှာ မြန်မာနိုင်ငံ၏ ယခင်စစ်အစိုးရနှင့်သာမက လက်ရှိဒီမိုကရေစီ အစိုးရနှင့်ပါ ရင်းနှီးမှုတည်ထောင်ထားနိုင်သည်။

ထို့ပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ဩဂုတ် ၂ဝ ရက်ကပြုလုပ်ခဲ့သည့် ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ် ပထမလေးလပတ် အစည်းအဝေး၌ အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအတွင်း လာဘ်ပေးလာဘ်ယူမှုများ၊ အဂတိလိုက်စားမှုများ ရှိနေဆဲဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှုများ ပပျောက်စေရန် ဝန်ထမ်းများ၏ စိတ်ဓာတ်ကအစ ပြောင်းလဲပစ်ရန် လိုအပ်ပါကြောင်း၊ ကျန်ရှိသည့်ကာလအတွင်း လာဘ်ပေးလာဘ်ယူမှု လျော့နည်းပပျောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ဝန်ခံပြောကြားလိုက်သည်။

လက်ရှိတွင် လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်များ ဖွဲ့စည်းနိုင်ခဲ့ပြီး ဖြစ်သော်လည်း တိုင်းပြည်အခြေအနေကြောင့် အဂတိလိုက်စားမှုများအား စုံစမ်းဖော်ထုတ်မှုနှင့် ပြည်သူများသိရှိရန် ဖော်ပြမှုများမှာ မရှိသလောက် နည်းပါးနေဆဲဖြစ်သည်။ ထိုအချိန်တွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအား အသစ်ပြင်ဆင်ပြဌာန်း၍ ပြည်ထဲရေးဝန်ကြီးဦးဆောင်သည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့အား ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် ၅၆/၂ဝ၁၄ ဖြင့် ဩဂုတ် ၁၄ ရက်က ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့အား ဩဂုတ်တတိယပတ်တွင် ထပ်မံဖွဲ့စည်းလိုက်ကာ အဆိုပါအဖွဲ့မှ တာဝန်ရှိသူများက ငွေကြေးခဝါချမှုဆိုင်ရာတွင် အဓိက တာဝန်ရှိလာနိုင်သည့် ဘဏ်လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များသို့ ဥပဒေဆိုင်ရာဟောပြောမှုများ စတင်ပြုလုပ်ခြင်းဖြင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့အား အသက်သွင်းနိုင်ရန် ပြင်ဆင်လာခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံနှင့် ဥပဒေများ

မြန်မာနိုင်ငံတွင် ဥပဒေပေါင်း ၁၃ဝဝ ခန့် ပြဌာန်းခဲ့သော်လည်း ၄ဝဝ ကျော်ခန့်မှာ ပြန်လည်ဖျက်သိမ်းခြင်းနှင့် အသစ်ပြန်လည် ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ လက်ရှိ ပြည်ထောင်စုလွှတ်တော်ခေတ်တွင် ဥပဒေပေါင်း ၁ဝဝ ခန့်အား ပြင်ဆင်ပြဌာန်းမှုများ ပြုလုပ်နိုင်ခဲ့သည်။ ထိုသို့သော ဥပဒေများတွင် အဂတိလိုက်စားမှု၊ တရားမဝင်ရရှိသည့် ငွေမည်းများခဝါချနိုင်မှု စသည့်ပြစ်မှုများအား အရေးယူနိုင်သည့် ဆက်စပ်ဥပဒေ ၂၅ ခုခန့် ရှိနေသော်လည်း အသက်ဝင်မှု နည်းပါးခဲ့ကြောင်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးသန်းမောင် (စစ်တွေ) က ပြောကြားသည်။

ငွေကြေးခ၀ါချခြင်းနှင့် အကြမ်းဖက်မှုများအတွက် ငွေကြေးထောက်ပံ့ခြင်း

မူးယစ်ဆေးဝါး ရောင်းချရငွေများသည် မူးယစ်ဆေးဝါးရောင်းချမှုမှ ရရှိသည့်ငွေ၌သာ ရှိနေမည်ဆိုပါက ငွေမည်းခဝါချမှုအဖြစ် ရောက်ရှိမည်မဟုတ်ချေ။ ထိုအချိန်၌ ဖမ်းဆီးခံရမည်ဆိုပါက မူးယစ်ဆေးဝါး ပြစ်မှုဖြင့်သာ အရေးယူခံရမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ မူးယစ်ဆေးဝါး ရောင်းချရငွေအား မြန်မာနိုင်ငံ၏ ငွေကြေးဈေးကွက်အတွင်း ရောက်ရှိစေရန် ရွှေ၊ ငွေ၊ အိမ်ခြံမြေ၊ စိန်၊ ကား စသည့်ကဏ္ဍများ၌ မြှုပ်နှံလိုက်ပါက ငွေကြေးခဝါချမှုအဖြစ်သို့ ရောက်ရှိကာ မူးယစ်ဆေးဝါးအမှုအပြင် ငွေကြေးခဝါချမှုနှင့်ပါ အရေးယူခံရသည့် အနေအထားသို့ ရောက်ရှိမည်ဖြစ်ကြောင်း ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့မှ ရဲမှူးမြင့်စိုးက ဩဂုတ် ၂၂ ရက်တွင် ပြောကြားသည်။

မြန်မာနိုင်ငံနှင့် နိုင်ငံတကာကွန်ဗင်းရှင်းများတွင် ပါဝင်လက်မှတ်ရေးထိုးမှု အခြေအနေ

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း လိုက်နာကျင့်သုံးရသည့် နိုင်ငံတကာ ကွန်ဗင်းရှင်းများတွင် လိုက်နာမည်ဖြစ်ကြောင်း လက်မှတ်များရေးထိုးရာတွင် ငွေကြေးခဝါချမှုနှင့်ဆိုင်သည့် နိုင်ငံတကာ ကွန်ဗင်းရှင်းများဖြစ်သည့် ၁၉၈၈ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တရားမဝင် သယ်ဆောင်ရောင်းဝယ်ခြင်း တိုက်ဖျက်ရေး ကုလသမဂ္ဂကွန်ဗင်းရှင်း၊ ၂ဝဝဝ ပြည့်နှစ် နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ ၁၉၉၉ ခုနှစ် အကြမ်းဖက်မှုများကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း၊ ၂ဝဝ၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း စသည့်ကွန်ဗင်းရှင်းများတွင် အဖွဲ့ဝင်ထားသည်။ ထိုသို့ အဖွဲ့ဝင်ထားသော်လည်း အမှန်တကယ်ထိရောက်အောင် လုပ်ဆောင်နိုင်မှု မရှိသေးကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံအား ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့မှ (Financial Action Task Force (FATF) က မြန်မာနိုင်ငံသည် FATF နှင့် ပူးပေါင်းဆောင်ရွက်မှုမရှိသော နိုင်ငံအဖြစ် ၂ဝဝ၁ ခုနှစ်တွင် မြန်မာနိုင်ငံကို ထည့်သွင်းသတ်မှတ်လိုက်ပြီး ၂ဝဝ၃ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် မြန်မာနိုင်ငံအား ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ နည်းဥပဒေနှင့် ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေးပြဌာန်းရန် ပျက်ကွက်လျက်ရှိခြင်းကြောင့် Counter Mea Sure ဖြင့် စတင်အရေးယူခဲ့ပြီး လက်ရှိအချိန်အထိ အရေးယူမှု အဆင့်ဆင့်ဖြင့် ဆက်လက်လုပ်ဆောင်မှုများ ရှိနေသည့်အတွက် လက်ရှိအချိန်တွင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအား ဆောင်ရွက်လာခြင်းဖြစ်ကြောင်း ဒုရဲမှုးမြင့်စိုးက ပြောကြားသည်။ ထိုသို့ အရေးယူခံရမှုကြောင့် ၂ဝဝ၃ ခုနှစ်ဝန်းကျင်တွင် နိုင်ငံတကာမှ မြန်မာနိုင်ငံအတွင်း လာရောက်မြှုပ်နှံသည့် အဖွဲ့အစည်းများသည် စက်ရုံ၊ အလုပ်ရုံများ ပိတ်သိမ်း၍ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားမှုများအား စွန့်ခွာသွားမှုများရှိခဲ့ကြောင်း ဒုရဲမှူးမြင့်စိုးက ဆက်လက်ပြောကြားသည်။

ထိုသို့သော အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ (Egmont Group) ကဲ့သို့သော အဖွဲ့အစည်းများတွင် ဝင်ရောက်နိုင်မှု မရှိခြင်းနှင့် တားဆီးခံရခြင်း အနေအထားများကြောင့် မြန်မာနိုင်ငံသည် နိုင်ငံဖြတ်ကျော် ငွေကြေးခဝါချမှုများအား တားဆီးနိုင်ရန် ထိုင်းနိုင်ငံ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး၊ အင်ဒိုနီးရှားနိုင်ငံ လွှဲပြောင်းမှု သတင်းပို့ချက်များ စိစစ်ရေးဗဟိုဌာန၊ ဘင်္ဂလားဒေ့ရှ် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ ကိုရီးယားနိုင်ငံ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ ရုရှားပြည်ထောင်စုနိုင်ငံ၊ ဘဏ္ဍာရေးစောင့်ကြည့် စစ်ဆေးရေးဌာန၊ သီရိလင်္ကာနိုင်ငံ ငွေကြေးစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ နီပေါနိုင်ငံ ငွေကြေးဆိုင်ရာ သတင်းအချက်အလက်များ ဌာနတို့နှင့် ငွေကြေးခဝါချမှုများ အပါအဝင် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အချက်အလက်များ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ထားပြီး ဗြိတိန်၊ ဂျပန်နိုင်ငံတို့နှင့် နားလည်မှုစာချွန်လွှာ ဆက်လက်ရေးထိုးရန် ညှိနှိုင်းမှုပြုလုပ်ထားကြောင်း ဒုရဲမှူးမြင့်စိုးက ပြောကြားသည်။

ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်းအကြား ခြားနားချက်

ငွေကြေးခဝါချမှုများသည် အမြတ်အစွန်းအား ဦးတည်ခြင်း၊ တရားမဝင်လုပ်ငန်းများမှ ရရှိခြင်း၊ ငွေမည်းကို ငွေဖြူဖြစ်အောင် ပြုလုပ်ခြင်း၊ ဆောင်ရွက်ပြီးချိန်တွင် အမြတ်ရရှိခြင်းများ ဖြစ်ပေါ်ပြီး မြန်မာနိုင်ငံတွင် ၂ဝဝ၅ ခုနှစ်ဝန်းကျင်က မင်္ဂလာဈေးမှ လုပ်ငန်းရှင်တစ်ဦးသည် ထိုင်းနိုင်ငံသို့ မူးယစ်ဆေးဝါးများတင်ပို့၍ ထိုင်းနိုင်ငံမှ အထည်အလိပ်များ ပြန်လည်တင်သွင်းကာ ငွေဖြူအဖြစ် ပြောင်းလဲမှုအား မည်သူမျှ သတိမထားမိသော်လည်း အရေးယူနိုင်ခဲ့ကြောင်း ဒုရဲမှူးမြင့်စိုးက ဆိုသည်။ ထိုသို့သော အခြေအနေများသည် မူးယစ်ဆေးဝါးမှ ရရှိငွေဖြင့် လုပ်ငန်းလည်ပတ်သည့်အတွက် သာမန်လုပ်ငန်းရှင်များ ယှဉ်ပြိုင်နိုင်မှု ခဲယဉ်းကြောင်း၊ ထိုကဲ့သို့သော ငွေများမှ ရငွေဖြင့် လုပ်ပိုင်ခွင့်ရှိသော ညွှန်မှူး၊ ညွှန်ချုပ်များအား လာဘ်ငွေပေး၍ လုပ်ငန်းကြီးများရယူကာ ပိုမိုကြီးထွားလာနိုင်ကြောင်း ထိုသို့သော လုပ်ငန်းကြီးများ၏ ဝင်ငွေစီးကြောင်းအား ရိုက်ချိုးနိုင်ရန်နှင့် အရေးယူနိုင်ရန် လိုအပ်ကြောင်း ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ဝင်းသိန်းက ပြောကြားသည်။

ထို့ပြင် တရားမဝင်ငွေများအား ငွေဖြူအဖြစ် ပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံအတွင်း ပြည်သူများ ဒုက္ခရောက်စေမည့် ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်လာစေမည် ဖြစ်သည့်အတွက် ယင်းတို့၏ ပိုင်ဆိုင်မှုများ ကြီးထွားမလာရေး လုပ်ဆောင်ရန်မှာ အရေးကြီးကြောင်း ရဲမှူးကြီးကျော်ဝင်းသိန်းက ဆက်လက်ပြောကြားသည်။

အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့ခြင်းဆိုသည်မှာ ပမာဏနည်းနည်းနှင့် လူအများက ထောက်ပံ့မှုများဖြစ်လာပြီး ထောက်ပံ့သူများပြားလာပါက အကြမ်းဖက် တိုက်ခိုက်မှုများကို ဖြစ်စေနိုင်ကြောင်း ဒုရဲမှူးမြင့်စိုးက ဆက်လက်ပြောကြားသည်။
အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့မှု လုပ်ငန်းစဉ်များသည် ခံယူချက်အား ဦးတည်ခြင်း၊ ငွေအမြတ်အစွန်းအား အဓိကမထားခြင်း၊ ငွေပမာဏနည်းနည်းဖြင့် လုပ်ဆောင်နိုင်ခြင်း၊ ငွေဖြူငွေမည်းများမှ ထောက်ပံ့ငွေရရှိနိုင်ခြင်း၊ ဆောင်ရွက်ပြီးချိန်တွင် အကျိုးအမြတ်မရှိခြင်း စသည့်ဖြစ်စဉ်များဖြစ်ပြီး ငွေကြေးခဝါချမှုနှင့် ခြားနားကြောင်း ရဲမှူးကြီးကျော်ဝင်းသိန်းက ပြောကြားသည်။ ထိုသို့သော အကြမ်းဖက်မှုများအဖြစ် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် Rohingya Solidarity Organization-RSO သောင်းကျန်းသူများ၊ Japan Isalamic ကဲ့သို့သော ဒေသတွင်း ဖြစ်လာနိုင်သည့် အကြမ်းဖက်မှုများအား တားဆီးတိုက်ဖျက်နိုင်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရဲမှူးကြီးကျော်ဝင်းသိန်းက ပြောကြားသည်။

ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေး ဥပဒေနှင့် မြန်မာနိုင်ငံအတွင်း ငွေမည်းများ အဓိကစီးဝင်ရာ နေရာ

ငွေကြေးခဝါချမှုတိုက်ဖျက်ရေး နည်းဥပဒေအား လက်ရှိအချိန်တွင် အမြန်ဆုံးပြဌာန်းနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိအချိန်တွင် နည်းဥပဒေ၏ ပထမမူကြမ်းအား ရေးဆွဲပြီးဖြစ်ပြီး ယခုလကုန်ပိုင်းတွင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကြံပြုရယူမှုများပြုလုပ်ကာ ဒုတိယမူကြမ်းအား အတည်ပြုမည်ဖြစ်ပြီး ရှေ့နေချုပ်ရုံးသို့ ဆက်လက်တင်ပြမည်ဖြစ်သည်။ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၏ အစုရှယ်ယာများအား ဝယ်ယူမြှုပ်နှံမည့် ဦးအေးနေဝင်းတို့၏ အမေရိကန်ဒေါ်လာများ ငွေဖြူဟုတ်မဟုတ်ဆိုသည့် စုံစမ်းမှုများအပြင် မူးယစ်ဆေးဝါးမှုနှင့် အခြားအမှုပေါင်းငါးမှုအား ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီးဦးကျော်ဝင်းသိန်းက မြန်မာနိုင်ငံဘဏ်များ အသင်းရုံး၌ ပြုလုပ်ခဲ့သည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ ဆွေးနွေးပွဲအစီအစဉ်တွင် ပြောကြားသည်။

ထိုသို့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေ၏ နည်းဥပဒေအား ထုတ်ပြန်နိုင်မှု မရှိသေးသော်လည်း လက်ရှိစုံစမ်းနေသည့် အမှုများကိုမူ တရားမဝင်သော နည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေ၏ နည်းဥပဒေဖြင့်ပင် အရေးယူနိုင်ကြောင်းလည်း ဦးကျော်ဝင်းသိန်းက ပြောကြားသည်။

မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းသို့ မူးယစ်ဆေးဝါး၊ ကျောက်မျက်၊ သစ်နှင့် အဂတိလိုက်စားမှုမှ ရရှိသောငွေများ ဝင်ရောက်မှုရှိနေကြောင်း အိမ်၊ ခြံ၊ မြေလုပ်ငန်းနှင့် ဥပဒေအကျိုးဆောင် လုပ်ငန်းများမှ တာဝန်ရှိသူများက ဆိုထားသည်။

ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေး လုပ်ဆောင်ရာတွင် အဓိကကြုံလာရနိုင်သည့် အခက်အခဲများ

မြန်မာနိုင်ငံ၏ လုပ်ငန်းရှင်အချို့သည် သစ်မှောင်ခိုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းများမှ ရငွေများဖြင့် လုပ်ငန်းများလုပ်ဆောင်မှု ရှိသည့်အတွက် အဆိုပါ အဖွဲ့အစည်းများအား နိုင်ငံတကာ၏ အရေးယူမှု၊ ပိတ်ဆို့မှုများ ပြုလုပ်ထားသည်။ ထို့ပြင် ထိုလုပ်ငန်းရှင်များသည် လွှတ်တော်အတွင်း အစိုးရအဖွဲ့၏ ပိုင်ဆိုင်မှုများအား ပြည်သူများသိရှိရေး ဖော်ထုတ်ပြရန် ဆွေးနွေးစဉ်က ပိုင်ဆိုင်မှုချမပြရန် လုပ်ဆောင်နိုင်ခဲ့သည့် အစိုးရအဖွဲ့နှင့်နီးစပ်သော ဆက်ဆံရေးများ ရှိနေခြင်းကြောင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး လုပ်ဆောင်သူများအနေဖြင့် အခက်အခဲများစွာ ကြုံတွေ့ရနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

“တော်တော်ခဲယဉ်းတဲ့ ကိစ္စပါ။ ဒီဥပဒေရဲ့ ဥပဒေကလည်း ၂ဝဝ၂ ကတည်းက ရှိခဲ့တယ်။ ဒီဥပဒေရှေ့မှာလည်း အလားတူဥပဒေတွေ ရှိခဲ့တယ်။ ရာဇဝတ်ပြင်ဆင်ချက် ဥပဒေမျိုးလို ဥပဒေတွေ ကျွန်တော်လုပ်ထားတဲ့ စစ်တမ်းအရဆို ဒီငွေကြေးခဝါချမှုနဲ့ ဆက်စပ်တဲ့ဥပဒေ ၂၅ ခုကျော် ရှိတယ်။ တိတိကျကျအောင် မြင်ဖို့ဆိုရင်တော့ ဒီကိစ္စက တော်တော်မလွယ်တဲ့ ကိစ္စပါ။ နိုင်ငံကြီးတစ်ခုလုံးက အဂတိလိုက်စားမှု ဝဲဩဃမှာ ရပ်တည်နေရတာ ဖြစ်တဲ့အတွက် တော်တော့်ကို ခဲယဉ်းမယ်။ လုပ်ကိုင်ရတဲ့ သူတွေအဖို့လည်း တော်တော်ခဲယဉ်းမယ်။ ဒါက အောက်ခြေကို ကိုင်လှုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ အတိတ်ကော၊ အနာဂတ်ရော၊ ပစ္စုပန်ကိုပါ ကိုင်လှုပ်ရမှာ ဖြစ်နေတယ်။ မလွယ်တော့မလွယ်ဘူး။ မလွယ်ဘူးဆိုပြီး ဒီအတိုင်းထားလို့လည်း မဖြစ်ဘူး။ ကမ္ဘာကလည်း မျက်စိဒေါက်ထောက်ကြည့်နေပြီ။ ကိုယ့်အထုပ် ကိုယ်ဖြည်ပြသလိုလည်း ဖြစ်သွားနိုင်တယ်။ လက်ရှိလုပ်ဆောင်နေပုံတွေကိုလည်း အားမရပါဘူး။ အားမရဘူးဆိုတာက သူတို့မှာလည်း လုပ်ချင်တိုင်းလုပ်လို့မရတဲ့ ကြိုးကိုင်သူများ ရှိနေသလားလို့တောင် ထင်မိတယ်” ဟု ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးသန်းမောင် (စစ်တွေ) က ဆိုသည်။

နိုင်ငံတော်အဆင့် တာဝန်ရှိသူ အချို့နှင့် ဆက်နွှယ်မှုရှိနေနိုင်သည့် မြန်မာနိုင်ငံ၏ လုပ်ငန်းရှင်အချို့၏ လုပ်ငန်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် လုပ်ငန်းရှင်များ အဓိကစုဝေးရာ ကုန်သည်စက်မှုအသင်းချုပ် အနေဖြင့် ငွေမဲများစီးဝင်ရာတွင် သိလျက်နှင့် လက်ခံထားပါက အပြစ်ဖြစ်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ငွေမဲများစီးဝင်မှုအား လက်ခံခြင်းသည်လည်း ပြစ်မှုကျူးလွန်ခြင်းသာဖြစ်ကြောင်း UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

“ငွေကြေးခဝါချမှုကိုလုပ်ရင် တခြားဟာတွေ ထိခိုက်တာမျိုး ရှိတယ်။ ၂ဝဝဝ ပြည့်နှစ်လောက်မှာ ဘဏ်ကြီးတွေ ပြိုလဲခဲ့တော့ ငွေကြေးစနစ်တစ်ခုလုံး ပြိုလဲခဲ့တယ်။ ဘယ်သူတွေ နေ့ချင်းညချင်း ချမ်းသာသွားတယ်။ ဘယ်ဝန်ကြီးက ဘယ်လိုဆိုတာ စသည်ဖြင့်ပေါ့။ ဒါမျိုးတွေကို ကျွန်တော်တို့လုပ်ရမှာ။ တစ်ဦးတစ်ဖွဲ့ဆိုတာမျိုး မလုပ်ဘဲနဲ့ နိုင်ငံအဆင့်လုပ်ရမှာ အရမ်းကျယ်ပြန့်ပါတယ်။ နေ့ချင်းညချင်း လုပ်လို့မရဘူး။ တစ်ဆင့်ချင်းလုပ်ရမယ်။ တစ်ဦးချင်းတစ်ဖွဲ့ချင်း ဆိုတာထက် ငွေကြေးခဝါချမှု တစ်ခုလုံးကို တိုက်ဖျက်ဖို့လိုတယ်” ဟု ရဲမှူးကြီးကျော်ဝင်းသိန်းက ဩဂုတ် ၂၂ ရက်က ပြောကြားသည်။

“တစ်စကို ဆွဲထုတ်လိုက်ရင် အကုန်လုံးပါလာမယ့်ကိစ္စ ဖြစ်နေတယ်။ အသက် ၂ဝ လောက် ချာတိတ်လေးက သန်းပေါင်းများစွာနဲ့ လုပ်ငန်းကြီးတွေ လုပ်နိုင်တယ်။ ဘယ်မျိုးဆက်မှာ ဘယ်လောက်ချမ်းသာခဲ့လို့၊ သန့်ရှင်းတဲ့ငွေတွေပါ ဘယ်လောက်ပြောပြော ဘယ်သူကယုံမလဲ။ အခု ချမ်းသာသူတွေက တိုင်းပြည်မှာ ပုံမှန်လုပ်လို့ မရနိုင်တဲ့ ငွေကြေးတွေကို ပုံမမှန်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အရမ်းကို အကျိုးအမြတ် ရသွားတယ်။ တစ်ဖက်မှာ ပြည်သူကလည်း မကြုံဖူးလောက်အောင် ဆင်းရဲသွားပြီး တစ်ဖက်ကလည်း မကြုံဖူးလောက်အောင် ချမ်းသာသွားတယ်။ ဒီလိုနိုင်ငံမှာ ဒီလိုကွာဟမှုတွေ ဖြစ်သွားတာက တစ်ခုတလေ မှားယွင်းမှုကြောင့် မဟုတ်ဘဲ စနစ်တစ်ခုလုံး အကြီးအကျယ် မှားယွင်းမှုကြောင့်ပါ။ ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးဆိုရင် တကယ်လုပ်ပေါ့။ တကယ်လုပ်ချင် ဖြစ်ပါတယ်။ နည်းနည်းတော့နာမယ်။ ကိုယ်ကိုယ်တိုင်လည်း နာချင်နာမယ်။ အနာခံပြီးလုပ်မှလည်း ဒီဥပဒေ အသက်ဝင်မယ်။ ဒီလိုကြားထဲက ပြည်ထဲရေးက ဒါကိုလုပ်မယ်ဆိုတော့ လုပ်နိုင်ပါစေလို့ ဆုတောင်းရမှာပေါ့” ဟု ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးသန်းမောင် (စစ်တွေ) က သုံးသပ်ပြောကြားသည်။
Credit - Eleven Media Group 

 

No comments:

Post a Comment