(Written by: နေထွန်းနိုင်၊ မာန်သူရှိန်)
(၁)တိုင်းပြည်ရဲ့ သယံဇာတတွေ အကုန်လုံးကို ရောင်းစားခဲ့ကြပြီးပါပြီ။
ကျောက်စိမ်း၊ တွင်းထွက်၊ သစ် နောက်ဆုံး အမျိုးသမီးတွေကိုပါမချန် တရုတ်အတွက်
ပို့ကုန်လုပ်ခဲ့ကြပြီးပါပြီ။ အခုချိန်မှာ ရန်ကုန်မြို့ရဲ့ နှလုံးသည်းပွတ်၊
မြန်မာနိုင်ငံရဲ့ နှလုံးသည်းပွတ်၊ ပင်လယ်ထွက်ပေါက်နဲ့နီးပြီး
တန်ဖိုးအရှိဆုံး မြေနေရာကို ရောင်းစားဖို့ ပြင်ဆင်လာတာ တွေ့ရပါတယ်။
ဩဂုတ် ၂၂ ရက်မှာလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်
အစည်းအဝေးမှာ ဒီကိစ္စ ပေါ်ပေါက်လာပါတယ်။ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က
ရန်ကုန်မြို့သစ် စီမံကိန်းကို ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနဲ့
တွံတေးမြို့နယ်တွေမှာရှိတဲ့ မြေဧက ၃ဝဝဝဝ ပေါ်မှာ အကောင်အထည်ဖော်မယ်လို့
ဆိုတယ်။ စီမံကိန်းကို မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက
အကောင်အထည်ဖော်မယ်။ မြို့သစ်စီမံကိန်းပြုလုပ်မယ့် မြေတွေအတွက် လယ်ယာမြေ
ဥပဒေပုဒ်မ ၂၉ အရ ခွင့်ပြုချက်ရထားပြီးပြီ။ မြို့မြေအဖြစ် သတ်မှတ်ဖို့
တည်ဆဲဥပဒေတွေနဲ့အညီ ဆောင်ရွက်နေပြီလို့ ပြောတယ်။
စီမံကိန်းအတွက်
ရင်းနှီးမြှုပ်နှံမှုကို ငွေကျပ်ဘီလျံ ၇ဝဝဝ၊ အမေရိကန်ဒေါ်လာ ရှစ်ဘီလျံနဲ့
သုံးနှစ်အတွင်း ရာခိုင်နှုန်း ၇ဝ ပြီးအောင် လုပ်မယ်။ ကုမ္ပဏီက အဆင့်မြင့်
တန်ဖိုးနည်းအိမ်ရာ ၂ဝဝဝဝ၊ မိဘမဲ့ကလေးဦးရေ ၂ဝဝဝ အတွက် အဆင့်မြင့်ကျောင်း
တစ်ကျောင်း၊ ဘိုးဘွား ၂ဝဝဝ ဆံ့ အဆင့်မြင့်ရိပ်သာ တစ်ခု၊ ခြောက်လမ်းသွား
မြစ်ကူးတံတား ငါးစင်းကို နိုင်ငံတော်ကို ပြန်လှူ မယ်လို့ ဦးလှမြင့်က
ပြောခဲ့ပါတယ်။ စီမံကိန်း ဧရိယာအတွင်းက လယ်ယာလုပ်ကိုင်သူတွေ၊
ကျေးရွာငယ်တွေမှာ နေထိုင်သူတွေကို နစ်နာမှုမရှိအောင် မြေသိမ်းမှုတွေအပေါ်
ကုမ္ပဏီက လုံးဝတာဝန်ယူ ညှိနှိုင်းဖြေရှင်းပေးမယ်ဆိုတဲ့ အချက်တွေလည်း ပါပါတယ်။
မြို့သစ်အတွက် လိုအပ်မယ့် လျှပ်စစ်မီး၊ ရေ၊ မီးဘေးလုံခြုံရေးတွေကိုလည်း
လုံလောက်စွာထားပေးမယ်။ မြို့သစ်စိမ်းလန်းစိုပြည်ရေးအတွက်လည်း
လုပ်မယ်လို့ဆိုတယ်။
(၂)
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးမြင့်ဆွေကိုယ်စား မြို့တော်ဝန်ဦးလှမြင့်က လွှတ်တော်မှာ သဝဏ်လွှာဖတ်ရင်း
မြို့ပြသစ်စီမံကိန်းအကြောင်း ပြောခဲ့တာပါ။ လွှတ်တော်ရဲ့ အကြံပြုချက်
တောင်းခံတာမဟုတ်သလို လုပ်ဖို့ဆုံးဖြတ်ထားတဲ့ စီမံကိန်းတစ်ခုကို
ဝတ်ကျေတန်းကျေ အသိပေးပြောတဲ့ ပုံစံမျိုးပါ။
ဒီလိုမပြောမီမှာ
စီမံကိန်းအကြောင်းအရာကို လျှို့ဝှက်ခဲ့ပါတယ်။ လျှို့ဝှက်ရတဲ့ အကြောင်းရင်းက
စီမံကိန်းအတွက် ပြင်ဆင်မှုတွေ လုပ်တဲ့အခါ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ
ပေါ်လာနိုင်တဲ့အတွက် စီမံကိန်းသတင်း လုံခြုံမှုကို ကန့်သတ်ခဲ့ရတယ်လို့
ဦးလှမြင့်က ပြောပါတယ်။ သူ့ရဲ့ပြောဆိုမှုကို လွှတ်တော်ကိုယ်စားလှယ်တွေက
လက်မခံပါဘူး။ ပြည်သူလူထုအတွက်လည်း အံ့ဩစရာ ဖြစ်ခဲ့ပါတယ်။ အံ့ဩတယ်ဆိုတာထက်
စိုးရိမ်စိတ်တွေ ပိုများခဲ့တာပါ။
မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး
ပြည်သူလူထု စိုးရိမ်ခဲ့ကြတဲ့ အဓိကအချက် နှစ်ချက်ရှိပါတယ်။ (၁) အချက်က
ဒီစီမံကိန်းကို ဘာကြောင့်လျှို့ဝှက် ရေးဆွဲခဲ့တာလဲ။ (၂) အချက်က
စီမံကိန်းကို အကောင်အထည်ဖော်မယ့် မြန်မာ့စေတနာ မြို့သစ်အများပိုင်
ကုမ္ပဏီဆိုတာ ရုတ်တရက်ပေါ်လာတဲ့ကုမ္ပဏီ ဖြစ်တဲ့အချက်ပါ။ ဘာတွေလုပ်နေမှန်း
မသိရသလို ဘယ်သူတွေ ပိုင်ဆိုင်ထားမှန်းလည်း မသိပါဘူး။
အခုချိန်အထိ
အခြေအမြစ် အတိအကျ မသိရ၊ ရေရေရာရာ ဘာမှမသိရသေးတဲ့ ကုမ္ပဏီတစ်ခုကို အရေးပါတဲ့
စီမံကိန်းတစ်ခု လက်လွတ်စပယ် ပေးခဲ့တယ်လို့ အထင်ရောက်စေတဲ့
ဒီကိစ္စရဲ့နောက်ကွယ်မှာ ဘာတွေဘယ်လို ပတ်သက်မှုရှိနေလဲ။
(၃)
၂ဝ၁၂
ခုနှစ်အတွင်းပဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အစီအစဉ်၊ သမ္မတရုံးရဲ့
ခွင့်ပြုချက်နဲ့ ပေါ်ပေါက်လာတဲ့ တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာ
စီမံကိန်းဆိုတာ ပေါ်လာခဲ့တယ်။ တန်ဖိုးနည်းအိမ်ရာဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ခရိုနီတွေကို လုပ်ငန်းလုပ်ကိုင်ခွင့်ပေးခဲ့ပြီး တိုက်ခန်းတစ်ခန်း
ကြမ်းခင်းဈေး ကျပ်သိန်း ၃ဝဝ ခန့် သတ်မှတ်ခဲ့တာကြောင့် ရန်ကုန်မြို့တွင်း
ကန်ထရိုက်တိုက်ခန်းတွေရဲ့ ဈေးနှုန်းဟာ နှစ်ဆခွဲသုံးဆအထိ မြင့်တက်သွားပါတယ်။
အိမ်ပိုင်၊ တိုက်ခန်းပိုင်မရှိတဲ့သူတွေ မဆိုထားနှင့် အိမ်ပိုင်၊
တိုက်ခန်းပိုင်ဝယ်ဖို့ ငွေစုထားတဲ့သူတွေတောင် အခုချိန်ထိ မဝယ်နိုင်တဲ့
အခြေအနေ ဖြစ်ကုန်ပါတယ်။ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဆိုတာ ရေနစ်သူကို
ဝါးကူထိုးသလို ဖြစ်ခဲ့ပါတယ်။
ဩဂုတ် ၂ဝ ရက်မှာ သမ္မတဦးသိန်းစိန်က
လက်ရှိဆောင်ရွက်နေတဲ့ Effortable Housing Project လုပ်တဲ့အခါ ရန်ကုန်၊
မန္တလေးကိုသာ ဦးစားပေးမနေဘဲ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊
မုံရွာ၊ မကွေး၊ စစ်တွေစတဲ့ မြို့တွေမှာပါ ဆင်းရဲတဲ့သူတွေ၊ အိုးမဲ့အိမ်မဲ့
ဖြစ်နေသူတွေ နေထိုင်နိုင်အောင် သက်သာတဲ့ဈေးနှုန်းနဲ့ Public Housing
Project တွေကို အကောင်အထည်ဖော်ဖို့လိုကြောင်း ပြောပါတယ်။
သမ္မတပြောပြီးလို့ နှစ်ရက်အကြာ ဩဂုတ် ၂၂ ရက်မှာ ရန်ကုန်မြို့သစ်စီမံကိန်း
ထွက်ပေါ်ခဲ့တယ်။ လျှို့ဝှက်စီမံကိန်းတစ်ခု ဖြစ်နေခဲ့တယ်။ ဒီစီမံကိန်းကို
ရေရေရာရာ ဘာမှမသိရသေးတဲ့ ကုမ္ပဏီတစ်ခုက အကောင်အထည်ဖော်မယ်။
ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်အထည်ဖော်မယ့် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီအကြောင်း သိဖို့လိုပါတယ်။
(၄)
မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာမှာ
မှတ်ပုံတင်ခဲ့ပါတယ်။ သူတို့ကုမ္ပဏီ မှတ်ပုံတင်တဲ့အချိန်မှာ ကုမ္ပဏီရဲ့
မတည်ရင်းနှီးငွေက ငွေကျပ်တစ်ဘီလျံ (ကျပ်သန်း ၁ဝဝဝ) ပဲရှိပါတယ်။ အခု
ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ဒီကုမ္ပဏီက ရင်းနှီးမြှုပ်နှံမယ်လို့
ပြောထားတဲ့ ပမာဏက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ (ငွေကျပ်ဘီလျံ ၁၅ဝဝဝ နီးပါး)
ဖြစ်ပါတယ်။
ငွေကျပ်တစ်ဘီလျံကို မတည်ရင်းနှီး မြှုပ်နှံထားတဲ့
ကုမ္ပဏီတစ်ခုက ငွေကျပ် ဘီလျံ ၁၅ဝဝဝ နီးပါး ရင်းနှီးမြှုပ်နှံမယ့်
စီမံကိန်းအတွက် ဘယ်ငွေတွေနဲ့ ရင်းနှီးမြှုပ်နှံမလဲ။ တကယ်လို့ ငွေကျပ်ဘီလျံ
၁၅ဝဝဝ နီးပါး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် နိုင်ငံတော်ကို အခွန်ငွေအနည်းဆုံး
ဘီလျံ ၅ဝဝဝ ပေးဆောင်ထားပြီးဖြစ်တဲ့ ရလမ်းပြနိုင်မယ့်ငွေဖြစ်ဖို့ လိုပါတယ်။
ဒါပေမဲ့ ပြည်တွင်းအခွန်ဦးစီးဌာနက ကောက်ခံရရှိတဲ့ အခွန်ငွေစုစုပေါင်းကို
ပြန်ကြည့်တဲ့အခါ ပြီးခဲ့တဲ့နှစ် တစ်နိုင်ငံလုံး ပြည်သူတွေပေးဆောင်ခဲ့တဲ့
အခွန်ငွေဟာ ငွေကျပ်ဘီလျံ ၃၅ဝဝ ပဲ ရှိခဲ့ပါတယ်။
ဒါကြောင့်
မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီရဲ့ အခွန်ငွေပေးဆောင်မှုကို
ဘယ်လိုပြနိုင်မလဲ။ ဒီလိုမှမဟုတ် ပြည်ပကရရှိတဲ့ ငွေကြေးတွေနဲ့
လုပ်ဆောင်မှာလားဆိုတာကို ဆန်းစစ်ဖို့လိုပါတယ်။
ကုမ္ပဏီကို
တည်ထောင်ခဲ့သူဟာ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး မြေနေရာကို
စီးပွားဖြစ်အဆောက်အအုံရောင်းချခွင့် ရရှိထားတဲ့ ကုမ္ပဏီဖြစ်တယ်။
အဲဒီကုမ္ပဏီမှာ တရုတ်လုပ်ငန်းရှင်တွေ ပါဝင်ပတ်သက်နေတယ်လို့
ဆောက်လုပ်ရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောပါတယ်။
(၅)
ရန်ကုန်မြို့သစ် စီမံကိန်းကိုလုပ်မယ့် အများပိုင်ကုမ္ပဏီမှာ
တရုတ်လုပ်ငန်းရှင်တွေ အဓိကပါဝင်နေတယ်ဆိုတဲ့ သတင်းအတွက် သီးခြားအတည်ပြုချက်
မရပါဘူး။ ဒါပေမဲ့ ရန်ကုန်မြို့သစ် စီမံကိန်းရဲ့ နောက်ကွယ်မှာ
တရုတ်လုပ်ငန်းရှင်တွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းက ကျယ်ကျယ်လောင်လောင်
ထွက်ပေါ်နေပါတယ်။
ဒီစီမံကိန်းကို စီးဆင်းလာမယ့် ငွေကြေးတွေဟာ
တရုတ်နိုင်ငံမှာလုပ်နေတဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကိစ္စတွေနဲ့
ဆက်နွှယ်နေနိုင်ပါတယ်။
တရုတ်သမ္မတ ရှီကျင်ပင်းလက်ထက်မှာ
တရုတ်အစိုးရအဖွဲ့တွင်း အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေ ပပျောက်အောင်
အပြင်းအထန် အရေးယူနေတာပါ။ သူ့လက်ထက်မှာ အဆင့်အသီးသီးမှာ ရှိနေတဲ့
ပါတီအရာရှိပေါင်း နှစ်သိန်းနီးပါး စစ်ဆေးခံနေရပါတယ်။
ဒါ့အပြင်
မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ CNPC ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌဟောင်း
အပါအဝင် အဲဒီကုမ္ပဏီက တာဝန်ရှိသူ ၄၅ ဦးဟာ စစ်ဆေးမေးမြန်း ခံထားရပါတယ်။ ၂ဝ၁၃
ခုနှစ် ဩဂုတ်လထဲမှာပဲ CNPC အဆင့်မြင့်အုပ်ချုပ်ရေး အရာရှိလေးဦးကို
လာဘ်စားမှုနဲ့ ရေးယူခဲ့ပါတယ်။ အဂတိလိုက်စားမှု၊
အကျင့်ပျက်ခြစားမှုတွေနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် အရေးယူတာတွေအပြင်
တခြားလှုပ်ရှားမှုတွေကိုလည်း တရုတ်အစိုးရက စောင့်ကြည့်နေပါတယ်။
ရာထူးအပြောင်းအရွှေ့ ကိစ္စတွေမှာ ပိုင်ဆိုင်မှုတွေကို တရားဝင်ကြေညာစေတာအပြင်
အကျင့်ပျက်ခြစားမှုတွေနဲ့ ပတ်သက်လို့ မသင်္ကာစရာတွေ့ရင်လည်း တိုင်ကြားဖို့
ပြည်သူတွေနဲ့ မီဒီယာတွေကို တပ်လှန့်ထားပါတယ်။
တရုတ်အစိုးရရဲ့
လုပ်ဆောင်မှုဟာ တရုတ်နိုင်ငံအတွက် ကောင်းတဲ့အခြေအနေ ဖြစ်ပေမယ့်
မြန်မာနိုင်ငံအတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။ အဓိက အကြောင်းရင်းက
တရုတ်နိုင်ငံက ငွေမည်းတွေ မြန်မာနိုင်ငံထဲကို စီးဆင်းလာနိုင်တဲ့အချက်
ဖြစ်ပါတယ်။
တရုတ်နိုင်ငံက ငွေမည်းတွေ မြန်မာနိုင်ငံထဲ
ရောက်နေပြီလား။ ရန်ကုန်မြို့သစ် စီမံကိန်းမှာ ပါဝင်ပတ်သက်နေသူတွေဟာ
တရုတ်လုပ်ငန်းရှင်တွေ ဖြစ်တယ်ဆိုရင် သူတို့က မြန်မာပြည်ဖွား တရုတ်တွေလား။
ဒီကုမ္ပဏီမှာ ပါဝင်ပတ်သက်နေသူတွေကို အများပြည်သူသိအောင် ထုတ်ပြန်ရမယ်။
တကယ်လို့ တရုတ်လုပ်ငန်းရှင်တွေ ပါဝင်ပတ်သက်နေတာ အမှန်ဆိုရင်
သူတို့တွေရဲ့မှတ်ပုံတင်၊ ကိုယ်ရေးရာဇဝင်နဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ
မြန်မာနိုင်ငံသားတွေ တကယ်ဟုတ်၊ မဟုတ် ဆိုတာကိုပါ ဖော်ထုတ်ရပါလိမ့်မယ်။
(၆)
မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ငန်းတွေမှာ တရုတ်တွေ
ဝင်ရောက်ဈေးကစားနေတယ်ဆိုတဲ့ အချက်က အိမ်ခြံမြေ အကျိုးဆောင်တွေကြားမှာ
အခိုင်အမာ ပြောဆိုနေတာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း မြန်မာနိုင်ငံ
ငွေမည်းစီးဆင်းမှု မြင့်မားလာခြင်းက ငွေကြေးစနစ် ယိုင်လဲနိုင်ခြေဖြစ်ဖို့
အကြောင်းတစ်ခု ဖြစ်နေပြီလို့ မြန်မာနိုင်ငံ ငွေကြေးဆိုင်ရာ
စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ (FIU) က ပြောထားပါတယ်။
သူတို့ပြောဆိုချက်တွေအရ ဘိန်း၊ မူးယစ်ဆေးဝါး၊ မှောင်ခိုလုပ်ခဲ့သူတွေထဲက
ရာခိုင်နှုန်း ၅ဝ ကျော် အများစုဟာ အိမ်ဝယ်၊ မြေဝယ်၊ ကားဝယ်ပြီး
ဘဏ်ထဲထည့်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ငွေကြေးခဝါချမှုနဲ့
တိုက်ရိုက်သက်ဆိုင်နေတဲ့ ငွေမည်းတွေ မြန်မာနိုင်ငံထဲ
ဘယ်လောက်စီးဆင်းနေလဲဆိုတာ မှန်းဆရခက်ပါတယ်။
အခုချိန်မှာ
ငွေကြေးခဝါချမှု၊ ငွေမည်းစီးဆင်းမှု သတင်းတွေနဲ့အတူ မြန်မာနိုင်ငံရဲ့
စီးပွားရေးတစ်ခုလုံး ပြိုကျသွားနိုင်တဲ့အထိ ကိုင်လှုပ်နိုင်တဲ့
သက်ရောက်မှုရှိနိုင်တဲ့ ရန်ကုန်မြို့သစ် စီမံကိန်းဟာ အမှန်တကယ်ပဲ
စိုးရိမ်စရာကောင်းပါတယ်။
(၇)
ဒီစီမံကိန်းကို
အကောင်အထည်ဖော်တဲ့သူတွေ၊ အကောင်အထည်ဖော်ဖို့ ခွင့်ပြုတဲ့သူတွေအားလုံးဟာ
အကြံကြီးတာလား။ အကြံပက်စက်တာလား။ ပြည်သူလူထုနဲ့ နိုင်ငံတစ်နိုင်ငံလုံးကို
နလပိန်းတုံးလို့ ထင်တာလား။ ဒီလို အတွေးရောက်စေပါတယ်။ ဘာလို့လဲဆိုတော့
ဒီစီမံကိန်း ဧရိယာဟာ ရန်ကုန်မြို့သစ်တွေ အားလုံးထဲမှာ သန်လျင်မြို့သစ်၊
သီလဝါမြို့သစ်၊ မင်္ဂလာဒုံမြို့သစ် အားလုံးထဲမှာ ဒီနေရာဟာ ရန်ကုန်မြို့ရဲ့
အချက်အချာကျပြီး မြို့ထဲနဲ့ ခဲတစ်ပစ်ပဲကွာတဲ့ အနေအထားမှာရှိတဲ့
နေရာဖြစ်တယ်။ သူနဲ့ ခဲတစ်ပစ်သာရှိတဲ့ ရန်ကုန်မြို့ထဲမှာ တစ်စတုရန်းပေကို
ကျပ်နှစ်သိန်းကနေ သိန်း ၂ဝ ရှိပါတယ်။
ဆိုလိုတဲ့အဓိပ္ပာယ်က တစ်ဧကကို
ရန်ကုန်မြို့ထဲမှာ အနိမ့်ဆုံးဈေးနဲ့ တွက်ရင်တောင် အမေရိကန်ဒေါ်လာ ၁ဝ
သန်းရှိတယ်။ အမြင့်ဆုံးဈေးနဲ့တွက်ရင် ဒေါ်လာသန်း ၁ဝဝ၊ ၁၅ဝ လောက် ရှိတယ်။
ဒီခဲတစ်ပစ်သာ ရှိတဲ့နေရာမှာ မြေကွက်ရဲ့ဈေးနှုန်းဟာ မပြုပြင်ရသေးတဲ့
အခြေအနေမှာ ဒေါ်လာဘီလျံ ၂ဝဝဝ လောက်တန်တယ်။ သန်း ၁ဝဝ နဲ့ တံတားငါးစင်း
ထိုးပြီးသွားလို့ တစ်ဘီလျံနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ပြီးလို့
ပြုပြင်ပြီးသွားတဲ့အချိန်မှာ ဘီလျံဒေါ်လာ ၅ဝဝဝ အထိ ဖြစ်သွားနိုင်ပါတယ်။
ဒီဧရိယာရဲ့ အကျယ်အဝန်းက စင်ကာပူရဲ့ လေးပုံတစ်ပုံရှိတယ်။ ရှန်ဟိုင်းရဲ့ Pu
Dong ဧရိယာလောက် ရှိတယ်။ ဟောင်ကောင်ရဲ့ Kowloon ကျွန်းနီးပါးလောက် ရှိတယ်။
နောက်တစ်ချက်က ဒီနေရာကို ရွေးချယ်ထားတဲ့သူဟာ ကွမ်းခြံကုန်းမှာ စုစုပေါင်း
မဂ္ဂါဝပ် ၃၂၇ဝ အထိ ထွက်ရှိနိုင်မယ့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ
စီမံကိန်းနဲ့ ဆက်စပ်နေပါတယ်။ ဒီမြို့ပြ စီမံကိန်းအတွက်
ဒီဓာတ်အားပေးစက်ရုံကို ကြိုတင်တည်ဆောက်ထားဖို့ ကြိုးစားခဲ့ပုံရပါတယ်။
ကွမ်းခြံကုန်း ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တည်ဆောက်မယ့်
ကုမ္ပဏီက အေးရှားဝေါလ်ကုမ္ပဏီ အုပ်စုခွဲဖြစ်တဲ့ ကောင်းမြတ်သောမြေကုမ္ပဏီ
ဖြစ်ပါတယ်။
ဩဂုတ် ၂၄ ရက်ထုတ် အစိုးရသတင်းစာတွေမှာလည်း
ကွမ်းခြံကုန်းမှာတည်ဆောက်မယ့် ကျောက်မီးသွေးသုံး
လျှပ်စစ်ဓာတ်အားပေးစက်ရုံကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်းခဲ့တဲ့သတင်းကို
ဖော်ပြခဲ့ပါတယ်။ စက်ရုံကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့
ညှိနှိုင်းခဲ့တဲ့အကြောင်း၊ စက်ရုံပြီးသွားရင် ရန်ကုန်နဲ့
ကွမ်းခြံကုန်းတဝိုက်မှာ ဘယ်လိုအကျိုးဖြစ်ထွန်းကြောင်း စတာတွေကို
မြို့သစ်စီမံကိန်း သတင်းနဲ့အတူ ချိန်သားကိုက် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဒီဖော်ပြချက်ကို ကြည့်ခြင်းအားဖြင့် မြို့သစ်စီမံကိန်းနဲ့
ကျောက်မီးသွေးစီမံကိန်းစက်ရုံဟာ ကြိုတင်အကွက်ချထားတာ ဖြစ်နေပါတယ်။
မြို့သစ်စီမံကိန်းနဲ့ အေးရှားဝေါလ်ကုမ္ပဏီကလည်း ပတ်သက်နေနိုင်ပါတယ်။
အေးရှားဝေါလ်ဟာ မြို့သစ်စီမံကိန်းကို ကြိုတင်သိရှိပြီး
တွက်ချက်ထားပုံရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစီမံကိန်းကို လုပ်ခဲ့သူတွေဟာ
အကြံကြီးတဲ့သူတွေဖြစ်ပြီး ဒီနောက်ကွယ်မှာ တရုတ်ကုမ္ပဏီတွေ ဒါမှမဟုတ်
ဟောင်ကောင်က တရားမဝင်ငွေကြေးတွေ ရှိနေနိုင်ပါတယ်။
(၈)
ဒီကိစ္စရဲ့နောက်ကွယ်မှာ ဘယ်သူတွေ ပါဝင်ပတ်သက်လဲ။ ဒီလို မြို့သစ်ကိစ္စဟာမျိုးက
အစိုးရကပဲလုပ်ရတာ ဖြစ်ပါတယ်။ ဒီလောက် ဧရိယာတန်ဖိုးကြီးတဲ့ မြေတွေကို
အစိုးရက မြေသိမ်းဖို့အတွက် ဥပဒေပြုရပါမယ်။ မြေပိုင်ရှင်တွေကို
လျော်ကြေးပေးရမယ်။ ဘယ်လောက်လျော်ကြေးပေးမယ်ဆိုတာကို ဥပဒေနဲ့အညီ ပြောရမယ်။
တစ်ဧကကို သိန်း ၁ဝဝ၊ ၂ဝဝ ပေါက်ရင် ၅ဝဝ ထက်ပိုမပေးဘူး။
မရောင်းချင်တဲ့သူတွေကို မြေဘယ်လောက်ပေးမယ်။ တိုက်ခန်းပေးမယ်။
ရောင်းချင်တဲ့သူတွေကို ကာလပေါက်ဈေးက အခု ၁ဝဝ ရှိရင် ၂ဝဝ ပေးမယ်။
ဒီလိုမျိုး ဥပဒေပြုပြီး သိမ်းရမယ့်ဟာမျိုးကို လက်လွတ်စပယ်နဲ့ ကုမ္ပဏီတစ်ခု၊
ဘာမှ အခြေအမြစ် ခိုင်ခိုင်မာမာမပြနိုင်သေးဘဲ နိုင်ငံတကာမှာ
ရှယ်ယာရောင်းစားမယ့် ကုမ္ပဏီတစ်ခုကို လွယ်လင့်တကူပေးတာဟာ
အကြံပက်စက်လွန်းပါတယ်။
သူတို့လုပ်မယ့်ပုံစံက ရှင်းပါတယ်။
ငွေနည်းနည်းနဲ့ ရင်းနှီးမြှုပ်မယ်။ ပြီးတဲ့အခါ ပြည်ပနိုင်ငံတစ်ခုမှာ
ကုမ္ပဏီကို listed လုပ်ပြီး နိုင်ငံတကာကလူတွေကို ရှယ်ယာရောင်းမှာ ဖြစ်ပါတယ်။
၂ဝ၁၂ ခုနှစ်တုန်းက ရန်ကုန်မြို့တိုးချဲ့ဖို့ သမ္မတဦးသိန်းစိန်က
မြေဧကလေးသောင်းကို ခွင့်ပြုပေးခဲ့တယ်ဆိုတဲ့ သတင်းထွက်ခဲ့ပြီး
ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာရှိတဲ့ အေးရွာဘက်မှာ ခရိုနီတွေနဲ့
လုပ်ငန်းရှင်တွေရဲ့ မြေကစားမှုတွေ ဖြစ်ခဲ့ပါတယ်။ အေးရွာဘက်ခြမ်း
မြေကစားမှုတွေမှာ တစ်ဧက ငွေကျပ် ၁၈ သိန်းကနေ သိန်း ၁၆ဝ အထိ ဖြစ်သွားချိန်မှာ
ရပ်သွားပြီး တရုတ်တွေ ဝင်ကစားပါတယ်။ တစ်ဖက်မှာလည်း ရန်ကုန်တစ်ဖက်ခြမ်းကို
ကိုရီးယားနိုင်ငံဘက်က တံတားထိုးမယ့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပါတယ်။
အဲဒီအချက်တွေကလည်း အခုထုတ်ပြောလာတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ကြိုတင်အကွက်ချစီမံကိန်း ဖြစ်နိုင်ပါတယ်။
(၉)
အခုလုပ်မယ့် စီမံကိန်းအရ ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနဲ့
တွံတေးမြို့နယ်တွေအပြင် နောက်ထပ် ဒလ၊ ကွမ်းခြံကုန်း ပယ်လယ်ထွက်ပေါက်အထိ
ထပ်ချဲ့နိုင်တဲ့ ဧရိယာတွေ ရှိနေတယ်။
နောက်ပြီး ဒီနေရာဟာ
ရန်ကုန်မြို့ရဲ့ နှလုံးသည်းပွတ်တင် မကဘူး။ တိုင်းပြည်မှာ
မြေနေရာအကျယ်ဆုံးနဲ့ တန်ဖိုးအရှိဆုံးမြေနေရာ ဖြစ်ပါတယ်။ ဒါကို လက်လွတ်စပယ်
ရောင်းစားခဲ့တာက လုံးဝမဖြစ်နိုင်ဘူး။ အခုဖြစ်နေတဲ့ပုံစံက
ရောင်းစားစရာမရှိတော့ နောက်ဆုံး ပင်လယ်ဘက်ထွက်ပေါက်ကို ရောင်းစားသလို
ဖြစ်နေပါတယ်။
စီမံကိန်းရဲ့ နောက်ကွယ်မှာ တရုတ်ကုမ္ပဏီတွေ
ရှိနိုင်တာဖြစ်လို့ တိုင်းပြည်ရဲ့ အချက်အချာ၊ ဆိပ်ကမ်း၊ ပင်လယ်နဲ့နီးတဲ့
ထွက်ပေါက်တစ်ခုကို လက်လွတ်စပယ် ရောင်းစားခဲ့ခြင်းရဲ့ နောက်ကွယ်က ကိစ္စတွေကို
စုံစမ်းဖော်ထုတ်ရပါမယ်။
အများပိုင်ကုမ္ပဏီ ဆိုပေမယ့် ဒီနောက်ကွယ်မှာ
တရုတ်တွေပဲ ရှိနိုင်ပါတယ်။ ဒီစီမံကိန်းကို ပြည်တွင်းကလူတွေ
မရင်းနှီးနိုင်ဘူး။ ဒီနောက်ကွယ်မှာ နိုင်ငံခြားကုမ္ပဏီတစ်ခုက
ငွေကြေးထောက်ပံ့မှု ရှိနိုင်ပါတယ်။ ဒါကြောင့်
ငွေကြေးစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့က ပထမဆုံး ဖော်ထုတ်ရမယ့်ကိစ္စက
ဒီစီမံကိန်း ဖြစ်လာပါပြီ။
စုံစမ်းလို့ မရဘူးဆိုတာကိုတော့
မဖြစ်နိုင်ပါဘူး။ ၂ဝ၁၁ ခုနှစ်တုန်းက အိမ်ခြံမြေပိုင်ဆိုင်မှု ကိစ္စတွေနဲ့
အမှုဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံသားတစ်ဦးရဲ့ အမှုကိုတောင် ဖော်ထုတ်နိုင်ပြီး
ပြည်နှင်ဒဏ်ပေးခဲ့ဖူးပါတယ်။ သတင်းမီဒီယာတွေရဲ့ နောက်ကွယ်မှာ
ဘယ်အဖွဲ့အစည်းတွေက ထောက်ပံ့နေသလဲဆိုတဲ့ အချက်သိဖို့ စုံစမ်းစစ်ဆေးမှုတွေ
လုပ်ခဲ့သေးတာပဲ။
(၁၀)
အခုစီမံကိန်းကို လုပ်ကိုင်မယ့်
အများပိုင်ကုမ္ပဏီက လူတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ဖော်ထုတ်ရပါမယ်။
လက်ရှိအချိန် မြန်မာနိုင်ငံမှာ အများပိုင်ကုမ္ပဏီလို့ ပြောပေမယ့်
အများပိုင်တာ တစ်ခုမှမရှိသေးဘဲ ခရိုနီတွေပဲ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
အခုလောလောဆယ်မှာလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့
မိသားစုဝင်တွေကြားထဲမှာ နာမည်ပျက်တွေ အများကြီးဖြစ်နေတယ်။
သူတို့သားသမီးတွေ၊ သူတို့မိသားစုဝင်တွေရဲ့ လုပ်ငန်းတွေက
အရမ်းကျယ်ပြန့်နေပါတယ်။ တိုင်းဒေသကြီးတွေကို အာဏာခွဲဝေပေးတဲ့
အချိန်ကစပြီးတော့ အဂတိလိုက်စားမှု၊ ခြစားမှုတွေက တိုင်းဒေသကြီး
အစိုးရအဖွဲ့ဝင်တွေကြားထဲမှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။
တိုင်းပြည်က ဖွတ်မွဲပြာစု ဖြစ်ရတဲ့အထဲ ရှိသမျှ သယံဇာတတွေကို
ရောင်းစားလို့ကုန်လို့ နောက်ဆုံးအချိန်မှာ ဒီဟာကိုပါ ထပ်ရောင်းစားမယ်။
တိုင်းပြည်ရဲ့ အသည်းနှလုံး၊ ရန်ကုန်မြို့ရဲ့ အသည်းနှလုံး။
ပင်လယ်ဘက်ထွက်ပေါက် အကြီးဆုံး အကောင်းဆုံးမြေနေရာ။ မြန်မာတစ်ပြည်လုံးမှာ
တန်ဖိုးအရှိဆုံး မြေနေရာကို ရောင်းစားမယ်ဆိုတာကို လုံးဝလက်မခံနိုင်ဘူး။
ပြည်သူလူထုက လက်ခံလို့မရဘူး။
အခုချိန်မှာ အစိုးရအနေနဲ့ လုပ်ရမှာက
စီမံကိန်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ရမှာပါ။ ပြီးမှ
စီမံကိန်းလုပ်ကိုင်ခွင့်အတွက် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီအားလုံး ပါဝင်မယ့်
Developer တွေကိုခေါ်ပါ။ ဒီလိုခေါ်ပြီးမှ စီမံကိန်းအတွက် လွတ်လပ်စွာ
ယှဉ်ပြိုင်လုပ်ကိုင်ခွင့်ပေးပါ။ ဒါမှသာလျှင် တရားဥပဒေနဲ့ကိုက်ညီပြီး
မှန်ကန်မျှတမှုရှိတဲ့ စီမံကိန်း ထွက်ပေါ်လာမှာပါ။
(၁၁)
ဒီစီမံကိန်းရဲ့ တန်ဖိုးဟာ အကောင်အထည်ဖော်ပြီးသွားရင် အမေရိကန်ဒေါ်လာ
ဘီလျံထောင်နဲ့ချီပြီး တန်ဖိုးရှိမယ့်နေရာ ဖြစ်ပါတယ်။ အခုရင်းနှီးမှာက ၁၅
ဘီလျံပဲ ရှိပါတယ်။
ဒီကိစ္စမှာ အေးရှားဝေါလ်ကုမ္ပဏီလည်း
ပတ်သက်မှုရှိနိုင်ပါတယ်။ အေရှားဝေါလ်နောက်ကွယ်မှာ တရုတ်တွေ ပတ်သက်မှုရှိတယ်။
ငွေမည်းတွေ ပတ်သက်မှုရှိတယ်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း
ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။
အေးရှားဝေါလ်ကုမ္ပဏီဟာ တရုတ်ကအဓိကလုပ်ကိုင်နေတဲ့ စီမံကိန်းတွေမှာ
ပတ်သက်နေပါတယ်။ မြန်မာနိုင်ငံ အထက်ပိုင်း မြစ်ဆုံစီမံကိန်း၊ မြန်မာနိုင်ငံ
အလယ်ပိုင်းတစ်လျှောက်လုံးကို ဖြတ်ပြီးသွယ်တန်းထားတဲ့ ကျောက်ဖြူ-ကူမင်း
ရေနံပိုက်လိုင်းတွေမှာ ပတ်သက်နေပါတယ်။
အခု
ရန်ကုန်မြို့ကိုပိတ်ဆို့ပြီး ပင်လယ်ထွက်ပေါက် တစ်ခုလုံးကိုယူမယ့်
ရန်ကုန်မြို့သစ် စီမံကိန်းမှာလည်း အေးရှားဝေါလ်ကုမ္ပဏီက ကင်းကင်းရှင်းရှင်း
မရှိပြန်ဘူး။ ဒီသုံးခုစလုံးမှာ အေးရှားဝေါလ်ကုမ္ပဏီနဲ့ တရုတ်လုပ်ငန်းရှင်တွေ
ပတ်သက်နေတာဟာ တိုက်ဆိုင်မှု မဟုတ်တော့ပါဘူး။
မြစ်ဆုံစီမံကိန်းကိစ္စမှာ အကျိုးအမြတ်တွေကို တရုတ်ဘက်
ရွှန်းရွှန်းဝေပြောခဲ့ပါတယ်။ လက်ပံတောင်းတောင် စီမံကိန်းမှာလည်း
ဒီအတိုင်းပါပဲ။ လက်တွေ့မှာ ဖြစ်မလာပါဘူး။ ရန်ကုန်မြို့သစ်
စီမံကိန်းကိစ္စမှာလည်း မြို့တော်ဝန်ဦးလှမြင့်က အကျိုးအမြတ်တွေအကြောင်း
ပြောခဲ့တာဟာ မြစ်ဆုံ၊ လက်ပံတောင်းကိစ္စတွေမှာ တရုတ်တွေပြောတာနဲ့ အတူတူလို
ဖြစ်နေပါတယ်။
အထူးသဖြင့် မြစ်ဆုံစီမံကိန်း၊
လက်ပံတောင်းတောင်စီမံကိန်း၊ ရထားလမ်းစီမံကိန်း အစရှိတဲ့
တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်လာရင် ဒီစီမံကိန်းမှာ ပါဝင်ပတ်သက်ခဲ့သူတွေဟာ
ပြည်သူတွေကို နလပိန်းတုံးလို ထင်ခဲ့တာလား။ တစ်တိုင်းပြည်လုံးကို
နလပိန်းတုံးလို ထင်ခဲ့တာလား။ အခု ရန်ကုန်မြို့သစ် စီမံကိန်းဆိုပြီး
ရန်ကုန်ကို တရုတ်တွေ ရောက်လာပြီလား။ ပြည်သူတွေက နလပိန်းတုံးတွေ မဟုတ်ပါဘူး။
Credit - Eleven Media Group
No comments:
Post a Comment