ငမိုးရိပ်တံတား(ပါရမီ) ဘေလီတံတားသစ် တည်ဆောက်ရေးအတွက် ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီက ငွေကျပ် ၈၅ သန်းကျော် ပိုမိုထုတ်ယူခဲ့ကြောင်း ဩဂုတ်
၂၅ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်
နဝမပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးမင်းအောင်၏
ပြောကြားချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏
၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာအား လွှတ်တော်သို့
တင်သွင်းရာတွင် အထက်ပါကဲ့သို့ ဦးမင်းအောင်က ထည့်သွင်းတင်ပြခဲ့ခြင်း
ဖြစ်သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ၂ဝ၁၂-၂ဝ၁၃
ဘဏ္ဍာနှစ်လုပ်ငန်းနှင့် စာရင်းများစစ်ဆေးချက်အရ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ယူတည်ဆောက်ခဲ့သည့်
ငမိုးရိပ်တံတား (ပါရမီ) တည်ဆောက်ရေးစီမံကိန်းအား ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်နှင့်
၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် နိုဝင်ဘာလအထိ လုပ်ငန်းနှင့်စာရင်းများကို
စစ်ဆေးရာတွင် ပိုမိုထုတ်ယူငွေများတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
ပိုမိုထုတ်ယူငွေများတွင် ၂ဝ၁၂-၂ဝ၁၃ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
အတည်ပြုဈေးနှုန်းထက် ပိုမိုထုတ်ယူငွေ ကျပ် ၂၁ ဒသမ ၉၃၁ သန်း ၊
ပစ္စည်းအမျိုးအစား ပြောင်းလဲသုံးစွဲခြင်းကြောင့် ပိုမိုထုတ်ယူမှု ကျပ် ၃၄ ဒသမ
ဝ၃၈ သန်း၊ စံနှုန်းထက် ပိုမိုထုတ်ယူမှု ၇ ဒသမ ၁၆၇ သန်း၊
တွက်ချက်မှုမှားယွင်းသဖြင့် ပိုမိုထုတ်ယူမှု ၅ ဒသမ ၂၉၁ သန်း၊
စာချုပ်ပါဈေးနှုန်းထက် ပိုမိုပေးချေမှု ၃ ဒသမ ၁၅ဝ သန်း၊ မျက်မြင်စစ်ဆးမှုအရ
လုပ်ငန်းလျော့နည်းဆောင်ရွက်ထားမှု ၁၄ ဒသမ ၁၉၈ သန်း၊ စုစုပေါင်း ၈၅ ဒသမ ၇၇၅
သန်းဖြစ်ကြောင်းနှင့် အဆိုပါငွေများကို
ပြန်လည်ပေးသွင်းစေခဲ့ပြီးဖြစ်ကြောင်း စာရင်းစစ်ချုပ်အစီရင်ခံစာအရ သိရသည်။
ငမိုးရိပ်တံတား(ပါရမီ)သည် ဘေလီတံတားဟောင်းနှင့်အပြိုင်
ငမိုးရိပ်ချောင်းကိုဖြတ်ကာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့်
တောင်ဥက္ကလာပမြို့နယ်တို့ကို ဆက်သွယ်ထားသည့်တံတား ဖြစ်သည်။
No comments:
Post a Comment