Sunday, August 24, 2014

အမျိုးသားပညာရေး ဥပဒေကြမ်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ကန့်ကွက်

ရန်ကုန်၊ သြဂုတ် ၂၃
ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် အမျိုးသားပညာရေး ဥပဒေကြမ်းသည် ပညာရေး လွတ်လပ်ခွင့်ကို အာမခံထားခြင်း မရှိသောကြောင့် ယင်းဥပဒေကြမ်းကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (ယာယီ) အဖွဲ့ ဥက္ကဋ္ဌ ဦးအာကာမိုးသူက ပြောကြားသည်။

ယင်းဥပဒေကြမ်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ရုံးခန်းတွင် သြဂုတ်လ ၂၃ ရက် မွန်းတည့် ၁၂ နာရီခန့်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒီဥပဒေက ခိုင်မာမှုမရှိဘူး။ ဥပဒေတစ်ခုက မှုန်ဝါးဝါး လုပ်လို့မရဘူး။ လွှတ်တော်ထဲ ရောက်နေတဲ့သူတွေ အများစုက အစိုးရအမြင်နဲ့ စဉ်းစားတယ်။ ဘဏ္ဍာရေးအရ အခက်အခဲ ဖြစ်လာနိုင်တယ် ဆိုတာနဲ့ ကြည့်တယ်။ ကျွန်တော်တို့က ပြည်သူလူထုက ဒီထက် ဆင်းရဲမွဲတေမယ်ဆိုတဲ့ အမြင်နဲ့ ကြည့်တယ်” ဟု ဦးအာကာမိုးသူက ဆက်လက် ပြောကြားသည်။
အမျိုးသားပညာရေး ဥပဒေမူကြမ်း အခန်း ၁၊ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဗ) ပါ အခမဲ့ မသင်မနေရ ပညာရေးဟူသော စကားရပ်အစား အခမဲ့ မသင်မနေရ အလယ်တန်းပညာရေးဟု ပြောင်းလဲပေးရန် တောင်းဆိုခြင်းမှာ ကလေးလုပ်သား အရေအတွက် လျော့နည်းစေရန် ရည်ရွယ်ကြောင်း ဦးအာကာမိုးသူက ရှင်းပြသည်။
“မူကိုပဲ မှန်အောင်ရေးကြပါ။ ယခင်က ရေးဆွဲတဲ့ မူတွေ မမှန်ခဲ့ဘူး။ တချို့ မူတွေ မှန်တာတွေလည်း ရှိတယ်။ ဒါပေမဲ့ အများစု မမှန်ခဲ့ဘူး။ ဗဟိုက ထိန်းချုပ်တာတို့ အစရှိသဖြင့်ပေါ့။ ဒါတွေ မမှန်ခဲ့တော့ အကောင်အထည် ဖော်တဲ့နေရာမှာ တစ်ထပ်တည်း အကောင်အထည် မဖော်နိုင်ဘူး။ နိုင်ငံရေးသမား မပါဘဲနဲ့ ပညာရှင်တွေ မူကိုမှန်အောင် ရေးတာပဲ။ ဒါရလဒ် တစ်ခုပဲလို့ ပြောရမယ်” ဟု နိုင်ငံတော်သမ္မတ ပညာရေးအကြံပေး ဒေါက်တာဒေါ်ရင်ရင်နွယ်က သြဂုတ်လဆန်းပိုင်းက ပြောကြားခဲ့ဖူးသည်။
ဥပဒေကြမ်းပါ ပုဒ်မ ၄ (ဆ) တွင် တက္ကသိုလ်နှင့် ကောလိပ်များသည် လွတ်လပ်သော ကိုယ်ပိုင်စီမံခန့်ခွဲမှုဖြင့် ရပ်တည်ရေးဟု ဆိုသော်လည်း ပုဒ်မ ၅၇ (ခ) တွင် “ထူးခြားသော လုပ်ငန်းသဘာဝအရ အစိုးရအဖွဲ့၏ သီးခြားခွင့်ပြုချက်ဖြင့် သာသနာရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနများနှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့တို့က ထူထောင် ဖွင့်လှစ်ထားသည့် အဆင့်မြင့်ပညာ ကျောင်းများမှအပ ကျန်တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံများ အားလုံးသည် အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီနှင့် ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်ရမည်” နှင့် ပုဒ်မ ၅၇ (ဂ) “အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီသည် တက္ကသိုလ်နှင့် ကောလိပ်များ၏ လွတ်လပ်သော ကိုယ်ပိုင်စီမံခန့်ခွဲမှုကို မထိခိုက်စေဘဲ ပေါင်းစပ်ဖြည့်ဆည်း ညှိနှိုင်း ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုရမည်” ဟူသော ပြဋ္ဌာန်းချက်များသည် အာဏာပိုင်များက တစ်ဖက်လှည့် လွှမ်းမိုးချုပ်ကိုင်လိုသော ပြဋ္ဌာန်းချက်များ ဖြစ်သည်ဟု ယူဆသဖြင့် အဖွဲ့ချုပ်က ကန့်ကွက်ခြင်း ဖြစ်သည်ဟု အဖွဲ့ဝင် ဦးသန်းထိုက်အောင်က ဆိုသည်။
“ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါဟာ ကျွန်ပညာရေးစနစ်လို့ ယူဆပါတယ်” ဟု ဦးသန်းထိုက်အောင်က ပြောကြားသည်။
အမျိုးသားပညာရေး ဥပဒေကြမ်းပါ မူဝါဒများကို ပညာရေးကဏ္ဍတွင် အဓိကကျသော Stakeholders ဖြင့် ပြန်လည်ဆွေးနွေးညှိနှိုင်းပြီး အတည်ပြု ပြဋ္ဌာန်းရန် တောင်းဆိုကြောင်း အဖွဲ့ဝင် ၃၀၀ နီးပါး ရှိသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာများ အဖွဲ့ချုပ်က သြဂုတ်လ ၂၃ ရက်နေ့တွင် သဘောထား ထုတ်ပြန်ခဲ့သည်။
Credit - The Voice Weekly

No comments:

Post a Comment