NLD
နှင့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်ဆွေးနွေးခဲ့သော်လည်း
PR စနစ် ကျင့်သုံးရေးဆိုင်ရာအဆို ပြည်သူ့လွှတ်တော်၌ အတည်ဖြစ်
NLD ပါတီနှင့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးခဲ့ကြသော်လည်း အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးရေးဆိုင်ရာ အဆိုကို ပြည်သူ့လွှတ်တော်၌ ဇူလိုင် ၂၉ ရက်တွင် အတည်ပြုခဲ့သည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်တင်သွင်းသည့် PR စနစ်ဆိုင်ရာ အဆိုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက ထောက်ခံဆွေးနွေးခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက ကန့်ကွက်ဆွေးနွေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်သုံးဦးက ကြားနေဆွေးနွေးခဲ့ကြသည်။
မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ကန့်ကွက်ဆွေးနွေးရာတွင် PR စနစ်ကို ကျင့်သုံးနိုင်ရန် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ၊ မညီ စိစစ်နိုင်ရန် ဦးစွာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ တင်ပြကာ အဆုံးအဖြတ် ခံယူရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဦးဖေသန်းက ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်နေရာ ၇၅ ရာခိုင်နှုန်းသာ ပြိုင်ဆိုင်ခွင့်ရသည့် လွှတ်တော်တွင် PR စနစ်ကိုသာ ကျင့်သုံးပါက မည်သည့်ပါတီမျှ ရာခိုင်နှုန်း ၅၀ ကျော် လွှတ်တော်တွင်း နေရာရရှိတော့မည်မဟုတ်ကြောင်း၊ တက်လာမည့် အစိုးရသည်လည်း အတိုက်အခံ ပြုလုပ်မှုများဖြင့်သာ နပန်းလုံးရင်း မည်သည့်ဆုံးဖြတ်ချက်ကိုမျှ ပြတ်ပြတ်သားသား မချမှတ်နိုင်ဘဲ အားနည်းသည့်ညွန့်ပေါင်းအစိုးရသာ ဖြစ်လာမည်ဖြစ်ကြောင်း၊ ၎င်းအခြေအနေမျိုးတွင် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရယူထားသည့် တပ်မတော်၏ အခန်းကဏ္ဍသည် ပို၍ အခရာကျလာမည်ဖြစ်ကြောင်း၊ တပ်မတော်၏ သဘောတူညီမှု မရပါက မည်သည့်ဆုံးဖြတ်ချက်မျိုးမှ ချမှတ်နိုင်တော့မည်မဟုတ်ကြောင်း ဆွေးနွေးသည်။
ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ဆွေးနွေးရာတွင် PR စနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေသည့်အတွက် ကျင့်သုံးရန်မသင့်ကြောင်း၊ PR စနစ်ကို ကျင့်သုံးမည်ဆိုပါက လွှတ်တော်ကိုယ်စားလှယ်လောင်းသည် မဲဆန္ဒနယ် ဆုံးရှုံးသွားမည်ဖြစ်သလို မဲဆန္ဒရှင်များသည်လည်း မိမိရွေးကောက် တင်မြှောက်လိုသူကို တင်မြှောက်နိုင်ခွင့် ဆုံးရှုံးသွားမည်ဟု ဆွေးနွေးသည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်၊ ဒေါက်တာမျိုးအောင်၊ ဒေါက်တာသန်းဝင်းတို့က ကန့်ကွက်ဆွေးနွေးခဲ့ကြသည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးဖေကြိုင်က ကြားနေဆွေးနွေးခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှ ဒေါ်ခင်သန်းမြင့်၊ ဦးစိုးအောင်၊ ဦးဝင်းသန်းတို့က ထောက်ခံဆွေးနွေးခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဦးခိုင်မောင်ရည်က ထောက်ခံဆွေးနွေးခဲ့ပြီး အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးသိန်းညွန့်က အသီးသီး ထောက်ခံဆွေးနွေးခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “မြန်မာနိုင်ငံနှင့်သင့်တော်သော ရွေးကောက်ပွဲစနစ် ဖြစ်ပေါ်နိုင်စေဖို့ ပြည်သူ့လွှတ်တော်အနေဖြင့် ကော်မတီ၊ ကော်မရှင် ဖွဲ့စည်းဆောင်ရွက်မည့်အဆိုကို လွှတ်တော်မှ သဘောတူပါသလား” ဟု မေးမြန်းခဲ့ရာ လွှတ်တော်က သဘောတူသည့်အတွက် ဦးအောင်ဇင်တင်သွင်းသည့်အဆို အတည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။
PR စနစ်နှင့်ပတ်သက်၍ ဆွေးနွေးဆုံးဖြတ်ခဲ့သည့် ရက်များအားလုံးတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ၁၈ ဦး အပါအ၀င် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်အချို့ တက်ရောက်ခဲ့ခြင်းမရှိပေ။
၎င်းကိစ္စနှင့်ပတ်သက်၍ သူရဦးရွှေမန်းက ဒီမိုကရေစီ အလေ့အထဖြစ်ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေးဖြစ်ကြောင်း လွှတ်တော်၌ ပြောကြားသည်။

No comments:
Post a Comment