MSF အဖွဲ့ကို တာဝန်ယူကြောင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ပြောကြား
ရခိုင်ပြည်နယ်အစိုးရက MSF ခေါ် နယ်စည်းမထားဆရာဝန်များအဖွဲ့ကို ရခိုင်ပြည်နယ် မှာ ပြန်လည်ဝင်ရောက် လုပ်ကိုင်ဖို့ ဖိတ်ခေါ်ချက်ကြောင့် ဒေသခံရခိုင်တိုင်းရင်းသားတွေ မကျေနပ်မှုတွေ ဖြစ်ပေါ်ခဲ့ရတဲ့အတွက် တောင်းပန်ကြောင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်ချက်တွေအတွက် ပြည်နယ်အစိုးရက တာဝန်ယူကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက စစ်တွေမြို့က သံဃာ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေကို မနေ့က အကြောင်းကြားစာ ရေးသားပေးပို့ခဲ့ပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ပေးပို့တဲ့ အကြောင်းကြားစာနဲ့ ပတ်သက်ပြီး စစ်တွေမြို့ ရပ်မိရပ်ဖ အဖွဲ့ဝင် ဦးသန်းထွန်းက အခုလိုပြောပါတယ်။
"ရခိုင်ပြည်နယ်ဝန်ကြီးချုပ်လည်း
ခုလိုတောင်းပန်တဲ့စာ ပြန်ထုတ်ထားပါပြီ၊ ဒါပေမဲ့ သဘော မတူတာ၊
ကန့်ကွတ်တာရှိနေတာပါပဲ၊ ဒါပေမဲ့ သူတို့ဝင်ရောက်တဲ့အခါမှာ ဝင်ရောက်လုပ်ကိုင်
တဲ့အပေါ်မှာ အလိုမကျမှုတွေ၊ မကျေနပ်မှုတွေရှိလာရင် ဘယ်လိုတွေဆက်လုပ်ကြမလဲ
ဆိုတာကိုတော့ ဒီသံဃာတော်တွေ လူမှုအဖွဲ့အစည်းတွေ အကုန်လုံး
ကွင်းလုံးကျွတ်အစည်း အဝေး လုပ်ပြီးမှအဲ့ဒီ ဆုံးဖြတ်ချက်အတိုင်းပဲ
လုပ်ဆောင်သွားမယ်လို့ နဂိုကတည်းက ဆုံးဖြတ်ပြီးသားပါ"
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့
MSF အဖွဲ့ကို ရခိုင်ပြည်နယ်ထဲ ပြန်လည်ဝင်ရောက်လုပ်ကိုင် ဖို့
ဖိတ်ခေါ်ချက်ဟာ ရခိုင်ပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ ဆန့်ကျင်နေတယ်ဆိုတာကို
သိပေမယ့် မြန်မာနိုင်ငံဟာ နိုင်ငံတကာမှာ ဆိုးဝါးတဲ့ပုံရိပ်တွေနဲ့ လွန်ကဲစွာ
ဝေဖန်သုံးသပ် ခံနေရသလို နိုင်ငံတော်အတွက် အလွန်အရေးကြီးတဲ့
အချိန်အခါဖြစ်နေတဲ့အတွက်ကြောင့် MSF အဖွဲ့ကို ပြန်လည်ဖိတ်ခေါ်တာဖြစ်တယ်လို့ ဝန်ကြီးချုပ်ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း
ဘက်လိုက်တာ၊ ခွဲခြားဆက်ဆံတာ ၊ နိုင်ငံရေးကိစ္စရပ်တွေမှာ
သွေးထိုးလှုံ့ဆော်တာတွေ မရှိစေရဘဲ ရခိုင်တိုင်းရင်းသားတွေ ရဲ့ဆန္ဒအတိုင်းသာ
ဆောင်ရွက်စေမှာဖြစ်ကြောင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ချက်တွေကို ပြည်နယ်အစိုးရက တာဝန်ယူကြောင်း ဖော်ပြ ထားပါတယ်။
ပြည်နယ်အစိုးရအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ က ကြေညာချက် ထုတ်ပြန်ပြီး ဖိတ်ခေါ်ခဲ့ရာမှာ ဒေသခံရခိုင်တိုင်းရင်းသားတွေက MSF အဲ့ဒီဖိတ်ခေါ်ချက်အပေါ် သဘောမတူကြောင်း ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။
No comments:
Post a Comment