ယခုနှစ်အတွင်း နိုင်ငံရေးပုဒ်မများဖြင့် အရေးယူခံရမှု ဖြစ်စဉ်များအပေါ် နယ်ပယ်စုံမှပါဝင်သော ကော်မတီ ဖွဲ့စည်းကာ ဆွေးနွေးမည်
လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီမှ ၂ဝ၁၄ ခုနှစ်အတွင်း နိုင်ငံရေးပုဒ်မများဖြင့် အရေးယူခံရမှု ဖြစ်စဉ်များအပေါ် နယ်ပယ်စုံမှ ပါဝင်သောကော်မတီတစ်ခု ထပ်မံဖွဲ့စည်းကာ ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း အဆိုပါကော်မတီ အဖွဲ့ဝင် ဦးရဲအောင်က ဇူလိုင် ၂၆ ရက်တွင် ပြောကြားသည်။
ဇူလိုင်၂၆ ရက်က ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး ဗဟိုဌာနတွင် ပြုလုပ်သည့် လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ အစည်းအဝေးအပြီးတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒီဘက် ၂ဝ၁၄ ခုနှစ်ပိုင်းမှာ ထပ်ပြီးဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျဉ်းသား၊ ဖြစ်ပေါ်နေတဲ့ အမှုတွေ၊ နောက်ဆုံးအနေနဲ့ မီဒီယာအပါအဝင်ပေါ့။ ဒါတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဘယ်လိုဆက်လုပ်မလဲ ဆိုတာကို ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လိုလုပ်မလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ ဆက်သွားမလဲ ဆိုတာကို ကျွန်တော်တို့ပြန်ပြီးတော့ ထပ်ဆွေးနွေးဖို့ အစီအစဉ်ရှိပါတယ်။ လိုအပ်လို့ရှိရင် ကျွန်တော်တို့က လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီဆိုတဲ့ ခေါင်းစဉ်ဖြစ်နေတယ်ဆိုတော့ ကျွန်တော်တို့က ဒီခေါင်းစဉ်နဲ့ ကိုက်ညီအောင် ၂ဝ၁၃ ရှေ့ပိုင်းကျန်တဲ့သူတွေကို ကျွန်တော်တို့ အရင်တစ်ခုဖြတ်မယ်။ ပြီးရင်တော့ ဒီနောက်ပိုင်းမှာတော့ ဒီကော်မတီ၊ ဒီနာမည်မဟုတ်ဘဲနဲ့ တခြားနာမည်တစ်ခုခုနဲ့ တခြားပုံစံတစ်ခုနဲ့ ဆွေးနွေးဖို့ဆိုတာမျိုးကို ဒီနေ့အကြမ်းဖျင်းအားဖြင့် ဆွေးနွေးခဲ့ပါတယ်”ဟု ဦးရဲအောင်က ပြောကြားသည်။
လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ၏ နောက်ဆုံးအကြိမ် အစည်းအဝေးအား ၂ဝ၁၄ ဇွန် ၁ ရက်တွင် ပြုလုပ်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင်း၌ပင် နိုင်ငံရေးပုဒ်မများဖြစ်သည့် ပုဒ်မ ၁၈၊ ပုဒ်မ ၅ဝ၅(ခ)တို့ဖြင့် တရားစွဲဆိုခံရမှုများလည်း ပိုမိုများပြားလာကြောင်း နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင်များ၏ ပြောကြားချက်အရ သိရသည်။
“ကော်မတီဖွဲ့စည်းဖို့ကတော့ ဒီကြားထဲမှာလည်း ကျွန်တော်တို့ လိုအပ်လို့ရှိရင်တော့ အလွတ်သဘောထိတွေ့မှုတွေနဲ့ ကျွန်တော်တို့ ဆက်လုပ်ရင်လုပ်ပါမယ်။ ဘယ်လိုပုံစံမျိုး ဖွဲ့စည်းမလဲ။ ဘာကော်မတီလဲ။ ဘာတွေကို အဓိကထားလုပ်မလဲ။ ဒါတွေက အများကြီး စဉ်းစားစရာအချက်တွေ ရှိပါသေးတယ်။ အခုဟာက ခေါင်းစဉ်နဲ့ မကိုက်ညီတော့တဲ့ အခြေအနေတွေ ဖြစ်လာတဲ့အတွက်ကို ဒီခေါင်းစဉ်တစ်ခုများ ပြန်ပြောင်းပြီးတော့ အတူတကွပေါ့။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ၊ အစိုးရဘက်တွေ၊ နောက်အခြား CSOsတွေ ပူးပေါင်းလုပ်ရင် ပိုကောင်းလာမလားဆိုပြီးတော့ စဉ်းစားထားပါတယ်” ဟု ဦးရဲအောင်က ဆက်လက်ပြောကြားသည်။
ထို့ပြင် ၂ဝ၁၄ ခုနှစ်အတွင်း သတင်းထောက်များအား နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးထောင်ချမှု၊ လယ်သမားအရေး ကိစ္စကြောင့်၊ တက်ကြွလှုပ်ရှားမှုများကြောင့် နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲဆိုခံရမှုများကို အဆိုပါ ကော်မတီတွင် အဓိကဆွေးနွေးသွားရန် ရည်ရွယ်ထားကာ လက်ရှိပြုလုပ်နေသည့် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ အစည်းအဝေးများတွင်မူ ၂ဝ၁၃ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်တွင် အခြားသောပုဒ်မများကြောင့် ကျန်ရှိခဲ့သည့် အကျဉ်းသားများ အရေးကိုသာ ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အကျဉ်းထောင်များထဲ၌ ၂ဝ၁၃ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်တွင် ကျန်ရှိခဲ့သည့် နိုင်ငံရေးအကျဉ်းသား ဟောင်းများနှင့် ၂ဝ၁၄ ခုနှစ်အတွင်း၌ နိုင်ငံရေး ပုဒ်မများဖြင့် ဖမ်းဆီးခံရသူ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၆ဝ ခန့်ရှိပြီး နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲခံထားရသူ ၁ဝဝ ခန့်ရှိကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားများစိစစ်ရေး ကော်မတီမှ သိရသည်။

No comments:
Post a Comment