Wednesday, July 30, 2014

မြန်မာ့လက်ရွေးစင်ဘောလုံးသမား အောင်ဟိန်းကျော် ကာမလိမ်လည်ရယူမှုဖြင့် တရားစွဲခံရ


မြန်မာ့ဘောလုံးအသင်း လက်ရွေးစင်နှင့် ဇေယျာရွှေမြေကလပ်အသင်း လက်ရွေးစင်ကစားသမား အောင်ဟိန်း ကျော်(နံပါတ် ၁၂)အား ၎င်း၏ ချစ်သူရည်စားဟောင်းမှ ကာမလိမ်လည်ရယူမှုဖြင့် မုံရွာမြို့နယ် တရားရုံး၌ တရားစွဲဆိုထားကြောင်း ၎င်း၏ ရည်းစားက News Watch ဂျာနယ်သို့ ဇူလိုင် ၂၉ ရက်က ပြောကြားခဲ့သည်။

၎င်းက “ကျွန်မတို့က အိမ်နီးချင်း တွေပါ။ ချစ်သူသက်တမ်းလည်း ၃ နှစ် ကျော်ပြီ။ နှစ်ဖက်မိဘတွေကို အသိပေး ထားတာက Sea Games အပြီး ၂၀၁၄ မှာ လက်ထပ်မယ်ဆိုပြီးလေ။ ဒါပေမဲ့ Sea Games ပြီးတော့ နှစ်ခါပဲ လာတွေ့တော့တယ်။ အခု ကောင်မလေးတယောက်နဲ့ ပေါ်တင်တွဲနေပြီး ကျွန်မကို မယူနိုင်ဘူး ပြောတယ်။ ဒီလို တရားမစွဲချင်လို့ အိမ်က သွားစကားပြောတာ အတွေ့မခံဘူး””ဟု ပြောကြားခဲ့သည်။

၎င်းတို့ချစ်သူအဖြစ်ရှိနေကြောင်း မုံရွာတမြို့လုံး သိပြီးဖြစ်သောကြောင့် မိန်းကလေးတယောက်အနေဖြင့် အလွန်နစ်နာသည်ဟု ဆိုသည်။
“ကျွန်မက အလျော်လိုချင်လို့ တရားစွဲတာမဟုတ်သလို၊ သူ့ ဘက်က ပြန်တောင်းပန်မယ်ဆိုရင်တောင် မကျေအေးဘူး။ တရားဥပဒေဘောင် အတွင်းကနေ အဆုံးအဖြတ်ကိုယူချင်တာ။ သူက ရုံးချိန်းတွေမှာ ကင်းလွတ်ခွင့်တင် ထားတာ။ ဒါကိုလည်း မကျေနပ်ဘူး”ဟု ပြောကြားခဲ့သည်။

၎င်းက မိန်းကလေးတယောက်၏ ဂုဏ်သိက္ခာကို ထည့်သွင်းစဉ်းစား၍ တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုအား မစဉ်းစားခဲ့ကြောင်း၊ ပတ်ဝန်းကျင်နှင့် မျက်နှာချင်းဆိုင်ရန် ခက်ခဲလာချိန်၌ ယခုကဲ့သို့ ပြုလုပ်ခဲ့ရသည်ဟု ဆိုသည်။

“သူနဲ့ အကျိုးအကြောင်းပြောဖို့ ရှောင်နေတာ။ ဖုန်းဆက်ရင်လည်း မကိုင်တော့ဘူး။ ဒါကြောင့် ၃ လပိုင်းက စပြီး တိုင်တာမှာ ရုံးချိန်း ၂ ခါပဲလာတယ်။ ကင်းလွတ်ခွင့်တင်ထားတာ”ဟု ပြောကြားခဲ့ သည်။

ယင်းအပြင် တရားလိုပြုလုပ်၍ တိုင်တန်းရခြင်း၌ မိန်းကလေးများ နစ်နာနေမှု အတွက် ယခုကဲ့သို့ ရဲဝံ့စွာဖော်ထုတ်ရဲရန်အတွက် ပြုလုပ်ရခြင်းဖြစ်သည်ဟု ဆိုသည်။ ၎င်းက “အခုလတ်တလော သူတို့ ထိုင်းကို ဘောလုံးသွားကန်ရမယ် ကြားတယ်။ တရားရုံးကတော့ ဒီနေ့ ကျွန်မဘက်က သက်သေကိုစစ်တယ်”ဟု ပြော ကြားခဲ့သည်။

လက်ရှိအချိန်၌ မြန်မာ့လက်ရွေးစင်နှင့် ဇေယျာရွှေမြေကလပ်အသင်း နောက်တန်းကစားသမား အောင်ဟိန်းကျော်သည် မုံရွာမြို့နယ် တရားရုံး၌ ပုဒ်မ ၄၁၇ ဖြင့် တရားရင်ဆိုင်နေရသည်ဟု ပြောကြားခဲ့သည်။

ကိုခက်


No comments:

Post a Comment