Thursday, July 31, 2014

လူမပြောင်း မူမပြောင်း ရှေ့သို့ချီမည့်လမ်းကြောင်း

ကျွန်တော်တို့မြို့တွင် ဘော်လီဘောအသင်းတသင်းရှိသည်။ အသင်းခေါင်းဆောင်မှာ ကိုမှုန်ကြီးဖြစ်သည်။ ကိုမှုန်ကြီးဘော်လီဘော အသင်းခေါင်းဆောင်ဖြစ်လာပုံမှာ ပြည်နယ်နှင့်တိုင်းပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်တိုင်း အသင်းအတွက် ခရီးစရိတ်၊ တည်းခိုခ၊ ကုန်ကျ စရိတ်အ၀၀ကိုစိုက်ထုတ်လေသဖြင့် ဘော်လီဘောအရည်အချင်း ဘာမှ ဟုတ်ဟုတ်ငြားငြားမရှိသော်လည်း အသပြာတန်ခိုးကြောင့် ခေါင်းဆောင် တက်ဖြစ်နေခြင်းဖြစ်သည်။ သူတို့အသင်းသည် နှစ်စဉ်နှစ်တိုင်း ပဲခူးသို့ သွားရောက်ယှဉ်ပြိုင်သော်လည်း တခါမှ နိုင်ပွဲမရဘဲ အမြဲတမ်းလိုလို ရှုံးနိမ့်ပြီးသာ အရှက်တကွဲပြန်လာရစမြဲဖြစ်သည်။ ဒီနှစ်ရှုံးသဖြင့် နောက် နှစ်မပြိုင်တော့ဘူးဟု မြို့သူမြို့သားများကထင်သော်လည်း အချိန်တန် သောအခါ ကိုမှုန်ကြီးတို့ ဘော်လီဘောအသင်းမှာ ရှေ့သို့ထွက်လာ စမြဲဖြစ်သည်။ ကိုမှုန်ကြီးသည် အသင်းအတွက်လူရွေးတိုင်း အခြားသူ များကို အလှည့်ကျရွေးလေ့ရှိသော်လည်း အသင်းခေါင်းဆောင်နေရာ ကိုမူ သူမှတပါး မည်သူ့ကိုမျှလွှဲအပ်ခြင်းမပြုပေ။ လူရွေးသူမှာလည်း သူပဲဖြစ်သဖြင့် သူ့စိတ်ကြိုက်ကစားသမားများ၊ သူနှင့်ပလဲနံပသင့်သူများ၊ သူ့ကိုဖားနိုင်သူများသာ ပြိုင်ပွဲသို့ခေါ်သွားလေ့ရှိသည်။ ပြိုင်ပွဲနီးလာတိုင်း ကိုမှုန်ကြီးသည် လူရွေးချယ်ရေးနှင့်ပတ်သက်၍ ဤကဲ့သို့ပြောဆိုလေ့ ရှိသည်။

“ငါတို့အသင်း အမြဲတမ်းရှုံးနေတာရပ်တန့်ဖို့ ဒီနှစ်တော့ လူရွေး တဲ့နေရာမှာ သေသေချာချာဂရုစိုက်ပြီး ရွေးမှဖြစ်တော့မယ်ဟေ့၊ အဲဒီ တော့ကွာ ငါရယ်၊ ကြည်မြင့်ရယ်၊ စိုးအောင်ရယ်၊ မောင်တိုးရယ်”
ထိုနှစ်ကမအောင်မြင်သောအခါ နောက်တနှစ်တွင် ကိုမှုန်ကြီးသည် ဤသို့ပြောပြန်သည်။
““ဒီနှစ်တော့ လူကောင်းတွေပဲရွေးမှဖြစ်တော့မယ်။ ပြိုင်ဘက်တွေ က လွယ်တာမဟုတ်ဘူး၊ အဲဒီတော့ကွာ ငါရယ်၊ ဇော်ကြီးရယ်၊ ဂျာဂျား ရယ်၊ အောင်မြင့်ရယ်၊ အောင်ဆန်းမင်းရယ်””

နောက်တနှစ်လည်း မအောင်မြင်။ ထိုအခါ လူရွေးပြန်သည်။ ထုံးစံ အတိုင်း ငါရယ်ဟုအစချီသည်။ သူဤသို့လူရွေးသည်ကို မည်သူမျှ မအံ့သြ။ အောင်မြင်မှာလည်းမဟုတ်သည်ကို အားလုံးကသိနေသည်။ မြို့မှာတော့ အသင်းအဖွဲ့တွေမှာ လူရွေးကြလျှင် ကိုမှုန်ကြီး၏လက်သုံး စကားဖြစ်သော “အဲဒီတော့ ငါရယ်”ဟူသောစကားကို ရယ်ပွဲဖွဲ့ကြသည်။ အချို့ကလည်း ငါရယ်ဟု ပါးစပ်ကထုတ်မပြောသော်လည်း ကိုမှုန်ကြီး ၏ပေါ်လစီကို လက်တွေ့လိုက်နာကျင့်သုံးကြသည်။ ဒီနှစ် ငါဥက္ကဋ္ဌ၊ နောက်နှစ်လဲ ငါပဲဥက္ကဋ္ဌ၊ နောက်လာမည့်ကာလများအတွက်မူ ငါ့ကိုပင် ငါက ရည်မှန်းထားသည်။

ယခုအခါ မြန်မာနိုင်ငံမှာလည်း ကိုမှုန်ကြီးလုပ်ပေါက်မျိုးက ခေတ် စားနေသည်။ ၁၉၆၂ ခု မတ်လတွင် ဗိုလ်ချုပ်နေ၀င်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီဟု တက်ကြွစရာနာမည်ပေးထားသည်။ စစ်အစိုးရ တက်လာသည်။ အရင်းရှင်စံနစ် ဘာစံနစ်ညာစံနစ်ကို ငြီးငွေ့စိတ်ပျက် နေသောပြည်သူလူထုကို မျက်လှည့်ပြပုံမှားရိုက်သည့်အနေဖြင့် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီဟူသော နိုင်ငံရေးလမ်းစဉ်ဖြင့် စကားလုံးအကြီး ကြီးသုံးကာ ဆွဲဆောင်ခဲ့သည်။ လူနှင့်ရုပ်ပတ်ဝန်းကျင်၏ အညမည သဘောတရား ဘာညာဖြင့် စကားကြီးစကားကျယ်တွေသုံးကာ ၀ါဒမှိုင်း တိုက်ခဲ့သည်။ တကယ်တော့ ဗိုလ်ချုပ်နေ၀င်းသည် ဆိုရှယ်လစ်ဝါဒကို ရော၊ ကွန်မြူနစ်ဝါဒကိုရော ယုံကြည်သူမဟုတ်။ အာဏာသည် သေနတ် ပြောင်းဝမှလာသည် (Political power grows out of the barrel of a gun.) ဟူသော မော်စီတုန်း၏ အာဏာရှင်ဝါဒကိုသာ ယုံကြည်သူဖြစ် သည်။ ထိုယုံကြည်ချက်ဖြင့် တိုင်းပြည်ကို စစ်ဖိနပ်အောက်သို့သွင်းကာ ၁၉၆၂ မှ ၁၉၈၈ အထိ ၂၆ နှစ်လုံးလုံးအုပ်ချုပ်ခဲ့ပါသည်။ ထို ၂၆ နှစ် တာကာလအတွင်း တရုတ်-ကုလားကိုအပြုတ်တိုက်မည့် အမျိုးသား ရေးဝါဒီလိုလို၊ ဆိုရှယ်လစ်စံနစ်ဖြင့် လောကနိဗ္ဗာန်ဘုံသို့ ချီတက်တော့ မလို၊ တိုင်းပြည်ချောက်ထဲကျရန် လက်နှစ်လုံးပဲလိုတော့သဖြင့် ကယ်တင်ခဲ့ သလိုလိုဖြင့် စစ်အာဏာရှင်ဝါဒကိုသာ ထူထောင်ခဲ့ပါသည်။ ဦးနေ၀င်း ဘုန်းမီးနေလတောက်ပခဲ့စဉ်အတွင်း နိုင်ငံပိုင်ကျောက်မျက်ရတနာများ ရောင်းချခြင်းမှာ ကိုယ်ပိုင်ပစ်္စည်းကိုရောင်းဝယ်သည့်ပုံစံဖြစ်နေပါသည်။ ကမ္ဘာ့ဘဏ်တွင် မြန်မာငွေများခိုင်မာစေရန် ရွှေချောင်းများ အာမခံတင်ထား သည်ကို အရင်းရှင်ကို အားမပေးဟုဆိုကာ ပြန်လည်ထုတ်ယူခဲ့ပါသည်။ ထိုရွှေချောင်းများ ဘယ်နေရာရောက်သွားသလဲ ယခုအထိ တိကျသော အဖြေမပေါ်တော့ပေ။ ဆွစ်ဇာလန်ဘဏ်တွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ် ထားသည်ဟုလည်း ပြောကြပါသည်။ တချိန်က ချမ်းသာခဲ့သော မြန်မာ နိုင်ငံကတော့ တဖြည်းဖြည်းဆင်းရဲမွဲတေလာကာ ကမ်္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ဆုံး (LDC) နိုင်ငံအဖြစ် သတ်မှတ်ခံလိုက်ရပါတော့သည်။ ကြာကြာဝါးမှ ခါးမှန်းသိသော ပြည်သူများက တတိုင်းတပြည်လုံး ၁၉၈၈ တွင် တော် လှန်ခဲ့ကြရာ ဦးနေ၀င်းနှင့်တကွ ၆၂ အာဏာရှင်စံနစ်နိဂုံးချုပ်ခဲ့ပါသည်။

ထို့နောက် ၁၈-၉-၁၉၈၈ တွင် လူသစ်တက်လာပါသည်။ ထိုလူ သစ်မှာ ကျွန်တော်တို့ပြည်သူများမျှော်လင့်ခဲ့သော လူသစ်တော့မဟုတ်။ အစိမ်းရောင်ယူနီဖောင်းဝတ်ထားသော ဗိုလ်ချုပ်ကြီးတယောက်ဖြစ်သည်။ နောက်တက်တဲ့ မောင်ပုလဲဒိုင်းဝန်ထက်ကဲ၊ ပထမဘုန်းကြီးက ခေါင်း တချက်ခေါက်ပြီး နောက်ဘုန်းကြီးက နှစ်ချက်ခေါက်သည်ဟုဆိုရမလို။ နောက်တက်လာသူသည်လည်း စစ်အာဏာရှင်ဖြစ်ပြီး ဗိုလ်ချုပ်နေ၀င်း ထက်ကဲကာ သူ့ကိုယ်သူ ဗိုလ်ချုပ်မှူးကြီးစောမောင်ဟု အမည်သညာ ခေါ်တွင်စေခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးစောမောင်သည် ၁၉၉၀ ရွေးကောက် ပွဲကို လွတ်လပ်၍တရားမျှတစွာ ကျင်းပပေးပြီး ရွေးကောက်ပွဲပြီးလျှင် တပ်မတော်သည် စစ်တန်းလျားသို့ပြန်မည်၊ အခြေခံဥပဒေကိုရွေးကောက် ပွဲအနိုင်ရပါတီကရေးဆွဲရမည်၊ တပ်မတော်သည် အခြေခံဥပဒေရေးဆွဲရာ တွင်ပါဝင်ခြင်းဖြင့် သမိုင်းတရားခံအဖြစ်မခံနိုင်ဟု ပြတ်သားရဲဝံ့စွာကြေညာ ခဲ့သည်။ ထိုစစ်ဗိုလ်ချုပ်ကြီးသည်လည်း သူ၏မှတ်ချက်စကားကို လက်မခံနိုင်သူ တစု၏လက်ချက်ဖြင့် အငြိမ်းစားယူရကာ နောက်ထပ် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးတယောက်တက်လာခဲ့ပြန်၏။ ထိုမှတစ်ဖန် ကျောင်းသား၊ ပြည်သူ၊ ရဟန်းရှင်လူများ အစဉ်တစိုက် အုံကြွတောင်းဆို မှုများကြောင့် မပြောင်းလျှင်မဖြစ်တော့သောကြောင့် ၂၀၀၈ အခြေခံ ဥပဒေကို နာဂစ်မုန်တိုင်းကြားမှ ဇွတ်အတည်ပြုကာ ဒီမိုကရေစီယောင် ယောင် စစ်အစိုးရယောင်ယောင်ခေတ်သို့ ရောက်လာပေ၏။ တကယ် တမ်းသုံးသပ်ကြည့်သောအခါ သမ္မတသည်လည်း စစ်တပ်မှ ပုဂ်္ဂိုလ်ပင် ဖြစ်သည်။ ပြည်သူ့လွှတ်တော်ဥက်္ကဋ္ဌမှာလည်း စစ်တပ်မှ ပုဂ်္ဂိုလ်သာဖြစ်သည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှာလည်း စစ်တပ်မှ ထွက်လာသူဖြစ် သည်။ ကာကွယ်ရေးဝန်ကြီးသည်လည်း အရပ်သားမဟုတ်၊ ပြည်ထဲ ရေးဝန်ကြီးသည်လည်း အရပ်သားမဟုတ်၊ ကာကွယ်ရေးဦးစီးချုပ်မှာ ပြည်ထဲရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးတို့ထက် အဆင့်မြင့်သော တပ်မတော်မှ ဗိုလ်ချုပ်မှူးကြီးဖြစ်နေသည်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌမှာလည်း တပ်မှထွက်လာသော ဗိုလ်ချုပ်တယောက်ဖြစ်နေသည်။ လွှတ်တော်ထဲမှာလည်း စစ်သားတွေရှိနေသည်။ တိုင်းဒေသကြီးအစိုးရ အဖွဲ့ထဲမှာလည်း စစ်ဗိုလ်ချုပ်တွေပါနေသည်။ ပြည်နယ်အစိုးရအဖွဲ့ထဲ တွင်လည်း စစ်သားများပါနေသည်။ ပြည်နယ်လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်မှာလည်း တပ်မတော်သားများပါသည်။

ယခင်က စစ်အစိုးရသည် ယခုအခါတွင်လည်း ဒီမိုကရေစီဟုပြော သည့်တိုင် စစ်အစိုးရဟုသာပြောရမလိုဖြစ်နေသည်။ ၁၉၆၂ ခုနှစ်မှစကာ တိုင်းပြည်ကိုတာဝန်ယူအုပ်ချုပ်လာခဲ့သော စစ်တပ်မျိုးဆက်သည် ယနေ့ အချိန်အထိ တိုင်းပြည်ကို အုပ်ချုပ်နေဆဲပင်ရှိသေးသည်။ ပြည်သူလူထုသည် ထိုအခြေအနေကိုငြီးငွေ့နေပါပြီ။ စစ်အာဏာရှင်စံနစ် သက်ဆိုး ရှည်စေမည့် မည်သည့်ပုံစံကိုမျှ ပြည်သူလူထုကမလိုလားတော့ပါ။ ထိုအချက်ကို ၁၉၉၀ ရွေးကောက်ပွဲတွင်တချက်၊ ၂၀၀၇ သံဃာအရေး အခင်း (ရွှေဝါရောင်တော်လှန်ရေး)တွင်တချက်၊ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲတွင်တချက်၊ ၂၀၁၄ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင် ဆင်ရေးလက်မှတ်ရေးထိုးလှုပ်ရှားမှုတွင်တချက် ပါဝင်ပြသခဲ့ပြီး ဖြစ်ပါသည်။ ထပ်မံ၍ ရှင်းအောင်ပြောပါရစေ။ မြန်မာပြည်သူလူထုအများစုသည် စစ်အာဏာရှင်စံနစ်ကိုအလိုမရှိပါ။ စစ်အာဏာရှင်တို့၏ အဆွယ် အပွားပါတီများကို မနှစ်သက်ပါ။ စစ်တပ်နှင့်စစ်တပ်အသိုင်းအ၀ိုင်းသည် ၁၉၆၂ ခုနှစ်မှစကာ ယနေ့အချိန်အထိ အာဏာကို လက်မလွတ်စတမ်း နည်းအမျိုးမျိုးနှင့်ချုပ်ကိုင်လာခဲ့သည်ဖြစ်ရာ တိုင်းပြည်သည် တိုးတက် သလား မတိုးတက်ဘူးလား၊ ပြည်သူတွေ ဆင်းရဲသလားချမ်းသာသလား ဆိုတာ ဝေးဝေးသွားမကြည့်ပါနှင့် ဈေးထဲမှာပင် အိမ်ရှင်မများကိုမေးကြည့် လျှင် အဖြေသိနိုင်ပါသည်။ အိမ်နီးချင်းနိုင်ငံများ၏ တဦးချင်းဝင်ငွေ၊ လုပ်အားခ၊ ပညာသင်ကြားနိုင်မှု၊ နိုင်ငံ၏ဥစ်္စာဓန၊ အခြေခံအဆောက် အဦတို့ကို နှိုင်းယှဉ်ကြည့်လျှင် သိနိုင်ပါသည်။ တိုင်းပြည်ကို အရပ်သား ပညာတတ်အစိုးရက အုပ်ချုပ်ပါမှ ကမ်္ဘာ့အလယ်တွင် ရင်ဘောင်တန်း ကာ တိုးတက်မှုအသီးအပွင့်များမြင်ရပေမည်။ သေနတ်ကိုင်ထားသော လူများအုပ်ချုပ်သည်ထက် Lap Top ကိုင်ထားသော ကွန်ပျူတာကိုင် ထားသော အရပ်သားပညာရှင်များအုပ်ချုပ်တာက တိုးတက်မှုလမ်း ကြောင်းပေါ်သို့ရောက်နိုင်ကြောင်း လီကွမ်ယုနှင့် ပညာတတ်အရပ်သား များအုပ်ချုပ်ခဲ့သော စင်္ကာပူက သက်သေပြနေပါသည်။ ဗိုလ်ချုပ်ကြီးများသည် တိုင်းပြည်ကိုငြိမ်ဝပ်ပိပြားအောင်တော့ လုပ်နိုင်ပါလိမ့်မည်။ သို့သော် တိုးတက်ချမ်းသာအောင်တော့မလုပ်နိုင်ကြောင်း မြန်မာ၊ မြောက်ကိုရီးယား၊ အီရတ်၊ ကျူးဘား၊ လစ်ဗျား၊ နိုင်ဂျီးရီးယားတို့က သက်သေပြနေပါသည်။ မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာသော တပ်မတော်မျိုးဆက်တစ်ခုသည် စိတ်ကောင်းစေတနာကောင်းဖြင့် ဒီမိုကရေစီသဘောကိုလည်း လက်ခံသည့်အနေနှင့် ပြည်သူလူထုက ရွေးချယ်တင်မြှောက်သော အရပ်သားအစိုးရတရပ်ကို ၂၀၁၅ တွင် ရွေးချယ်ခွင့်ပေးတော့မလားဟု တိုင်းသူပြည်သားများက မဲပေးရန် အားခဲနေကြပါသည်။ လက်ရှိ တပ်မတော်ခေါင်းဆောင်(ဟောင်း)၊ လက်ရှိ တပ်မတော်ခေါင်းဆောင်(သစ်)တို့သည် ပြည်သူလူထုက ရွေးချယ်မည့် အရပ်သားခေါင်းဆောင်တယောက်ကို လက်သင့်ခံခြင်းဖြင့် မြန်မာနိုင်ငံ ၏ အလှည့်အပြောင်းကို လွတ်လွတ်လပ်လပ်ပုံဖော်ခွင့်ပေးကြစေချင်ပါ သည်။ သို့သော် ၁၉၆၂ အာဏာရှင်မျိုးဆက်သည် ၅၂ နှစ်ကြာခဲ့ပြီဖြစ် သော်လည်း အပြောင်းအလဲကိုမလိုလားသေးမှန်း စိတ်မကောင်းစွာ တွေ့နေရပါသည်။

၂၀၁၅ ရွေးကောက်ပွဲ၏ အောင်မြင်နိုင်စွမ်းကို တစိမ့်စိမ့်တွေး ကြောက်လာသော အာဏာရပါတီနှင့် ထိပ်တန်းခေါင်းဆောင်များသည် ယခုထက်တိုင် တရားမရနိုင်သေးဘဲ အာဏာကိုဆက်ကိုင်ထားရန် ခြေ လှမ်းပြင်လာသည်ကို စိတ်မကောင်းစွာတွေ့နေရပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်သောအဆို၊ အနိမ့်ဆုံးလုပ်ခ လစာသတ်မှတ်ရေးအဆို၊ တပ်မတော်မှ သိမ်းထာသောလယ်ယာမြေများ ပြန်လည်ပေးအပ်ရေးအဆို၊ လွှတ်တော်အမတ်များကို တာဝန်မှပြန်လည် ရုပ်သိမ်းနိုင်သော ဥပဒေပြဋ္ဌာန်းရေးအဆို၊ အစိုးရနှင့်လွှတ်တော်အမတ် များ၏ ပိုင်ဆိုင်မှုဥစ်္စာဓနများ ဖော်ထုတ်ကြေညာရေးအဆို၊ ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းရေးအဆိုများနှင့်ပတ်သက်လျှင် နှေးကွေးလေးလံစွာ ဆောင်ရွက်လေ့ရှိသော လွှတ်တော်ကြီးသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရွေးကောက်တင်မြှောက်ခြင်းအခန်းကဏ္ဍတွင် မပါဝင်သော အချိုးကျကိုယ်စားပြုစံနစ် (PR စံနစ်)ဖြင့် ပြောင်းလဲကျင့်သုံးရေးအဆို တင်သွင်းရာတွင်မူ သူမတူအောင် ဂျက်လေယာဉ်နှုန်းဖြင့် ရှေ့သို့ချီတက် နေတာတွေ့ရပေသည်။ ထိုမြှုပ်ကွက်၏နောက်ကွယ်တွင် ၂၀၁၅ ရွေး ကောက်ပွဲတွင် N.L.D ပါတီ မဲအများစုရကာ အစိုးရဖွဲ့ဖြစ်သွားမည်ကို တားဆီးလိုသော ဆန္ဒကအဓိကနေရာမှပါနေကြောင်း ထမင်းစားသူမှန် သမျှ စဉ်းစား၍ရနေကြပေသည်။

အာဏာရှိသူများသာ ရိုးသားခဲ့ကြပါက ထိုအချိုးကျ ကိုယ်စားပြု ဟူသောစံနစ်ကို ၂၀၁၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲအများစုဖြင့် ကြံ့ခိုင်ရေးပါတီမှ မဲဆန်္ဒနယ်အတော်များမျာတွင်နိုင်ခဲ့စဉ်က ကျင့်သုံးဖို့ အဘယ့်ကြောင့် တခွန်းမှမဟဘဲ ယခုမှ ကယောင်ကတန်းဖြင့် ဖုတ်ပူမီး တိုက်ပွဲထုတ်လာသနည်း။

ရှုံးတော့မည်မှန်းသိ၍ ကစားပွဲတွင် စည်းမျဉ်းကိုပြင်ခြင်းလော။ စာမေးပွဲတွင် အမှတ် ၄၀ ရမှာ မသေချာတော့သောအခါမှ အောင်မှတ်မှာ ၁၀ မှတ်ရလဲအောင်သည်ဟု ပြင်ဆင်သတ်မှတ်ခိုင်းခြင်းကား ကိုယ့် အရည်အချင်းကို ကိုယ်ဖော်ပြရာရောက်နေပေ၏။ အမှန်စင်စစ် ကိုယ့် တုန်းက ရဲရဲကြီးအလှည့်ယူခဲ့သလို အရပ်သားများအာဏာရလာမှာကို လည်း ရဲရဲကြီးအလှည့်ပေးသင့်ပါသည်။ စစ်တပ်ကိုယုံလျှင် လူတွေက စစ်တပ်ကို မဲပေးမည်။ ကြံ့ခိုင်ရေးပါတီကိုယုံလျှင် လူတွေက ကြံ့ခိုင်ရေး ကိုမဲပေးမည်။ N.L.D ကိုယုံလျှင် N.L.D ကိုမဲပေးမည်။ ရခိုင်ပါတီကို ယုံလျှင် ရခိုင်ပါတီကိုမဲပေးမည်။ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ ချုပ်ကိုယုံလျှင် ရှမ်းကိုမဲပေးမည်။ သူ့မဲဆန္ဒနယ်မြေတွင် သူ့ကိုယ်စား လှယ်ကို သူ့ပြည်သူတွေက ရွေးချယ်ခြင်းစံနစ်ဟောင်းသည် ဘာမှအပြစ် ဆိုဖွယ်ရာ ကြီးကြီးမားမားမရှိ။ လူကြိုက်နည်း၍ရှုံးရသူတယောက် ပြုတ် ကျန်နေခြင်းသည် ဘာမှဝမ်းနည်းနေစရာမလို။ PR စံနစ်အရဆိုလျှင် အမတ်လောင်းကိုရွေးကောက်ခွင့်မရဘဲ ပါတီကိုသာရွေးချယ်ခွင့်ရတော့ မည်။ တဖန်ပါတီကမှ မဲအချိုးအစားရရှိမှုကိုမူတည်၍ လွှတ်တော်တက် မည့် ကိုယ်စားလှယ်ရွေးပေးရမည်ဖြစ်ရာ လူတော်များကို တိုက်ရိုက်ရွေး ခွင့် နည်းသွားမည်ဖြစ်သည်။ ကိုယ့်မဲဆန္ဒနယ်ကို ကိုယ်စားပြုသည့် အမတ်က ဘယ်သူမှန်းပင်မသိရသဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှု နည်း သွားမည်းစံနစ်၊ မည်သူ့အဖေခေါ်ရမှန်းမသိသည့်စံနစ်ဖြစ်ပေလိမ့်မည်။ နဂိုကတည်းကမှ လွှတ်တော်တွင် တပ်မတော်မှ ၂၅ ရာခိုင်နှုန်းနေရာ ယူထားပြီးဖြစ်ရာ ကျန်သော ၇၅ ရာခိုင်နှုန်းအတွက်သာ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ထပ်မံ၍ ရာခိုင်နှုန်းစံနစ်ဖြင့် ခွဲခြမ်းစိတ်ဖြာနေဦးမည် ဆိုပါက အားကောင်းသောအစိုးရတရပ် ဖြစ်ပေါ်မလာတော့ဘဲ ညွန့်ပေါင်း အစိုးရဖြစ်ပေါ်လာပေမည်။ ထိုအခါ အစိုးရအဖွဲ့ထဲတွင် တဖွဲ့ကိုတဖွဲ့ ကန့်လန့်တိုက်နေကြတာနှင့် နောက်ထပ်(၅)နှစ် တိုင်းပြည်မှာ ရေစုန် မျောပေဦးမည်။

အံ့သြစရာကောင်းသည်မှာ အမျိုးသားလွှတ်တော်တွင် PR စံနစ်ကို ကျင့်သုံးရေးအဆိုကို NLD ပါတီမှ ဒေါ်ခင်ဝိုင်းကြည်က စတင် အဆိုတင်သွင်းစဉ်က တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အားလုံးက တညီတညွတ်တည်း ကန့်ကွက်မဲပေးခဲ့ကြသည်ကို တွေ့ခဲ့ရသည်။ PR ရွေးကောက် ပွဲစံနစ်ကိုထောက်ခံသူမှာ ကြံ့ခိုင်ရေးပါတီဝင်များနှင့် NDF ပါတီဝင်များ သာရှိခဲ့သည်။ သို့သော် ထိုအဆိုကိုပင် ဇူလိုင်လ ၂၄ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် အမျိုးသားလွှတ်တော်မှာ ဆန္ဒမဲခွဲစဉ် တုန်းကလို ဆန့်ကျင်ကန့်ကွက်မှုမပြုတော့ ထောက်ခံမဲပေးခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်မဲပေးခဲ့ကြသည်။ ကန့်ကွက်မဲ ၄၂ မဲရှိပြီး တိုင်းရင်း သားကိုယ်စားလှယ် (၂၀)ဦးခန့်က PR အဆိုကို ကန့်ကွက်သောအားဖြင့် ထိုနေ့တွင် လွှတ်တော်သို့မလာရောက်ကြောင်း ပြောကြားခဲ့ကြသည်။

ဤနေရာ၌ သဘောထားပြောင်းသွားသော တပ်မတော်သားကိုယ်စားလှယ် များ၏ရပ်တည်မှုမှာ အံ့အားသင့်ဖွယ်ဖြစ်သည်။ အမျိုးသားလွှတ်တော်မှ တပ်မတော်သားများက PR ကိုဆန့်ကျင်သည်။ ရက်အနည်းငယ်ကြာ သောအခါ ပြည်သူ့လွှတ်တော်တွင် တပ်မတော်သားများက PR ကို ထောက်ခံသည်။ အဘယ်ကြောင့် သူတို့ဘက်ပြောင်းသွားသနည်း။ တခုပဲရှိသည် အဖွဲ့ ၂ ဖွဲ့မှ ခေါင်းဆောင်ကြီးများ လူမသိသူမသိ တွေ့ဆုံညှိနှိုင်းမှုတခုလုပ်လိုက်သည့် သဘောဖြစ်သည်။ PR စံနစ်ကြောင့် မဲများပြန့်ကျဲသွားလျှင် တပ်မတော်မှရွေးချယ်လိုက် သော သမ္မ္မတလောင်းသည် သမ္မတဖြစ်ဖို့လမ်းစများသည်ဟူသော အကြောင်းပြချက်က တပ်မတော်၏ထောက်ခံချက်ကိုရရှိနိုင်ဖို့ မက်လုံးတခု ဖြစ်လာနိုင်ပေသည်။ ထိုအကြောင်းကြောင့်ပင် တပ်မတော်သည် စိတ်ပြောင်းကာ PR စံနစ်ကျင့်သုံးမည့်အဆိုကို ကန့်ကွက်မှု ရုပ်သိမ်းခဲ့ ခြင်းဖြစ်ဟန်တူပေသည်။ တပ်မတော်သည် အရပ်သားသမ္မတ၏သြဇာကို နာခံလိုပုံမပေါ်ပေ။ ၂၀၀၈ အခြေခံဥပဒေအရ လုပ်ပိုင်ခွင့် လွန်လွန်ကျူးကျူးရထားသော ကာကွယ်ရေးဦးစီးချုပ်သည် စစ်ဗိုလ်ချုပ်ဟောင်းမှ သမ္မတဖြစ်လာသူ ဦးသိန်းစိန်အမိန့်ကိုပင် နာခံသူမဟုတ်ဟု အချို့က သုံးသပ်နေကြရာ အရပ်သားတယောက်သမ္မတဖြစ်လာမည်ကို လိုလားမည် မဟုတ်ချေ။

ထို့ကြောင့်ပင် ကြံ့ခိုင်ရေးနှင့်တပ်မတော် စိတ်တူကိုယ်တူ ပေါင်းစည်းကာ ပီအာစံနစ်တွင် ထောက်ခံလိုက်ခြင်းဖြစ်ဟန်တူပေသည်။ တနည်းအားဖြင့် အရပ်သားအစိုးရတက်လာနိုင်မည့်လမ်းကြောင်းကို ပူးပေါင်းပိတ်ဆို့လိုက်ခြင်းဟုဆိုလျှင် ဆိုနိုင်ပါ၏။ မြန်မာ့နိုင်ငံရေးတွင် အရပ်သားများကိုအလှည့်မပေးဘဲ စစ်ဗိုလ်ချုပ်ဟောင်းများ၊ စစ်ဗိုလ်ချုပ် လက်ရှိများသာ ကြီးစိုးလွှမ်းမိုးထားရေးမူဝါဒ၊ တနည်းပြောရလျှင် လူ မပြောင်း မူမပြောင်း ရှေ့သို့ချီမည့်လမ်းကြောင်းကို ချပြလိုက်ခြင်းဖြစ်သည်။

တိုင်းပြည်အနာဂတ်အတွက် လူရွေးသောအခါ အကြိမ်ကြိမ် လူကြိုက်နည်းခဲ့သော အဖွဲ့ကိုတော့ အစားထိုးပြောင်းလဲမှကောင်းပေလိမ့် မည်။ သို့သော်လည်း ထိုသို့ပြောင်းလဲမှုသည် နိုင်ငံတော်နှင့် ပြည်သူ လူထုအတွက် ဦးတည်ကာပြောင်းလဲမည်လား၊ ကျွန်တော်တို့မြို့မှ ကိုမှုန်ကြီး ဘော်လီဘောအသင်းလူရွေးသလို “ဒီနှစ်တော့ ငါရယ် . . .” ဆိုသော ငါမပါဘယ်အခါမှမပြီး စစ်ဝါဒပဲခေါင်းထောင်လာဦးမှာလား ဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါကြောင်း။

သရ၀ဏ်(ပြည်)


 

No comments:

Post a Comment