Sunday, July 27, 2014

ဆက်ကြေး၊ ငြိမ်းချမ်းရေးနှင့် မိုးကောင်းမြို့မှ ပေးစာ


ကျွန်တော်တို့ရဲ့ ရင်တွင်းက ငိုကြွေးသံတွေကို အလေးထား ပေးစေချင်ပါသည်။
ကချင်လူငယ်နှစ်ဦး ဆိုင်ကယ်ပေါ်က ဆင်းပြီး ပေးလာသောစာကို ဖောက်ဖတ်ရင်း ဒုက္ခပါပဲဟု အံ့သြစွာ ရေရွတ်မိသည်။ ဆယ်စုနှစ် တစ်ခုကျော် မိုးကောင်းမြို့မှာ နေခဲ့ရာ ယခုလိုစာမျိုး တစ်ကြိမ်တစ်ခါမျှ မရစဖူး။

ဘဏ္ဍာရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းရန် ဆင့်ခေါ်ခြင်းဆိုပြီး အကြောင်းအရာပါ စာတမ်း၊ တိုက်နယ်အုပ်ချုပ်ရေး နယ်နိမိတ် မိုးကောင်းမြို့နယ်အတွင်း မှီတင်းနေထိုင်၍ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင် လူကြီးမင်းကို မိမိတို့ ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့အစည်းအား ဘဏ္ဍာရေးအရသော် လည်းကောင်း၊ အခြားသော အကူအညီမျိုးကိုသော် လည်းကောင်း ပံ့ပိုးပေးစေရန်အတွက် ညှိနှိုင်းဆွေးနွေး လိုပါသဖြင့် မပျက်မကွက် လာရောက်ရန် ဆင့်ခေါ်လိုက်သည် ဆိုသည့်စာကိုယ်၊ လာရောက်တွေ့ဆုံရမည့် နေ့ရက်၊ လာရောက်တွေ့ဆုံရမည့် နေရာက ဆိုင်းဒါးတိုက်နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မိုးကောင်းချောင်း၊ ယူဆောင်လာရမည့် ဘဏ္ဍာငွေက ကျပ်သုံးသိန်းတိတိ၊ နောက်ဆုံးအပိုဒ်မှာက ဤဆင့်ခေါ်စာနှင့် ပတ်သက်၍ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော ပြဿနာ (သို့) ဆုံးရှုံးခြင်းများသည် လူကြီးမင်း၏ တာဝန်သာ ဖြစ်ကြောင်း အသိပေးလိုက်သည်... ဆိုသည့် စာတန်း၊ ဆိုလိုရင်း အနှစ်ချုပ်က သူတို့ကို ငွေသုံးသိန်း (မပျက်မကွက်) လာပို့ပါဆိုသည့် စာပဲဖြစ်သည်။ ဆက်သွယ်ရန် ဖုန်းနံပါတ်ကိုလည်း ဖော်ပြထားသည်။

တကယ်ဆို ကျွန်တော်တို့မြို့က အရှေ့ဘက်မှာ ခလရ (၇၄) တပ်ရင်း၊ တောင်ဘက်မှာ ခလရ (၁၀၅) တပ်ရင်း၊ အနောက်ဘက်မှာ ခမရ (၃၈၄)၊ ခမရ (၃၈၃)၊၊ အနောက်ဘက်မှာ ခမရ (၃၈၁)၊ ခမရ (၃၈၂) နှင့်အတူ အမှတ် (၃) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စသဖြင့် တပ်များစွာ ဝန်းရံထားသော မြို့ဖြစ်သည်။ ရှေးယခင်က ကျောက်စိမ်း လောပန်းများ နေထိုင်ရာ မြို့ဖြစ်သဖြင့် စီးပွားရေး လုပ်ငန်းရှင်များစွာ အခြေချနေထိုင်ခဲ့ရာ မြို့ဖြစ်ခဲ့သော်လည်း ယခုအခါ လက်လုပ်လက်စား တစ်နိုင်တစ်ပိုင် မိသားစု စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသူများသာ အများစု ဖြစ်သည်။ ယခင်က မိုးကောင်းမြို့ကို ရွှေရောင်လွှမ်းပေးခဲ့သော ကျောက်စိမ်းလောပန်း အများစုသည် မိုးကောင်းကို စွန့်ခွာ၍ လုပ်ငန်းကောင်းရာ၊ အဆင်ပြေချောမွေ့ရာ မြို့ကြီးပြကြီးများကို ပြောင်းရွှေ့သွားခဲ့သည်မှာ ဖားကန့်ဒေသ ကျောက်စိမ်းကုမ္ပဏီများ လွတ်လပ်စွာ တူးဖော်လုပ်ကိုင်နိုင်ခဲ့သည့် ၁၉၉၃ ခုနှစ်ကတည်းက ဖြစ်သည်။ မိုးကောင်းမြို့မှာ ခရီးတစ်ထောက်နားရာ စခန်း၊ ရတနာမြေ ရတနာမှော်များသို့ စားနပ်ရိက္ခာ ပေးပို့ကြသည့် ဈေးရောင်း ဈေးဝယ်များ နေထိုင်ရာ စခန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်သည့် ယာဉ်လုပ်ငန်းငယ်များ နားခိုရာစခန်း စသည့် တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်များသာ နေသည့် အထည်ကြီးပျက် မြို့ဖြစ်နေခဲ့သည်မှာ ကြာလှပြီ။

ကျွန်တော့်ဆိုင်က အပတ်စဉ်ဂျာနယ်၊ နေ့စဉ်သတင်းစာ၊ ဖြန့်ချိပေးနေသည့် ဆိုင်ဖြစ်သည်။ ပုဂ္ဂလိက နေ့စဉ်သတင်းစာ (The Voice Daily, 7days Daily, Daily Eleven, စံတော်ချိန်, Democracy Today) စုစုပေါင်းစောင်ရေ ၁၀၀ ဝန်းကျင်မျှသာ ဖြန့်ချိပေးနိုင်သည်။ တစ်စောင်လျှင် တစ်လ ကျပ်ငါးရာမျှသာ အသားတင် ကျန်သည်။ စုစုပေါင်းကျပ် ငါးသောင်း ဝန်းကျင်မျှသာပါ။ ဂျာနယ်စုံက တစ်ပတ်လျှင် ၃၀၀ ကျော်၊ တစ်ပတ်အမြတ်ငွေ ၃၀,၀၀၀ ဝန်းကျင်၊ ဝန်ထမ်းလစာ၊ မြေငှားခ၊ စည်ပင်ခွန်၊ ကုန်သွယ်ခွန်၊ အမြတ်ခွန်၊ အခွန်များစွာ ပေးဆောင်ပြီး ကျန်ငွေက သာမန်ပုဂ္ဂလိက ဘဏ်ဝန်ထမ်း လစာမျှသာ ဖြစ်သည်။

ဤအခြေအနေမှာ ကျွန်တော့်ဆိုင်အား လုပ်ငန်းရှင်တစ်ဦးကဲ့သို့ ပေးဆောင်ရန် တောင်းခံလာသော KIA ၏ တောင်းဆိုမှုကို နားမလည်နိုင် ဖြစ်ရသည်။ နောက်ပြီး ကျွန်တော့်လုပ်ငန်းက အများပြည်သူ အသိဉာဏ် ဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေသော လုပ်ငန်းအမျိုးအစား ဖြစ်သည်။ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အများပြည်သူတို့၏ ခံစားချက်များ ဖွင့်ထုတ်ရာ၊ မတရားမှုများကို ဖော်ထုတ်ပေးရာ၊ လူ့အခွင့်အရေးများကို ကာကွယ်မှုများကို ဆောင်ရွက်ပေးရာ သတင်းစာ၊ ဂျာနယ်၊ စာအုပ်စာပေများကို ဖြန့်ချိပေးရာ နေရာကို အဘယ်ကြောင့် အခွန် (ဆက်ကြေး) ကောက်ခံလာပါလိမ့် ဆိုသည့် အတွေးနဲ့အတူ စိုးရိမ်ကြောင့်ကြမှု၊ စိတ်ဓာတ်ပင်ပန်း ဆင်းရဲမှုကိုလည်း ခံစားရသည်။

သူတို့ တောင်းဆိုသော ငွေပမာဏက ကျွန်တော့်လက်ထဲတွင် မရှိ။ သက်ဆိုင်ရာ အာဏာပိုင်များကို အကြောင်းကြားသော်လည်း သူတို့မှာ ဘာမှ လုပ်ပိုင်ခွင့် မရှိသည့်သဘော ပြောလာသည်။ သူတို့ချိန်းသည့်ရက် (၈-၆-၁၄) ရက်နေ့တွင် ကျွန်တော်မသွားပါ။ ညနေပိုင်းလောက်တွင် သူတို့ရောက်လာပြီး သူတို့၏ လူကြီးနှင့် တွေ့ဆုံရန် လာခေါ်သည်။ ကျွန်တော့်မှာ ပေးစရာငွေ မရှိသဖြင့် မလိုက်နိုင်ကြောင်းနှင့် အံဆွဲအတွင်းမှာ ရှိသော စာစောင်ရောင်းရငွေကို ယူသွားပါဟု ပြောသော်လည်း လက်မခံ။ သူတို့တောင်းသည့် ငွေကို (၁၅-၆-၁၄) ရက်နေ့မှာ အသင့်ပြင်ထားပါ။ ပြန်လာမည်ဟု ပြောပြီး ပြန်သွားသည်။ (၁၄-၆-၁၄) ရက်နေ့တွင် အမှတ်တမဲ့ ရောက်လာပြီး လာခေါ်ပြန်သည်။ နောက်ဆုံးတော့လည်း အပြန်အလှန် အလျှော့ပေး ညှိနှိုင်းရင်းနှင့် တစ်ပတ်စာ စာစောင်ဖိုး စုထားသည့် (၁၃၀,၀၀၀) ကို သူတို့လက်ထဲ ထည့်လိုက်ရသည်။

ကျွန်တော့်ဆိုင် ဘေးကတော့ (၂၅၀,၀၀၀) ပေးလိုက်ရသည်ဟု ဆိုပါသည်။ အခြားမိတ်ဆွေများကို မေးတော့ တည်းခိုခန်းပိုင်ရှင် တစ်ဦးကတော့ ခြောက်သိန်း ပေးလိုက်ရသည်ဟု ပြောပါသည်။ မွေ့ရာရောင်းသည့်ဆိုင်က မနှစ်က ငါးသိန်းပေးရကြောင်း ပြောသည်။ စားသောက်ဆိုင်များကိုတော့ ရှစ်သိန်းတောင်းကြောင်း ကြားရသည်။ ယခု ဇူလိုင်လထဲမှာတော့ နတ်ကြီးကုန်းရှမ်းပိုင်းမှ ခေါက်ဆွဲစက်များ၊ ဈေးရောင်း ဈေးဝယ်များထံ စာရောက်လာသည်။ ရှမ်းပိုင်းမှ ရှမ်းလူမျိုးများကတော့ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့က ဦးဆောင်ပြီး လူထုအစည်းအဝေး လုပ်ကာ ဆက်ကြေးကို မပေးနိုင်ကြောင်း ဆုံးဖြတ်ကြပြီး မြစ်ကြီးနားမြို့ရှိ KIO (Techinical Advisory Team) ရုံး ရှိရာသို့ (၁၆-၇-၂၀၁၄) ရက်နေ့တွင် သွားရောက်၍ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ KIO ကိုယ်စားလှယ်များနှင့် သွားရောက်ဆွေးနွေးကြပြီး သူတို့၏ ဆန္ဒသဘောထားများကို ဆွေးနွေးကာ အခွန် (ဆက်ကြေး) ကောက်ခံခြင်းကို ကန့်ကွက်ခဲ့ကြကြောင်း ဦးဆောင်ပါဝင်ခဲ့သူ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်အေးက ရှင်းပြသည်။

သူတို့ အဓိက တောင်းဆိုမှုက အခွန်ကောက်သည် ဆိုရာတွင် ကောက်ခံသော အခွန်ငွေကို အများပြည်သူအတွက် ဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းတံတားနှင့် လူနေမှုဘဝ တိုးတက်မြင့်မားရေးများ အတွက်သာ သုံးရန်ဖြစ်ပြီး စစ်အသုံးစရိတ်အတွက် သာမန်ပြည်သူလူထုထံမှ ကောက်ခံခြင်းကို ကန့်ကွက်ကြခြင်း ဖြစ်သည်။ နိုင်ငံတော်အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၊ လုပ်ငန်းကော်မတီနှင့် KIA/KIO အဖွဲ့တို့၏ ၂၀၁၃ ခု အောက်တိုဘာလအတွင်း သဘောတူလက်မှတ် ရေးထိုးခဲ့ကြသော အစည်းအဝေး ဆုံးဖြတ်ချက် အပိုဒ် (၁)၊ စာပိုဒ် (င) ပါ အချက်အား ချိုးဖောက်မှုကို ဖော်ထုတ် ဆွေးနွေးခဲ့ကြောင်း ရှင်းပြသည်။

မိုးကောင်းမြို့နယ် အတွင်းရှိ ရှမ်းရွာများတွင်လည်း သူတို့၏ ရွာအတွင်းရှိ အမာခံလူများမှ တစ်ဆင့် လယ်သမားများကို တစ်အိမ်ထောင်လျှင် တစ်နှစ်စာ ဆက်ကြေး (၅၀,၀၀၀) (ကျပ်ငါးသောင်း)၊ လုပ်ငန်းရှင်များထံမှလည်း သစ်တစ်တန် ထုတ်ခ (၃၀,၀၀၀)၊ ဖားရှာ ငါးရှာတစ်ဦးလျှင် (၃၀,၀၀၀)၊ ဝါး၊ ရုန်း၊ ထင်းတစ်စီး ခုတ်လျှင် လှည်းတစ်စီး (၁၀,၀၀၀) မြင်းခွာရွက်မှစ၍ အရွက်အမျိုးမျိုးကောက် ရောင်းစားလျှင် တစ်ဦး (၅၀၀၀)၊ ချိန်းစော (သစ်ခုတ်လွှစက်) တစ်လက်လျှင် (၃၀,၀၀၀) စပါးချွေလှေ့စက် တစ်လုံးလျှင် (ငါးသောင်းကျပ်) စသဖြင့် ၂၀၁၃ နိုဝင်ဘာလအတွင်းက ကောက်ခံခဲ့ခြင်းက ရှမ်းလူမျိုးများနှင့် ကချင်လူမျိုးများအကြား စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။ ရှေးယခင် ကာလများက ဆက်ကြေး ကောက်ခံခဲ့သော်လည်း ယခုအခါလောက် များပြားခြင်း မရှိကြောင်း၊ လက်နက်ပြ တောင်းခံမှုများကြောင့် ရွာသားများမှာ ထိတ်လန့်ကြောက်ရွံ့ ကြရကြောင်းလည်း ထုတ်ဖော် ပြောဆို လာနေကြပြီ။

“နှစ်ပေါင်း ၆၀ ကျော်တဲ့တိုင်အောင် လက်နက်ကိုင်ဆောင်ပြီး မိမိတို့ တိုင်းရင်းသား အခွင့်အရေးကို တောင်းဆိုနေတဲ့ KIA/KIO အဖွဲ့အစည်းကို လူတိုင်းနီးနီးက လေးစားထောက်ခံခဲ့ကြတာ။ အရင်က အများပြည်သူဆီမှာ အခွန်ကောက်တာ ဆိုပေမယ့်လည်း သာမန်လူတန်းစားတွေ တတ်နိုင်တဲ့အတိုင်း အတာပါ။ အမှန်တကယ် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဆီကသာ သာသာထိုးထိုး ကောက်ခံခဲ့တာ။

ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်သူတွေ၊ သစ်လုပ်ငန်း လုပ်ကိုင်သူတွေ၊ ရွှေ၊ ကျောက်မျက်ကူးသန်း လုပ်ကိုင်သူတွေဆီက အဓိကထား ကောက်ခံတာ ပြဿနာ သိပ်မရှိခဲ့ပါဘူး။ အခုတော့ သာမန်ဈေးရောင်း ဈေးဝယ်ဆီကလည်း ကောက်၊ ကွမ်းယာဆိုင်ကိုလည်း ကောက်၊ ယာဉ်လိုင်းဆွဲသူတွေဆီကလည်း မတန်တဆကောက် ဆိုတော့ KIA/KIO အဖွဲ့ နည်းဗျူဟာ မှားယွင်းလာပြီ” ဟု ကျွန်တော့်မိတ်ဆွေက ဝေဖန်ပြသည်။ စစ်တပ်များ ဝိုင်းရံနေသည့် မိုးကောင်းမြို့ အတွင်းသို့ အခွန်ဆက်ကြေးများ ကောက်ခံလာခြင်းကို လွယ်လွယ်ကူကူ လုပ်နိုင်ခြင်းသည် KIA ထောင်ချောက်အတွင်း ဆင်းမိခြင်းသာ ဖြစ်သည်။ ပြည်သူလူထု အထိတ်တလန့်ဖြစ်ကာ KIA အပေါ် ထောက်ခံမှု လျော့နည်းလာအောင် တပ်မတော်နှင့် အာဏာပိုင် အဖွဲ့အစည်းများက ဖွင့်ပေးထားသည့် လမ်းကြောင်းအတွင်းသို့ KIA ဝင်ရောက်လာပြီ။

ပြည်သူလူထုကို အနိုင်ကျင့်၊ နှိပ်စက်မှုကို တပ်မတော်က ဝင်ရောက် ကယ်တင်တော့မည်။ တပ်မတော်သည် ပြည်သူလူထုအတွက် မရှိမဖြစ် လိုအပ်ကြောင်းကို မကြာမီ ပြသခွင့် ရတော့မည်။ ဤအချက်ကို KIA/KIO က ဘာကြောင့်များ မစဉ်းစားဘဲ မာဖီးယားဂိုဏ်းဆန်ဆန် အပြုအမူများကို ဆောင်ရွက်နေပါသနည်းဟု နိုင်ငံရေးကို မျက်ခြည်မပြတ် လေ့လာသူများက မေးခွန်းထုတ်လာသည်။ ယနေ့ နိုင်ငံရေးသမားများ၊ စာနယ်ဇင်းသမားများ အားလုံးလိုလိုက ကချင်တိုင်းရင်းသား ခေါင်းဆောင်များအဖြစ် သတ်မှတ်ထားသော KIA/KIO သည် ယနေ့ အကြမ်းဖက် အဖွဲ့အစည်းအသွင် ဖြစ်ပေါ်လာခြင်းသည် တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွှတ်မှုကို ပြိုကွဲစေသည်။ ရှမ်းလူမျိုးများ က ပြည်သူ့စစ် အဖွဲ့အစည်းများအဖြစ် အသွင်ပြောင်းကာ ဆန့်ကျင်ဖို့ တာစူလာပြီ။ ရှေးယခင်ကတည်းက မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်နယ်မျာသည် ရှမ်းလူမျိုး အများစု ပိုင်ဆိုင်ရာ ဒေသများ ဖြစ်ကြောင်းကို သမိုင်းကြောင်းကို လေ့လာသူတိုင်း သိကြသည်။

၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကချင်ပြည်နယ်အတွင်း ပါဝင်ခဲ့သော်လည်း ၂၀၁၂၊ ကချင်ပြည်နယ် ဦးစီးဇယားအရ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်တို့တွင် ရှမ်းနှင့်ဗမာ အများစု နေထိုင်နေသည်ကို တွေ့ရမည်။ ရှမ်း၊ ဗမာ၊ ကချင်များအားလုံး ချစ်ခင်ရင်းနှီးစွာ နေထိုင်ခဲ့ကြသည်။ ကချင်လူမျိုးများ တောင်ပေါ်ဒေသများမှ ဆင်းလာပြီး ရှမ်းရွာ မြေပြန့်ဒေသများတွင် လာရောက် အခြေချစဉ်က လှိုက်လှဲစွာ နေရာချ ကြိုဆိုခဲ့ကြကြောင်း ရှေ့မီနောက်မှီ ရှမ်းလူကြီးများက ပြောပြသည်။

ထို့ကြောင့် KIA/KIO အနေနှင့် ကချင်ပြည်မှာ လာနေရင် ကချင်အစိုးရကို အခွန်ပေးရမှာပေါ့ ဆိုသည့် စကားကို အလွယ်တကူ မပြောသင့်သလို ငွေကြေး ကောက်ခံမှုများကိုလည်း သေသေချာချာ စိစစ် ဆောင်ရွက်သင့်ပြီဟု ပြောဆိုလာကြပြီ ဖြစ်သည်။ တိုင်းရင်းသား အချင်းချင်းလည်း နားလည်မှု လွဲစေသော လုပ်ရပ်များကို ရပ်တန့်သင့်ပြီဟု ထင်ကြသည်။

မတူခြားနားသော လူ့အဖွဲ့အစည်းများအကြား အမြင်မတူညီမှုများ များစွာ ရှိနေမည်မှာ အသေအချာပင်။ သူမှန်သည် ကိုယ်မှန်သည်ဖြင့် တစ်ဖက်နှင့်တစ်ဖက် ငြင်းခုံနေမှုများလည်း ရှိနေမည် ဖြစ်သည်။ သို့သော်လည်း အများပြည်သူ အကျိုးရှိဖို့ဆိုလျှင် မှားသည် မှန်သည် ငြင်းခုံနေခြင်းထက် အပြန်အလှန် ဆွေးနွေးကာ အမှန်ကလည်း နည်းနည်းလျှော့၊ အမှားကလည်း နည်းနည်းလျှော့ကာ အကောင်းဆုံးလမ်းကို ရွေးချယ် လျှောက်လှမ်းစေချင်ပါသည်။

သယံဇာတ ပေါကြွယ်လှပါသည် ဆိုသည့် ကချင်ပြည်နယ်က မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံး ဖြစ်နေသည် ဆိုသည့် အချက်က ငြင်းမရပါ။ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ဘယ်နေရာမှာဖြင့် အဆင့်မြင့်နေသည်ဆိုကာ ပြသစရာမရှိ။ ကချင်ပြည်နယ်အတွင်းက အဆီအနှစ်များ ထုတ်ယူသွားကြသော စီးပွားရေး လုပ်ငန်းရှင်များကလည်း အိုင်တွေ့တိုင်း ခြေဆေးသွားခဲ့သလို ကချင်ပြည်နယ်ကို ထားရစ်ခဲ့သည်။ ကချင်ပြည်နယ် တိုးတက်အောင် လုပ်လိုက်မဟဲ့ ဆိုသော ခေါင်းဆောင်များအစား ပြည်နယ်က အဆီအနှစ် ဘာရှိလဲ၊ ငါရအောင် ယူရမည်ဆိုသော ခံယူချက်နှင့် တက်လာသော ခေါင်းဆောင်အများစုကိုသာ မြင်နေရသည်ကလည်း ဝမ်းနည်း ကြေကွဲဖွယ်ရာပင်။ ဘာသက်သေနဲ့ စွပ်စွဲပါသလဲဟု မေးလာလျှင် ကိုယ့်ကိုယ်ကိုယ်သာ အသိဆုံးပါဟု ဖြေဆိုလိုပါသည်။

ကျွန်တော်တို့ ပြည်သူအများစုက ငြိမ်းချမ်းသောလမ်း၊ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးစွာ လျှောက်ရသော လမ်းကို အမြန်ဆုံး ပျော်ရွင်စွာ လျှောက်လှမ်းလိုကြပါသည်။ နိုင်ငံရေးပရိယာယ် မကြွယ်ဝသလို နိုင်ငံရေး ဗဟုသုတလည်း နည်းပါးလှသော ကျွန်တော်တို့ ပြည်သူလူထုကတော့ နိုင်ငံရေးကို ဦးဆောင်ခြင်းထက် မှန်ကန်သင့်မြတ်သော နိုင်ငံရေးလမ်းစဉ်ကို လျှောက်လှမ်းနိုင်အောင် ကူညီပံ့ပိုးသူများ အဖြစ်သာ ဆောင်ရွက်လိုပါသည်။ နှစ်ပေါင်းများစွာ ကြာအောင် နိုင်ငံရေး အသိအမြင်များကို ပိတ်ဆို့ထားခြင်း ခံခဲ့ရသောကြောင့် နိုင်ငံရေး အသိဉာဏ် နည်းပါးလှသော ကျွန်တော်တို့ကို မလိမ့်တပတ် အနိုင်ယူ အမြတ်ထုတ်သော လုပ်ရပ်များကိုလည်း ရပ်တန်းက ရပ်စေလိုပါကြောင်းနှင့် ကျွန်တော်တို့၏ ရင်တွင်းမှ ငိုကြွေးသံများကို အလေးအနက် ထားစေလိုပါကြောင်း သက်ဆိုင်ရာ နှစ်ဖက်ခေါင်းဆောင်များ အားလုံးကို အနူးအညွှတ် တောင်းပန်ရင်း။

မိုးကောင်းသား (၂၁-၇-၂၀၁၄)

မှတ်ချက်။ ။ ဤကဏ္ဍပါ ဖော်ပြချက်များသည် စာရေးသူ၏ ကိုယ်ပိုင်ယူဆချက် အာဘော်များသာ ဖြစ်ပြီး The Voice Daily ၏ အာဘော် မဟုတ်ပါ

  

No comments:

Post a Comment