ဖွဲ့စည်းပုံနဲ့ ဖွဲ့မစည်းပုံ
(Written by: ဒေါက်တာဖြိုးသီဟ)
တစ်ရက် မုဒုံဘက်ကိုသွားရင်းနဲ့ လမ်းမှာ ဆိုင်ကယ်သမားတွေ
တစ်ယောက်နဲ့တစ်ယောက် ခေါင်းကို ပုတ်ပုတ်ပြသွားကြတာကို သတိထားမိလိုက်တယ်။
အစကတော့ ဘာမှန်း သဘောမပေါက်ဘူး။ နောက်တော့ တချို့ လှမ်းအော်သွားကြတာကို
ကြားမှပဲ ဘာဆိုတာ သေချာသိတော့တယ်။ သူတို့အခေါ်တော့ ဆပ်ပလိုင်းချက်ခ်ပေါ့
(Surprise check ကို ဆိုလိုတယ်ထင်ပါ့)။ မော်လမြိုင် သံလွင်တံတားအဆင်းက
ဆွမ်းအုပ်အဝိုင်းနားမှာ ရဲတွေက စိတ်ကူးပေါက်ရင်ပေါက်သလို အဲဒီလို
ဆပ်ပလိုင်း ထထချက်တတ်ကြတယ်ဗျ။ အဲဒီလို နေ့တွေမှာဆိုရင် အဖမ်းမခံရလေအောင်
ခုလိုပဲ ဆိုင်ကယ်တစ်စီးနဲ့တစ်စီး information sharing လုပ်သွားပေးကြတယ်။
ဟိတ် ဟိုမှာဖမ်းနေပြီ၊ ဦးထုပ်ဆောင်းသွားကြပေါ့ဗျာ။
အဲဒီလို အချင်းချင်းစည်းလုံးကြတဲ့ သူတို့စိတ်ဓာတ်လေးကတော့
ချစ်စရာကောင်းသား။ ဒီလိုမျိုး အချက်ပြလိုက်တော့မှ သုံးယောက်စီးလာတဲ့
ဆိုင်ကယ်ကလည်း တခြားလမ်းက ပတ်သွား၊ ဦးထုပ်ဆောင်းမလာတဲ့ လူကလည်း
ဆိုင်ကယ်ရှေ့မှာချိတ်ထားတဲ့
ဦးထုပ်ကို အပြေးအမြန် ဆောင်းကြနဲ့ပေါ့ဗျာ။ တစ်ခါတလေလည်း
ကမန်းကတန်းကွေ့လိုက်ရင်း နောက်ကပါလာတဲ့ စက်ဘီးနဲ့ငြိပြီး လျော်လိုက်ရတာတွေက
ရှိသေး။ သူတို့ကိုကြည့်ရင်း တွေးမိတယ်။ ဪ အစကတည်းက နှစ်ယောက်တည်းစီးလာမယ်၊
ဦးထုပ်ဆောင်းလာမယ်ဆိုရင်တောင်
ဒီလောက်မပင်ပန်းဘူးလို့။ ပြောသာပြောတာပါ။ ကျွန်တော်တို့လည်း ဒီလိုပါပဲ။
အကျင့်ပါနေလို့လားတော့ မသိပါဘူးဗျာ။ အဲဒီလို ဆိုင်ကယ်ကို
နှစ်ယောက်တည်းစီးခိုင်းတာ၊ ဦးထုပ်ဆောင်းခိုင်းတာ
မေးသိုင်းကြိုးတပ်ခိုင်းတာတွေကို
ငါတို့ဘေးကင်းဖို့အတွက်၊ safety အတွက် လုပ်ရတာလို့ မမြင်ဘဲ တို့ကို
အသားလွတ် လာကန့်သတ်နေတာ၊ ထိန်းချုပ်နေတာလို့ပဲ မြင်နေကြတော့တာပါပဲ။
အလုပ်သင်ဆရာဝန် ဘဝအစက ဖြစ်ရပ်လေးကို သွားသတိရမိတယ်။ အဲဒီတုန်းက လူနာတွေကို
သွေးဖောက်ပေးတော့မယ်ဆိုရင် များသောအားဖြင့် အလုပ်သင်ဆရာဝန်
နှစ်ယောက်သွားကြတယ်။ တစ်ယောက်က လူနာလက်ကိုညှစ်။ နောက်တစ်ယောက်က ဖောက်ပေါ့။
တစ်ယောက်တည်းဆိုရင်တော့ လူနာစောင့်ကိုပဲ ညှစ်ခိုင်းရတယ်။ တစ်ရက်
အဲဒီလိုလုပ်နေတုန်း ဆရာတစ်ယောက်က လာကြည့်ပြီး မင်းတို့ SOP ဆိုတာ
ကြားဖူးလားတဲ့။ ဟင့်အင်း soap တော့သိတယ်၊ ဆပ်ပြာလေ။ တကယ်တော့
အဲဒီလိုအလုပ်တွေလုပ်ရင် လိုက်နာရမယ့် Standard Operating Procedure
ကိုပြောတာ။ ဆရာပြောလို့ အပြေးအလွှား စာအုပ်ကောက်လှန်ကြည့်တော့မှ ကျွန်တော်တို့လုပ်နေတဲ့ ပုံစံတွေက ဘယ်လောက်ပရမ်းပတာနိုင်မှန်း
သိခဲ့ရတော့တယ်။ အဲဒီနောက်ပိုင်းတော့ သွေးဖောက်တဲ့အခါ ပုလင်းမှာ
သွေးတွေပေနေတာတွေ၊ ခုတင်ပေါ် သွေးတွေကျကုန်တာတွေ ဒါတွေမဖြစ်တော့ဘူးပေါ့ဗျာ။
အရင်ကလည်း လိုချင်တဲ့သွေးတော့ ရခဲ့တာပါပဲ။ ဒါပေမဲ့ ခုကျတော့ smart ကျကျလေး
လုပ်တတ်လာတာပေါ့။ ရောဂါကူးစက်နိုင်ခြေတွေလည်း လျော့ကုန်တာပေါ့။
ပေါင်မုန့်မှာပါတဲ့ Expire date က ၂၂ ရက်နေ့တဲ့။ ၂၃ ရက်နေ့ မနက်မှာ
စားဖို့ကြည့်တော့ မှိုတွေဘာတွေ ဘာမှတော့မတွေ့သေးဘူး။ အဲဒါနဲ့ပဲ စားလိုက်တယ်။
တွေးမိပါသေးတယ်။ မျက်စိနဲ့မမြင်ရပေမယ့် ရောဂါပိုးတွေ
ရှိချင်ရှိနေနိုင်တယ်။ ရက်လွန်နေတဲ့ ပေါင်မုန့်ကိုတော့ မစားတာ
အကောင်းဆုံးပဲလို့။ ဟုတ်တယ်လေ။ Exp date က ၂၂ ရက်နေ့လို့ရေးထားတာ မဟုတ်လား။
ဒါပေမဲ့ ပြန်တွေးမိလိုက်တယ်။ အဲဒီ ၂၂ ရက်နေ့ ဆိုတာကရော ဘယ်သူက
အတည်ပြုထားပေးလို့လဲ။ တစ်လလောက် ရက်လွန်ထားပြီးသားရော ဖြစ်မနေနိုင်ဘူးလား။
ဒါမှမဟုတ် ရက်လွန်တယ်ဆိုတာကို မရှိတော့အောင် လုပ်ထားတာမျိုးရော
မဖြစ်နိုင်ဘူးလား။ တကယ့်ပြည်တွင်းဖြစ်အစစ် ငါးပိတောင် ဘေးကင်းတော့တာမှ
မဟုတ်ဘဲကို။ ကျွန်တော်တို့ စားသုံးသူတွေအတွက် ဘယ်သူကများ
အကာအကွယ်ပေးထားလို့လဲ။ စင်ကာပူနိုင်ငံသားက စင်ကာပူကပေါင်မုန့် ၂၂ ရက်နေ့မှာ
exp ဖြစ်သွားလို့ စားရင်ရောဂါဖြစ်မယ်ဆိုပြီး လွှင့်ပစ်လိုက်ပေမယ့်
မြန်မာပြည်သား ၂၂ ရက်နေ့ exp ဖြစ်မယ့်ပေါင်မုန့်ကို ၂၁ ရက်နေ့စားစား ၂၃
ရက်နေ့စားစား မထူးခြားဘူး။
လေယာဉ်စထွက်ပြီဆိုတာနဲ့
ခရီးသည်တွေ လိုက်နာရမယ့် စည်းကမ်း၊ အရေးပေါ်အခြေအနေ တစ်ခုဖြစ်လာခဲ့ရင်
လုပ်ဆောင်ရမယ့် အရာတွေကို ပြောပြတယ်။ လေယာဉ်တိုင်း ဒီလိုလုပ်ပေမယ့်
လေယာဉ်တိုင်း ပျက်ကျနေတာတော့လည်း ဘယ်ဟုတ်မလဲ။ ငါတို့လေယာဉ်
မပျက်လောက်ပါဘူးကွာဆိုတဲ့စိတ်မျိုး
ရှိလို့မရဘဲ ဒါဟာ အားလုံးမဖြစ်မနေ လိုက်ကိုလိုက်နာရမယ့် စည်းကမ်းပဲ။
နိုင်ငံတကာမှာဆို ကားပေါ်တက်ရင် အားလုံးက ပြောစရာမလိုဘူး။ ခါးပတ်ပတ်ပြီးသား။
ဒီမှာတော့ ကားအဟောင်းအနွမ်းတွေကို နှစ်ရှည်လများ ဈေးကြီးပေး
တသသစီးခဲ့ရတော့ ခါးပတ်ပတ်တဲ့ အလေ့အထက ရှိကိုမရှိဘူး။ တချို့များ
ခါးပတ်မပတ်လို့ သတိပေးသံ ထွက်လာတာတောင် အသံတိတ်ရင် ပြီးရောဆိုပြီး
ခါးပတ်ကို အရင်ထိုးထည့်လိုက်တယ်။ ပြီးမှ လူက အဲဒီခါးပတ်ပေါ်မှာ တက်ထိုင်တယ်။
ဒါလေးတောင်မှ မလိုက်နာရင် အမြန်နှုန်းတို့ မီးနီမီးဝါတို့ ဆိုတာကတော့
မေးမနေနဲ့တော့။ လိုင်းကားစီးရင် တွယ်မစီးနဲ့ ဘယ်လောက်ပြောပြော လစ်တာနဲ့
တွယ်ကြတော့တာပဲ။ ဟိုလမ်းမကြီးမှာ ကားတွေမှောက်ကြတယ်။ ဘာလို့လဲ။
လမ်းတည်ဆောက်စဉ်က ပြီးပြီးရောသဘောနဲ့ စံချိန်စံညွှန်းတွေ မလိုက်နာခဲ့လို့ပဲ။
ကားပေါင်းများစွာ ဖြတ်နေကြတယ်။ မှောက်တဲ့ကား၊ လူသေတဲ့ကား အများစုကို
ကြည့်လိုက်၊ စည်းကမ်းမလိုက်နာလို့ ဖြစ်ကြရတာပဲ။ မိုးရွာနေရင် မမောင်းနဲ့၊
မူးနေရင် မမောင်းနဲ့။ အမယ်လေး မောင်းလာတာ မင်းတစ်သက်ရှိတော့မယ် ရပါတယ်ကွ။
ကားမောင်းရင် ခါးပတ်ပတ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ရေးထားတယ်။ safety first။ နေရာတိုင်းဆောင်ထားရမယ် rain flower ကို။ အဲဒါတွေအားလုံးက စကားလုံးလေးတစ်လုံးအောက်မှာ ပျောက်ကွယ်သွားတယ်၊ “အမယ်လေး ဘာမှမဖြစ်ပါဘူးကွာ”
ပြောရရင်တော့ အဲလို “ဒါလေးများ ဘာမှမဖြစ်လောက်ပါဘူး” ဆိုတာကြီးက
ကျွန်တော်တို့ရဲ့ အမျိုးသားစိတ်ဓာတ်လိုတောင် ဖြစ်နေတယ်။
စံချိန်စံညွှန်းဆိုတာတွေများ ပြောကြည့်လိုက်ရင် အလကားအပိုတွေ၊ စာအုပ်ကြီးသမားတွေလို့တောင်
ကျွန်တော်တို့က အပြစ်တင်လိုက်ကြသေးတယ်။ တကယ်တော့ Think globally, Act
locally ဆိုတာ အထိုက်အလျောက်တော့ မှန်ပေမယ့် တကယ်လိုက်နာရမယ့်
စည်းမျဉ်းစည်းကမ်းတွေကို လျစ်လျူရှုလွန်းလာတဲ့အခါ အန္တရာယ်တွေ အဆင်မပြေမှုတွေ
အများကြီးပဲ ဖြစ်လာရပါတယ်။ တကယ်တော့ Standard တို့ Guideline တို့ Protocol
တို့ဆိုတာတွေကို စကားလုံးတစ်လုံးတည်း ချုပ်ပြောရရင် စည်းကမ်းပါပဲ။
ဒါတွေကို မလေးစားဘူး၊ မလိုက်နာဘူးဆိုတာ တည့်တည့်ပြောရရင်
ကျွန်တော်တို့လူမျိုး စည်းကမ်းမရှိတာကို ပြနေတာပါပဲ။ စည်းကမ်းဖောက်လို့
ထီးနန်းပျောက်ခဲ့ရတယ်ဆိုတဲ့
စကားအဟောင်းကြီးကိုတော့ ထပ်မသုံးချင်တော့ပါဘူး။ ဒါပေမဲ့
ဒီမိုကရေစီရဲ့အသက်ဟာ ပြည်သူပဲမို့လို့ ကျွန်တော်တို့ပြည်သူတွေ
စည်းကမ်းမရှိဘဲနဲ့တော့ ဒီတိုင်းပြည် ဘယ်သူအုပ်ချုပ်ချုပ်၊ အခြေခံဥပဒေ
ဘယ်လိုတွေပြောင်းသွားသွား၊ သယံဇာတတွေ ဘယ်လောက်ထွက်ထွက်
ကျွန်တော်တို့နိုင်ငံ တိုးတက်ဖို့ မရှိဘူး။
ပြည်သူတွေအနေနဲ့
ကိုယ့်တာဝန်ကိုယ်ကျေဖို့ လိုတယ်။ လမ်းမှာတော့ မီးနီမဖြတ်ကြေး၊
လမ်းပြောင်းပြန် ကျော်မတက်ကြေး၊ လူကူးမျဉ်းကျားမှာ အရှိန်လျှော့ကြေး၊
ကွမ်းတံတွေးမထွေး၊ အမှိုက်ပစ်မချကြေး၊ ဟိုရောက်လို့ လူများနေရင် တန်းစီကြေး၊
သူ့ထက်ငါအရင် အလုအယက် လက်မှတ်မထိုးကြေး၊ ဒါလေးတွေပါ
ကျွန်တော်တို့ပြင်ကြဖို့ လိုတယ်။
စည်းကမ်းပြည့်ဝတဲ့
ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်းဟာ ကျွန်တော်တို့ပြည်သူတွေ စည်းကမ်းမရှိလို့၊
ဒီမိုကရေစီ အလေ့အကျင့်တွေ မရှိသေးလို့၊ ဒီမိုကရေစီနဲ့ မထိုက်တန်သေးလို့
သူတို့က ဝင်ထိန်းပေးနေရဦးမယ်ဆိုတဲ့ သဘောပဲ။ တကယ်တော့ စိတ်ဓာတ်တွေ
ဖျက်ခဲ့တာလည်း သူတို့ပဲ။ ခုမှပျက်နေလို့ ထိန်းပေးရမယ်ဆိုပြီး ဟန်တစ်ချက်ပြ၊
ထပ်ဖျက်နေတာလည်း သူတို့ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအခြေအနေက
ရုန်းထွက်ချင်တယ်ဆိုရင်တော့
ကျွန်တော်တို့တွေ စည်းကမ်းရှိတယ်၊ အသိဉာဏ်ရှိတယ်၊ ဒီမိုကရေစီနဲ့
ထိုက်တန်တယ်ဆိုတာကို ပြပေးဖို့လိုတယ်။ ဖွဲ့စည်းပုံပြင်ဖို့ ကြိုးစားနေတဲ့
တစ်ပြိုင်တည်းမှာပဲ ကျွန်တော်တို့ ပြည်သူအစုအဖွဲ့ စည်းကမ်းမရှိပုံကိုလည်း
ပြင်မှ ကျွန်တော်တို့တွေ ရှေ့ရောက်ဖို့ မျှော်လင့်နိုင်မယ်။
(မကွေးတိုင်း မင်းဘူးမြို့နယ်တွင် ဇူလိုင် ၁၉ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး စနစ်တကျ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်နေစဉ်)
No comments:
Post a Comment