Monday, July 28, 2014

ပြည်သူ့ဘဏ္ဍာဆုံးရှုံးမှုနှင့် ပြုပြင်ပြောင်းလဲရေး


(written by : သစ်ထွဋ်)

လက်ရှိ မြန်မာနိုင်ငံရဲ့ ဘတ်ဂျက်သုံးငွေဟာ လိုငွေတွေ နှစ်စဉ်ပြလျက်ရှိနေရာ အများပြည်သူများအတွက် သုံးစွဲရန် အရေးတကြီး လိုအပ်လျက်ရှိတဲ့ ကျန်းမာရေး၊ ပညာရေးကဲ့သို့ ကဏ္ဍများမှာ လိုအပ်သလောက် သုံးစွဲနိုင်ခြင်း မရှိသေးပေ။

ပွင့်လင်းမြင်သာမှုမရှိ

ဘတ်ဂျက်လိုငွေ နှစ်စဉ်ပြနေသော်လည်း နိုင်ငံတော်ရဲ့ဘတ်ဂျက်ကို အဓိကသုံးစွဲနေတဲ့ အစိုးရ၀န်ကြီးဌာနများရဲ့ စာရင်းများကို စစ်ဆေးခဲ့တဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၊ ပထမခြောက်လ စာရင်းများ စစ်ဆေးတွေ့ရှိချက်မှာတော့ ၀န်ကြီးဌာနများရဲ့ လုပ်ငန်းဆောင်ရာ သုံးစွဲမှုတွေမှာ ပွင့်လင်းမြင်သာမှုမရှိတဲ့ သဘောများကို တွေ့ရကြောင်း မီဒီယာတွေမှာ ပါရှိလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတစ်ရပ်မှာ ပြည်ထောင်စုစာရင်းစစ်ချုပ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၊ ပထမခြောက်လ စာရင်းများကို စစ်ဆေးရာတွင် တွေ့ရှိရသော စစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ်ကန့်ကွက်ချက်များ၊ အရေးယူဆောင်ရွက်ပြီးစီးမှု အခြေအနေများနဲ့ စပ်လျဉ်းပြီး အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာကို ပြန်လည်သုံးသပ် ဖော်ပြတဲ့ လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ အစီရင်ခံစာမှာတော့ “နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်နှင့်အညီ တင်ဒါခေါ်ယူ ဆောင်ရွက်ခြင်းမရှိသဖြင့် ၀န်ကြီးဌာနများအနေဖြင့် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အား အလေးထားလိုက်နာခြင်း မရှိကြောင်း၊ တင်ဒါမခေါ်ဘဲ ကုမ္ပဏီများနှင့်ချိတ်ဆက် လက်သိပ်ထိုး လုပ်ငန်းအပ်နှံခြင်း၊ ပစ္စည်းဝယ်ယူခြင်းများသည် ပွင့်လင်းမြင်သာမှုမရှိဘဲ မရိုးဖြောင့်သည့် သဘောသက်ရောက်ကြောင်း သုံးသပ်ရရှိပါသည်” လို့ ၀န်ကြီးဌာနများရဲ့ လုပ်ငန်းဆောင်ရွက်မှု လိုအပ်ချက်များအပေါ် ထောက်ပြထားခဲ့ပါတယ်။

ဆုံးရှုံးသည့် ပြည်သူ့ဘဏ္ဍာ

ဒါ့ပြင် နိုင်ငံတော်ဘဏ္ဍာငွေ၊ ငွေသားများအား လက်ဝယ်ကိုင်ဆောင်ထားပြီး မိမိကိုယ်ပိုင် ငွေစုစာအုပ်တွင် ထည့်သွင်းပြီး အတိုးစားခြင်း၊ နေ့ပြန်တိုးပေးခြင်း၊ မိမိလုပ်ငန်းတွင် ခေတ္တစိုက်ထုတ် ရင်းနှီးမြှုပ်နှံနိုင်ခြင်း စတဲ့မသမာမှုများ ပြုလုပ်နိုင်သဖြင့် တင်းတင်းကျပ်ကျပ် အရေးယူ ဆောင်ရွက်သင့်တယ်လို့ အကြံပြု ဖော်ပြထားသလို အားနည်းချက်များအား လေ့လာစိစစ်ရာတွင် အချို့လုပ်ငန်းများမှာ လုပ်ငန်းကျွမ်းကျင်မှု မရှိခြင်းကြောင့်ဟု ယူဆရသော်လည်း အချို့ငွေပမာဏများတဲ့ လုပ်ငန်းများဟာ တာဝန်ရှိသူနှင့် ကန်ထရိုက်များအကြား ဆက်ဆံရေးမှာ ရိုးဖြောင့်မှုမရှိဟု သုံးသပ်ရရှိပါကြောင်း၊ ဒီအတွက် လိုအပ်သလို ဖော်ထုတ်အရေးယူ ဆောင်ရွက်သင့်ပါကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာမှာ သုံးသပ်ထားတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဆက်လက်ပြီး တာဝန်ရှိပုဂ္ဂိုလ်ဌာန အကြီးအကဲများ၊ ၀န်ထမ်းများဟာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများ မည်သို့ပြဋ္ဌာန်းထားကြောင်း သိရှိကျွမ်းကျင်ပြီး ဖြစ်ပါလျက်နှင့် လျစ်လျူရှုပြီး ဆောင်ရွက်ခြင်းများကြောင့် ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးစေကြောင်း၊ လိုက်နာဆောင်ရွက်မှု အားနည်းနေခြင်းများကို စာရင်းစစ် ကန့်ကွက်ချက်များအရ တွေ့ရှိရသဖြင့် ပြုပြင်သင့်ကြောင်း လွှတ်တော်ကော်မတီက သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ ကော်မတီက သုံးသပ်ချက်တွင် ၀န်ထမ်းအကြီးအကဲများဟာ လက်အောက်ဝန်ထမ်း အဆင့်ဆင့်အပေါ် ကြီးကြပ်မှုအားနည်းခြင်းကြောင့် အလွဲသုံးစားမှုများ ပေါ်ပေါက်စေကြောင်း၊ ကျူးလွန်တဲ့ ပြစ်မှုများအပေါ် အရေးယူ အပြစ်ပေးခြင်းဟာ ထိရောက်မှုမရှိသဖြင့် ဌာနတွင်း အလွဲသုံးစားမှုများ အကြိမ်ကြိမ် ဖြစ်ပေါ်စေနိုင်ကြောင်း၊ အပြစ်ပေး အရေးယူမှုတွင် “သတိပေးပြီးဖြစ်သည်။ လိုက်နာဆောင်ရွက်ပါမည်။ ညှိနှိုင်းဆောင်ရွက်ပါမည်။ နောင်မဖြစ်စေရန် သတိထားဆောင်ရွက်ပါမည်” စသည်ဖြင့် ဆောင်ရွက်ခြင်းမျိုး မဖြစ်သင့်တော့ကြောင်း သုံးသပ်ရပါတယ်လို့ ပါရှိခဲ့ပါသေးတယ်။

အကျိုးဆက်များ

ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာကို ပြန်လည်သုံးသပ် ဖော်ပြခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာပါ အချက်များကို လေ့လာကြည့်မယ်ဆိုရင် ၀န်ကြီးဌာနရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေဟာ အကျိုးသက်ရောက်မှုကြီးမားတဲ့ လုပ်ဆောင်ချက်များလို့ ယေဘုယျ သိမြင်နိုင်ပါတယ်။ အထူးသဖြင့် ၀န်ကြီးဌာနများရဲ့ လုပ်ငန်းဆိုင်ရာ တင်ဒါခေါ်ယူမှု အလွဲများ ရှိခဲ့ပါက ကော်မတီရဲ့ သုံးသပ်ချက်မှာ ပါရှိသလို တိုင်းပြည်ရဲ့ ဘဏ္ဍာငွေကို ဆုံးရှုံးနိုင်မှုများ ဖြစ်ပေါ်လာနိုင်ပါတယ်။ တကယ်လို့ ကော်မတီက သုံးသပ်ထားသလို ၀န်ကြီးဌာန တာဝန်ရှိသူတွေဟာ လုပ်ငန်းအပ်နှံရာမှာ အများပါဝင် ယှဉ်ပြိုင်နိုင်သော တင်ဒါခေါ်ယူခြင်းများ မပြုလုပ်ဘဲ နီးစပ်တဲ့လုပ်ငန်း ကုမ္ပဏီများကိုသာ လုပ်ငန်းအပ်နှံ ဆောင်ရွက်ပါက အခြားပါဝင် ယှဉ်ပြိုင်ခွင့်မရသောသူများကို နစ်နာစေမှာဖြစ်သလို အမှန်တကယ် ကုန်ကျရမည့် နိုင်ငံဘဏ္ဍာငွေများထက် ပိုမိုကုန်ကျနိုင်တာ ဖြစ်ပါတယ်။ မျှတတဲ့ တင်ဒါမခေါ်ယူဘဲ ဆောင်ရွက်ခြင်းရဲ့ အကျိုးဆက်အနေနဲ့ ဥပမာအားဖြင့် ပျမ်းမျှကျပ်သိန်း တစ်ရာဖြင့် ၀ယ်ယူရရှိနိုင်သော ကုန်ပစ္စည်းတစ်ခုကို ကျသင့်သည်ထက် ပိုမိုဝယ်ယူမိခြင်း၊ ၀န်ကြီးဌာနအတွက် လိုအပ်ပြီး လုပ်ဆောင်ရန် အတွေ့အကြုံမရှိသော ၀န်ဆောင်မှု (အိုင်တီနည်းပညာဆိုင်ရာ ၀န်ဆောင်မှု)မျိုးတွင် ကျသင့်သည်ထက် ဘဏ္ဍာငွေများ ပိုမိုကုန်ကျခြင်းကဲ့သို့ ဖြစ်စဉ်များကို ကြုံတွေ့ရနိုင်တာ ဖြစ်ပါတယ်။ ဒီလိုကျသင့်ငွေထက် ပိုမိုကုန်ကျမှုတွေ ရှိလာမယ်ဆိုရင် ၀န်ကြီးဌာနများရဲ့ ဘတ်ဂျက်သုံးစွဲငွေတွေဟာလည်း လိုအပ်တာထက် ပိုကုန်ကျလာနိုင်တာဖြစ်လို့ ကော်မတီက သုံးသပ်ထားသလို ဖော်ထုတ်အရေးယူ ဆောင်ရွက်သင့်တာ ဖြစ်ပါတယ်။

လိုငွေကျပ်ဘီလျံ ၂၇၀၀ ကျော်

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၇ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင် (၁/၂၀၁၄) အစည်းအဝေးမှာ တင်ပြခဲ့တဲ့ ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေစာရင်း အရတော့ ပြည်ထောင်စု၏ စုစုပေါင်းရငွေမှာ ကျပ် ၁၆,၅၄၄ ဒသမ ၆၄၇ ဘီလျံ စုစုပေါင်းသုံးငွေမှာ ကျပ် ၁၉,၂၉၅ ဒသမ ၂၉၂ ဘီလျံဖြစ်ပြီး လိုငွေကျပ် ၂,၇၅၀ ဒသမ ၆၄၅ ဘီလျံအထိ ရှိနေတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ သုံးစွဲငွေလိုအပ်ချက်တွေ ရှိနေပေမယ့်

ယခုဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေများ သုံးစွဲမှုအတွက် လျာထားရာမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေး ရည်မှန်းချက်များကို တိုးတက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ ထည့်သွင်းခွဲဝေပေးထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့ပြင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များအတွက် ပညာရေးနှင့်ကျန်းမာရေး အသုံးစရိတ်များ တိုးမြှင့်တင်သုံးစွဲခြင်း၊ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ဌာနတွေမှာ ပိုမိုသုံးစွဲခြင်းနှင့် ဦးစားပေးဆောင်ရွက်ရန် မလိုအပ်သေးတဲ့ ဌာနတွေအတွက် စိစစ်လျှော့ချခြင်းများ ဆောင်ရွက်ထားတယ်လို့လည်း ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး ထုတ်ပြန်ချက်တွေမှာ ပါရှိခဲ့ပါတယ်။

အကောင်အထည် မပေါ်လာသည့် စီမံကိန်းများ

ယင်းကဲ့သို့ လိုအပ်တဲ့ကဏ္ဍတွေမှာ ဘတ်ဂျက်ငွေတွေ တိုးမြှင့်သုံးစွဲဖို့ ဆောင်ရွက်ထားပေမယ့် အချို့ဌာနများရဲ့ ဘတ်ဂျက်သုံးစွဲမှုတွေမှာ လိုအပ်ချက်တွေရှိခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ပြခဲ့ပါတယ်။ ထောက်ပြခဲ့သူကတော့ NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းဖြစ်ပြီး ဇူလိုင် ၁၆ ရက်တွင် ကျင်းပခဲ့တဲ့ တင်သွင်းခဲ့တဲ့ အဆိုပါ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးရာမှာ ထည့်သွင်းဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ယင်းရဲ့ ထောက်ပြဆွေးနွေးမှုများတွင် အုပ်ချုပ်ရေး လက်လှမ်းမီသော နေပြည်တော်ကောင်စီ နယ်မြေအတွင်းမှာ လုပ်ငန်းစီမံကိန်းများ ပြီးစီးမှုရာခိုင်နှုန်း ၉၀ ရှိနေတာ မှန်ကန်သော်လည်း ဝေးလံဒေသတစ်ခုဖြစ်တဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မှာ ချထားပေးသော စီမံကိန်းများမှာ ဘတ်ဂျက်ငွေများ ထုတ်ယူထားပြီးသော်လည်း ဖော်ပြထားတဲ့ စီမံကိန်းများအတိုင်း ဆောင်ရွက်မှုမရှိတာကို တွေ့ ရတယ်လို့ ဆွေးနွေးခဲ့ကြောင်း မီဒီယာတွေမှာ ပါရှိခဲ့ပါတယ်။ လဟယ်မြို့မှာလည်း ပြည်ထဲရေးဝန်ကြီးဌာနမှ လဟယ်ရဲစခန်းနှင့် လူပျိုဆောင်များ ဆောက်လုပ်ရန် ကျပ် ၆၃ ဒသမ ၃၆ သန်း ထုတ်ယူထားသော်လည်း ယခုအချိန်အထိ လုပ်ငန်းလုပ်ဆောင်ခြင်း လုံးဝမရှိခြင်း၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ တံတားများဆောက်ရန် ကျပ် ၁၃၉၀ သန်း ထုတ်ယူထားသော်လည်း လုပ်ငန်းဆောင်ရွက်မှု ၁၀ ရာခိုင်နှုန်းခန့်သာ ရှိသေးတဲ့ အဖြစ်တွေကို ဥပမာပြ ထောက်ပြခဲ့တာ ဖြစ်ပါတယ်။

ထောက်ပြချက်များ

ဒါ့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းရဲ့ ထောက်ပြချက်တွေမှာ လဟယ်၊ သံဖြူဇရပ်၊ ပင်းတယ အစရှိသော မြို့များတွင် ကျေးလက်ရေလုံအိမ်သာ စီမံကိန်းကို လူကြီးများ လာရောက်ကြည့်ရှုရန်အတွက်သာ ဟန်ပြတည်ဆောက်ထားခြင်း၊ ကျေးရွာများတွင် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းအတွက် နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ ဘတ်ဂျက်များ တောင်းခံထားသော်လည်း အမှန်တကယ် ဖော်ပြထားသော အလုံးရေအတိုင်း တည်ဆောက်ထားခြင်းမရှိဘဲ အလွန်သေးငယ်နေသဖြင့် ရည်ရွယ်ချက်အောင်မြင်ခဲ့ခြင်း မရှိခြင်းနဲ့ မွေးမြူ ရေးခြံများ တည်ဆောက်ရေးအတွက်ဟုဆိုကာ တစ်မြို့နယ်လျှင် ကျပ်သန်းပေါင်း ၂၅ သန်း ထုတ်ယူထားသော်လည်း ဖြစ်မြောက်အောင်မြင်သော မွေးမြူရေးခြံများ မတွေ့ရှိခဲ့ရဘဲ စာရင်းတွင် နွားနောက်အကောင်ရေ ၁၀၀ မွေးမြူမယ်လို့ ဖော်ပြထားသော်လည်း နွားနှစ်ကောင်သာ တွေ့ရှိခဲ့ရကြောင်း ပါဝင်ခဲ့ရာ ဆွေးနွေးခဲ့မှုတွေဟာ စီမံကိန်းဆိုင်ရာ ဆောင်ရွက်ချက်တွေရဲ့ လိုအပ်ချက်များ ပြုပြင်ဖို့အတွက် ကောင်းမွန်တဲ့ ထောက်ပြချက်တွေ ဖြစ်ခဲ့ပါတယ်။ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာလည်း သောက်ရေကန် ငါးကန်တူးဖော်ရန် ကျပ်သန်း ၅၀ ထုတ်ယူထားသော်လည်း တစ်ကန်သာ တူးဖော်ထားသည်ကို တွေ့ရကြောင်းနဲ့ လဟယ်မြို့နယ်တွင် အသေးစားရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရန် ကျပ် ၆၀ ဒသမ ၇ သန်း ထုတ်ယူထားသော်လည်း အကောင်အထည်ဖော် တည်ဆောက်ထားခြင်း မရှိတာကို တွေ့ရှိခဲ့ရကြောင်း လွှတ်တော်မှာ ဒေါ်စန္ဒာမင်းက တင်ပြဆွေးနွေးခဲ့ပါသေးတယ်။ ယင်းကဘတ်ဂျက်တွေ ယူထားပြီး အလုပ်မလုပ်ကြသလဲ ဆိုတာကို လွှတ်တော်နဲ့တကွ ပြည်သူတွေအားလုံး သိရှိစစ်ဆေးဖို့ လိုတယ်လို့ဆိုခဲ့ပြီး နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေ အလေအလွင့် မရှိစေရန် ရည်ရွယ်ဆွေးနွေးတာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း မီဒီယာတွေမှာ ဖော်ပြပါရှိခဲ့ပါတယ်။

ဘယ်သူတွေလုပ်နေသလဲ

ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဖော်ပြတဲ့ အစီရင်ခံစာမှာ ဖော်ပြချက်အရတော့ ၀န်ကြီးဌာနအချို့တွင် ဥပဒေ၊ နည်းဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ၀န်ထမ်းစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်သော စစ်ဆေးတွေ့ရှိချက်များ လျော့နည်းသွားခြင်း မရှိသေးတာကို ကော်မတီမှ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီအတွက် တာဝန်ရှိသူ အဆင့်ဆင့်က အလေးထားကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်းနဲ့ ငွေလုံးငွေရင်း အသုံးစရိတ်များကို ဆောက်လုပ်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီသို့ တင်ပြမှုမရှိခြင်း၊ တင်ဒါခေါ်ယူမှု မရှိခြင်းကဲ့သို့သော လုပ်ထုံးလုပ်နည်း ဖောက်ဖျက်မှုများဟာ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးတို့ကဲ့သို့ ဌာနဆိုင်ရာ အကြီးအကဲများက ပြုလုပ်နေသော အမှုများဖြစ်သဖြင့် ပြုပြင်သွားရန်လိုအပ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ သတင်းတွေမှာ ပါရှိခဲ့ပါတယ်။ ဌာန၊ လုပ်ငန်းများတွင် ငွေစာရင်း အရာရှိချုပ်များရှိနေပြီး ၎င်းတို့ဟာ ဌာနတွင်း စာရင်းစစ်အရာရှိချုပ်များ ဖြစ်သော်လည်း ဘဏ္ဍာရေးစည်းမျဉ်းများ လိုက်နာမှု၊ စစ်ဆေးမှုများတွင် အရာရှိကြီးများကိုယ်တိုင် အားနည်းနေတယ်လို့ သုံးသပ်ရသဖြင့် ဆုပေးဒဏ်ပေးစနစ်ဖြင့် ပြုပြင်သွားရန် လိုအပ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားတယ်လို့ သတင်းတွေက ဆိုခဲ့တာကြောင့် ဌာနဆိုင်ရာတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ မဖြစ်မနေလုပ်ဖို့ လိုအပ်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံလို ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့ နိုင်ငံတစ်နိုင်ငံဟာ ကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေ လိုအပ်ပါတယ်။ နိုင်ငံက လက်ခံကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်အရလည်း လုပ်ဆောင်ချက်တိုင်းဟာ ပွင့်လင်းမြင်သာမှုနဲ့အတူ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ အားကောင်းနေဖို့ လိုပါတယ်။ ဖြစ်ပေါ်တိုးတက်မှုတွေဟာ လက်ငင်းချက်ချင်း မဖြစ်ပေါ်လာသေးပေမယ့် အပြောင်းအလဲ လမ်းကြောင်းကို သွားတဲ့နေရာမှာတော့ မှားယွင်းပြီး လိုအပ်ချက်တွေရှိနေတဲ့ ကိစ္စရပ်တွေကို ပြုပြင်ပြောင်းလဲလာစေဖို့ စီမံပေးရမှာ ဖြစ်ပါတယ်။ သို့မှသာ ရေရှည်မှာ ကောင်းမွန်တဲ့လမ်းကြောင်းပေါ် ရောက်လာမှာဖြစ်ပြီး နိုင်ငံသားတွေအတွက်လည်း ကောင်းမွန်တဲ့ အခင်းအကျင်းတွေ ရရှိလာမှာဖြစ်တယ်။

အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေအရ ၀န်ကြီးဌာနအချို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုအချို့မှာ လိုအပ်ချက်များ၊ ချို့ယွင်းချက်များ ရှိနေတယ်ဆိုတာ ငြင်းမရတဲ့အချက် ဖြစ်ပါတယ်။ ဒီအတွက် ပြုပြင်ဆောင်ရွက်မှုတွေကို ဘယ်လိုလုပ်မလဲ ဆိုတာကသာ အဓိကကျတာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မှသာလည်း ရေရှည်မှာ အစိုးရရည်မှန်းထားတဲ့ ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရတစ်ရပ် ဖြစ်လာမှာဖြစ်ပြီး နောင်အစိုးရ အဆက်ဆက်အတွက်လည်း ကောင်းမွန်သော အုပ်ချုပ်ရေးအခြေခံများ ရရှိကြမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

(ဇူလိုင် ၁၆ ရက်ကကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်)


 

No comments:

Post a Comment