
ရန်ကုန်၊ ဇွန် ၂၂
နိုင်ငံအတွက် အမှန်တကယ် အကျိုးပြုနေသော ပုဂ္ဂိုလ်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် မဟုတ်သော်လည်း NLD ပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း NLD
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၂၀ ရက် တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ၌ ပြုလုပ်သော ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမအကြိမ်မြောက် အစည်း အဝေးအဖွင့် မိန့်ခွန်း၌ ထည့်သွင်း ပြောကြားလိုက်သည်။
လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီမိုကရေစီ အောင်နိုင်ရေး၊ ပြည်သူပြည် သားများ အောင်နိုင်ရေးအတွက် အမှန်တကယ် လုပ်ဆောင်ပေးမည့် ပုဂ္ဂိုလ်များသာ အလိုရှိသောကြောင့် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
““တကယ် ကျွန်မတို့ လိုချင်တဲ့ ပုဂ္ဂိုလ်များဟာ အောင်နိုင်ရေးအတွက် လုပ်မယ့်ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။ ကိုယ်နိုင်ရေးအတွက် လုပ်မယ့်ပုဂ္ဂိုလ်များ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ရွေးတဲ့အခါမှာ အဖွဲ့ချုပ် ၀င်တွေထဲ က ရွေးတဲ့အခါမှာလည်း လူကြီး၊ လူငယ်၊ ၀ါရင့်၊ ၀ါနုဒါတွေကိုလည်း ကျွန်မကြည့်မှာ မဟုတ်ပါဘူး။ လူကြီးတွေထဲမှာ တော်တဲ့လူတွေရှိသလို လူငယ်တွေထဲမှာ တော်တဲ့လူတွေရှိတယ်။ ၀ါရင့်ပုဂ္ဂိုလ်တွေ ထဲမှာ တော်တဲ့လူ တွေရှိသလို သွေးသစ်ထဲမှာ တော်တဲ့လူတွေရှိတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြင်ပမှတော်တဲ့ တကယ့်နိုင်ငံကို အကျိုးပြုနေတဲ့သူတွေ ရှိတယ်ဆိုရင် ကျွန်မတို့အနေနဲ့ အမျိုးသားဒီမိုကရေစီ ကိုယ်စားလှယ်လောင်း အဖြစ်နဲ့ ၀င်ပြီးတော့ အရွေးခံဖို့ကျွန်မတို့ ဖိတ်ခေါ်မှာဖြစ်ပါတယ်။ လက်ခံတာ မခံတာတော့ ပုဂ္ဂိုလ်များရဲ့ပေါ်မှာ တည်တာပေါ့””ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အဆိုပါ အစည်းအဝေးတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်ပေါ်လာရေး၊ နိုင်ငံသားများ၏ အခွင့်အရေးများ ကာကွယ်နိုင်ရေးတို့အတွက် မဲစာရင်း စိစစ်ရေးကို အင်တိုက် အားတိုက် ဆောင်ရွက်ရန်နှင့် ရွေးကောက်ပွဲ အောင်နိုင်ရေးသည် အဖွဲ့ချုပ်အောင်နိုင်ရေး မဟုတ်ဘဲ ဒီမိုကရေစီ ပြည်ထောင်စု အောင်နိုင်ရေး၊ ပြည် သူပြည်သားများ အောင်နိုင်ရေး ဖြစ်စေရန် ဆုံးဖြတ်ခဲ့ကြသည်။
NLD ပါတီဝင် မဟုတ်ဘဲ နိုင်ငံ့အတွက် အကျိုးရှိမည့် ပုဂ္ဂိုလ်များကို NLD ကိုယ်စားလှယ်အဖြစ် အရွေးခံရန် ဖိတ်ခေါ်မည့် အပေါ် ““ကျွန်တော်တို့ အဖွဲ့ချုပ်အနေနဲ့တော့ တွေ့ထားတာမရှိဘူး။ ကျွန်တော် တစ်ယောက် တည်းလည်း တွေ့ထားတာမရှိဘူး။ ကျွန်တော်တို့ အဖွဲ့ထဲက တချို့လူတွေရှိချင် ရှိမှာပေါ့။ ရှိလာတဲ့အခါကျမှ စဉ်းစား ဆုံးဖြတ်ကြမယ်””ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် ၎င်းတို့၏ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများစာရင်း၊ ဘဏ်အကောင့် နံပါတ်များ၊ ၎င်းတို့၏ ဇနီး(သို့) ခင်ပွန်းနှင့် ၁၈ နှစ်အောက် သားသမီးများနာမည်ဖြင့်ရှိသော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများစာရင်းကို လာမည့် ရွေးကောက်ပွဲ မတိုင်မီ အဖွဲ့ချုပ်သို့ တင်သွင်းရမည်ဖြစ်သည်။
ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/
No comments:
Post a Comment