ရန်ကုန်၊ ဇွန် ၂၄
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ၊ အံဒင်ကျေးရွာတွင် ကျောက်မီးသွေး စက်ရုံတည်ဆောက်ရန်အတွက် ဝင်းရောင် ခြည်ဦး ကုမ္ပဏီက နှစ်ကလုပ်ကျေးရွာနေ ဦးသာဌေး ပိုင်ဆိုင်သည့် မြေ ၁၁ ဧကကို ဝယ်ယူရာ တွင်ကန့်ကွက် ခဲ့ကြသော နှစ်ကလုပ်ကျေးရွာ ရွာခွဲခေါင်းဆောင် ဦးအောင်မြင့်ရှိန်းအပါအဝင် ၂၆ဦးကို မေ ၂၆ရက်က ပုဒ်မ ၄ ခုဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးသူ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ (Y.S.S) အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ဇွန်လ ၂၄ ရက်တွင် မြန်မာသံတော်ဆင့်သို့ပြောသည်။
ကျောက်မီးသွေးစက်ရုံအတွက် မြေနေရာများ ဝယ်ယူရာတွင် ကန့်ကွက်ခဲ့သော ဦးအောင်မြင့်ရှိန်း အပါအဝင် ၂၆ ဦးကို ပုဒ်မ ၄၂၇ အကျိုးဖျက်ဆီးမှု၊ ပုဒ်မ ၄၄၇ ပိုင်နက်ကျူးလွန်မှု၊ ပုဒ်မ ၄၅၁ သာမန်လက်ရောက် မှုနှင့် ပုဒ်မ ၅ဝ၆ ခြိမ်းခြောက်မှုတို့ ဖြင့် တရားလို ဦးသာဌေးက ရေး မြို့နယ် ရဲစခန်းသို့ မေလ ၂၆ ရက်တွင် အမှုဖွင့် တိုင်ကြား ထားခြင်းဖြစ်ပြီး ဇွန် ၂၃ရက်တွင် အမှုအားစတင်စစ်ဆေးနေပြီဖြစ်သည်။…
”အံဒင်ကျေးရွာမှာ ကျောက်မီးသွေးစက်ရုံအတွက် မေလ ၁၅ရက်က မြေနေရာလာဝယ်တာကို ဒေသခံ ရွာသား တွေက ကန့်ကွက်တာ။ မြေလာဝယ်တဲ့ အမျိုးသမီးက မိုက်မိုက် ရိုင်းရိုင်းပြောပြီး ပြန်သွားတာ။ အဲဒါ ကို မြေပိုင်ရှင်က မေ ၂၆ ရက်မှာ ရွာသားတွေကို ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ခဲ့တာပါ” အမှုဖြစ်စဉ်အတွက် လိုက်ပါဆောင် ရွက် ပေးနေသူ ဦးအောင်နိုင်ဝင်းက ပြောသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စုတွင် ကျောက် မီးသွေးစက်ရုံ တည်ရန်အတွက် တိုယိုထိုင်း ကုမ္ပ ဏီနှင့် ဝင်းရောင် ခြည်ဦးကုမ္ပဏီတို့ ၂ဝ၁၅ ခုနှစ် ဧပြီလ ၉ ရက်တွင် သဘောတူစာချွန်လွှာ လက်မှတ် ရေးထိုး ထားပြီး မြေဧက၅ဝဝပေါ်တွင် ဆောက်လုပ်မည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှု ပမာဏကျပ်ငွေ၂ ဒသမ၈ မီလီယံ အသုံး ပြုမည်ဖြစ်ပြီး စက်ရုံပြီးစီးပါက လျှပ်စစ်၁၂၈ဝမဂ္ဂါဝပ် ထုတ်လုပ်နိုင်မည် ဖြစ်သည်။
”မြေဝယ်တာ မဟုတ်ဘူး။ ပိုင်တဲ့မြေကို မြေဂရန်ရဖို့အတွက် မြေ တိုင်းပြီး လျှောက်ဖို့လုပ်တာ။ လယ်နီးနားချင်း တွေနဲ့ ဆွေးနွေးတာကို ဘယ်သူအမိန့်နဲ့ လုပ်တာလဲဆိုပြီး ကျေးရွာဥက္ကဋ္ဌကမေးလို့ အဲဒါနဲ့ ပတ်သက်ပြီးဖြစ်တာ။ ကျေးရွာဥက္ကဋ္ဌ (ဦးအောင်မြင့်ရှိန်း)ကို အိမ်ကျော်နင်းတယ်ဆိုပြီး ပုဒ်မ ၄ခုနဲ့ အမှုဖွင့်တာပါ” ဟုရေးမြို့နယ် ရဲစ ခန်းမှ ဒုစခန်းမှူး ရဲအုပ်စန်းဝင်းက ပြောသည်။
အံဒင်ကျေးရွာတွင် ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန် မြေနေရာများ ဝယ်ယူခြင်းကို၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁၄ရက်ကနှစ်ကလုပ်နှင့် အံဒင်ကျေးရွာဒေသခံအင်အား ၅ဝဝ ကျော်မှ လမ်းလျှောက် ဆန္ဒထုတ်ဖော်မှု ပြုလုပ် ခဲ့ပြီး ၂ဝ၁၅ ခုနှစ်မေလ ၅ရက် က ကျောက်မီးသွေးစက်ရုံ တည်ဆောက်မည့်ဒေသရှိ ဒေသခံအင်အား ၆ဝဝဝ ခန့်ကလည်း ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သေးသည်။
သူရိန်ကျော်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment