Monday, June 22, 2015

သတ္တိနှင့် အမြော်အမြင် – ရွှေကူမေနှင်း

“ခံစားမှုမပါသော နိုင်ငံရေး စီမံကွပ်ကဲခြင်း”ဟုလည်း သူက ယူဆ၏။ နိုင်ငံရေးဆိုသည်မှာ ခံစားချက်နှင့် လုပ်ရသောအရာမဟုတ်။ အမြော်အမြင်နှင့်လုပ်ရသောကိစ္စကြီးသာ ဖြစ်သည်ဟု သူက နမူနာပြခဲ့ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တိုက်ပွဲတစ်ပွဲကို ရင်ဆိုင်ရန်အတွက် ““သတ္တိ”” ရှိရမည်ဟု အများအားဖြင့် ယုံကြည်ကြသည်။ သတ္တိသည် အရာရာကို စွမ်းဆောင်နိုင်သည်ဟု ယူဆကြသည်။ ကြောက်လျှင်လွဲ၊ ရဲမင်းဖြစ်ဟူသော မြန်မာစကားပုံ ကလည်း အုပ်စိုးသူဖြစ်ရန် သတ္တိရှိဖို့ လိုသည်ဟု ညွှန်းဆိုခဲ့၏။

အထက်ပါစကားပုံမှာ ဘုရင်ကိုသတ်သူ ဘုရင်ဖြစ်သော ပဒေသရာဇ်ခေတ်မှာ မှန်ကောင်း မှန်ပါလိမ့်မည်။ သတ်ရဲဖြတ်ရဲ တိုက်ပွဲကျော်ဖြစ်လျှင် ဘုရင်ကလည်း မြှောက်စားသည်။ ထိုသို့ဖြစ်ရခြင်းမှာ ထိုခေတ်၏ အုပ်ချုပ်ရေးစနစ်က လက်နက် လူသူအင်အား အဓိကဖြစ်နေ၍ ဖြစ်သည်။ ယခုအခါ ခေတ်ပြောင်းခဲ့ပြီ။ အုပ်ချုပ်သူသည် လက်နက်နှင့် အနိုင်ယူ၍ မရတော့။ လက်နက်သည် အရာရာကို အဆုံးအဖြတ်
မပေး နိုင်တော့။ သတ္တိဆိုသည်မှာ တစ်ပွဲတိုးမျှသာ ဖြစ်သွားပြီ။ တကယ်တမ်း ရေရှည် လွှမ်းမိုးနိုင်ရေးကား ““အမြော်အမြင်”” ကြီးခြင်း၌ မူတည်နေပေသည်။

သူတစ်လူ ငါတစ်မင်းဖြစ်နေသော မြန်မာနိုင်ငံအား ပထမဆုံးအကြိမ် ““ပထမမြန်မာနိုင်ငံတော်”” အဖြစ် ထူထောင်နိုင်ခဲ့သူ အနော်ရထာသည် မင်းအဖြစ်ကို သတ္တိဖြင့် ရယူခဲ့သော်လည်း လက်နက် နိုင်ငံတော်ကိုကား ““အမြော်အမြင်””ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်၏။ မိမိဖခင်အား နန်းချပြီး ဘုရင်လုပ်နေသူ စုက္ကတေးက မိမိ မယ်တော်ကို သိမ်းယူရန် စကားစတင်ရာ အနော်ရထာ စိတ်ဆိုးပြီး စုက္ကတေးအား စီးချင်းထိုးရန် စိန်ခေါ်ခဲ့၏။ စီးချင်းထိုးကြ၏။ အနော်ရထာနိုင်၏။ ပုဂံထီးနန်းကိုရ၏။ ထိုသို့ အနော်ရထာ ဘုရင်ဖြစ်လာခြင်းတွင် သတ္တိကြောင့်ဟု ဆုံးဖြတ်အဖြေထုတ်၍ ရပါသည်။ သို့သော် ပုဂံကွက်ကွက်မျှသာ ပိုင်ခဲ့သည့် လက်ရှိ မြန်မာနိုင်ငံ နယ်နိမိတ်ကို ကျော်လွန်သည်အထိ စုစည်းခိုင်မာအောင် ပြုနိုင်ခဲ့ခြင်းမှာမူ သတ္တိကြောင့် မဟုတ်ပေ။ ရှေ့နောက်ဆင်ခြင် တိုင်းတာနိုင်သော ဉာဏ်ရည်(အမြော်အမြင်)ကြောင့်သာ ဖြစ်ပေသည်။

အနော်ရထာသည် အမြဲတမ်း စစ်တပ်မထားနိုင်ခဲ့ပါ။ သို့သော် အရေးကြုံလျှင် လက်နက်လူသူရနိုင်ရန် ရာပြုမြို့၊ ထောင်ပြုမြို့များ တည်ထောင်ခဲ့၏။ စစ်ထွက်မည်ဆိုလျှင် ရာပြုမြို့က စစ်အင်အား ရာနှင့်ချီပြီး ပေးရသည်။ ထောင်ပြုမြို့က ထောင်နှင့် ချီပြီးပေးရသည်။ ထိုသို့ရာပြု၊ ထောင်ပြုမြို့များအပြင် နယ်ခြားမြို့များကိုလည်း တည်ခဲ့သည်။ ပုဂံနယ်၏ အရှေ့တစ်လွှား၊ မြောက်တစ်လွှားတွင် အင်အားကြီးသော ရှမ်းလူမျိုးတို့ အစဉ်အဆက် ရှိခဲ့ရာ ထိုနယ်များ၏ ကျူးကျော်မှုကို ကြိုတင်ကာကွယ်သည့် အနေနှင့် နယ်ခြားမြို့ ၄၃ မြို့ကို တည်ထောင်သည်။ အရေးပေါ်လျှင် နယ်စပ်အသီးသီး၌ မိမိလူများ အသင့်ရှိနေရန်ဖြစ်၏။ ဤကား အနော်ရထာ နန်းတက်စမှာ ကျင့်သုံးခဲ့သော အမြော်အမြင်တစ်ခုဖြစ်သည်။

ကျန်စစ်သားမင်းသားအား အရိန္ဒမာလှံဖြင့်ထိုးသော ကိစ္စတွင်လည်း အနော်ရထာဘုရင်၏ အမြော်အမြင် ကြီးမှုကို ထင်ရှားစွာ မြင်နိုင်ပါသည်။ ဥဿာပဲခူးသို့ စစ်ကူသွားပြီး အပြန်တွင် ပဲခူးဘုရင်က ကျေးဇူး ဆပ်သည့် အနေနှင့် သမီးတော် မဏိစန္ဒာကို ဆက်သခဲ့၏။ ပဲခူးနှင့်ပုဂံ ခြေလျင်ခရီးအတွင်း လူငယ်ဘာဝ ကျန်စစ်သားနှင့် မဏိစန္ဒာတို့ ငြိစွန်းခဲ့ကြသည်။ အတူပါ ဗိုလ်ပါများက ဘုရင့်အား သတင်းပို့သည်။ ဤကိစ္စက အချစ်ရေး မဟုတ်။ ဘုရင့်သားဟူ၍ ခွင့်လွှတ်ပေးရန်မဟုတ်။ ဘုရင်ဟူသော ပုံရိပ်ကို ထိပါးခြင်းဖြစ်သည်။ ဤပြစ်ချက်ကို အရေးမယူလျှင် နောင်သြဇာညောင်းတော့မည်မဟုတ်။ သောင်းသောင်းအုတ်အော် ဖြစ်သွားသော သတင်းဖြစ်ရာ ဖုံးထား၍မလျော်။ အနော်ရထာ အရေးမယူ၍ မဖြစ်တော့ပေ။ သို့သော် ကျန်စစ်သားကို အနော်ရထာ နှမြောသည်။ သူရဲကောင်းကို မြတ်နိုးသည်။ ထို့ကြောင့် လူအများအမြင်မှာလည်း တာဝန် ကျေအောင်၊ ကျန်စစ်သားလည်း အသက်မသေအောင် ရှေ့တော်သို့ နှောင်ကြိုးဖြင့် သွင်းလာသော ကျန်စစ် မင်းသားအား ငါကိုယ်တိုင် ပြစ်ဒဏ်ပေးမည် ဆိုပြီး လှံဖြင့်ပစ်လေ၏။ လှံက ကျန်စစ်သားရင်ကို မဖောက်ဘဲ ချည်ထားသော နှောင်ကြိုးများကို ဖြတ်မိ သဖြင့် ကျန်စစ်သားက လှံကို ကောက်ယူပြီး ထွက်ပြေးတိမ်းရှောင် ခွင့်ရသွားသည်။

ဤနေရာ၌ အနော်ရထာ၏ အမြော်အမြင်ကို မြင်ရ၏။ စုက္ကတေးအား မြင်းနှင့်တကွ ချောင်းထဲကျအောင် လှံထိုးနိုင်ခဲ့သူ အနော်ရထာသည် ရှေ့ ၁၀ ပေပင် မဝေးသောသူအား ပလ္လင်ပေါ်မှ ချိန်၍ထိုးရခြင်း ဖြစ်ရာ ““လက်မတည့်””ဟု မဆိုနိုင်ပါ။ တမင်လွှဲ၍ ကြိုးကို ရည်ရွယ်ပစ်ခြင်းပင်ဖြစ်သည်။ သူရဲကောင်းကို နှမြောစွာ အသာအယာ ဆုံးမရုံ ဆုံးမခြင်းဖြစ်သည်။ အကယ်၍သာ အနော်ရထာ ထိုသို့မပြုဘဲ ပါးကွက်အာဏာသားတို့ လက်အပ်ခဲ့ပါမူ မြန်မာ့သမိုင်း၌ ““ကျန်စစ်မင်းကြီး””ဟူသော မင်းကောင်းမင်းမြတ်တစ်ပါး ထွန်းကားခဲ့မည် မဟုတ်ပေ။

ခေါင်းဆောင်ဟူသည် အမြော်အမြင်နှင့် ပြည့်စုံရန်လို၏။ သို့သော် ခေါင်းဆောင် အမည်ခံ အများအပြားသည် အထက်ပါ အမြော်အမြင်မျိုး မရှိကြချေ။ အများအားဖြင့် အာဏာကို အလွှတ်တမဲ့ သုံးတတ်ကြ၏။ မိမိကိုယ်မိမိ စိတ်ကြီးဝင်မှုအရ အမြန်တုံ့ပြန်တတ်ကြ၏။ တုံ့ပြန်မှုမြန်ခြင်းကို ““တင်္ခနုပ္ပတ္တိဉာဏ်””ဟု ချီးကျူးလေ့ ရှိစေကာမူ တိုက်ပွဲတွင် ရေရှည် အသုံးမ၀င်နိုင်ပေ။ ချက်ချင်း တုံ့ပြန်လိုက်ပြီး နောက်မှ ပြန်ပြင်လျှင်လည်း အများက အထင်သေးသည်။ နိုင်ငံရေး တိုက်ပွဲများတွင် သတ္တိထက် အမြော်အမြင်က ပို၍တန်ဖိုးကြီးသည်။ အမြော်အမြင် နည်းပါး၍ တိုင်းပြည်ပျက်ခဲ့ရသော သာဓကများ ကမ္ဘာ့သမိုင်း၌ များပြားပါသည်။ အမြော်အမြင် ခေါင်းပါး၍ အလျင်အမြန် တုံ့ပြန်မိသဖြင့် အသက်ဆုံးရှုံးခဲ့ရသော သာဓကကို စောလူးမင်းက ပြခဲ့ပြီးပြီ။

ပုဂံစောလူးနှင့်မွန်များ စစ်ဖြစ်စဉ် မွန်တို့ဘက်က ဥပါယ်တမျဉ်သုံးကာ ရွှံ့ညွန်ထူသော ကွင်းထဲတွင် ဆင်ရုပ်ကို ချထားခဲ့သည်။ ညအခါ လရောင်မှိန်မှိန်၌ ကြည့်လျှင် ရန်သူတို့ စစ်ချီလာဟန်ထင်ရ၏။ စောလူးသည် ထိုထောင်ချောက်အတွင်း တိုးဝင်ခဲ့သည်။ ရန်သူ့ဆင်ဟုထင်ကာ ဆင်ချင်းတိုက်ရန် ကွင်းထဲဆင်းရာ သူ့ဆင်က နွံနစ်တော့၏။ ရုန်းလေနစ်လေဖြစ်ရာ စောလူးဆင်ပေါ်မှ ဆင်းပြေးရသည်။ ပုန်းအောင်းနေသော ရန်သူ့တပ်များက သူ့ကို အသာလေး လွယ်လွယ်ကူကူ ဖမ်းယူသွားခဲ့ကြသည်။ ညဘက် ကျန်စစ်သား သွားကယ်သည်ကိုလည်း မယုံကြည်သဖြင့် ရန်သူ့လက်၌ပင် ကံကုန်သွားခဲ့ရ၏။ ဤကား ခေါင်းဆောင် တစ်ဦး၏ အမြော်အမြင်ကင်းပုံ တစ်ခုတည်း။

မြေပြင်၊ ရေပြင်၊ ဝေဟင်လက်နက် စစ်ပွဲများအပြင် စားပွဲပေါ်၌ တိုက်ရသောစစ်ပွဲလည်း များစွာရှိသည်။ ဒါကို နှလုံးရည်တိုက်ပွဲဟု ဆိုကြ၏။ ဤနှလုံးရည် တိုက်ပွဲတွင်လည်း အမြော်အမြင်လိုသည်။ အထူးသဖြင့် တစ်ဖက် ခြေလှမ်းကို ကြိုသိထားရန်နှင့် မိမိဘက်မှ အခိုင်အမာ ကာကွယ်ရန်လိုသည်။ ပွဲအတွင်း တစ်ဖက်၏ ထိုးနှက် ချက်များက ပြင်းထန်နိုင်၏။ ဤအခါ ခံနိုင်ရည်လိုသည်။ ““ထိုးမည့်ဆင် နောက်တစ်လှမ်းဆုတ်””ဟူသော မြန်မာစကားရှိ၏။ အင်္ဂလိပ်ဘာသာ စကားမှာ “resilience” ဟု ဆိုသည်။ ရန်သူကို အပြုတ်တိုက်၊ အလဲထိုး နိုင်ရန် အခွင့်အရေး စောင့်ခြင်းဖြစ်၏။ ရုတ်တရက် ဘာမှပြန်မလုပ်ဘဲ အားစုခြင်းဟုလည်း ဆိုနိုင်သည်။ ဤသို့ ပြုရန်မှာ မလွယ်ပါ။ ပုထုဇဉ်ပီပီမာန၊ ဒေါသတရားများ ပေါက်ကွဲ တတ်၏။ ခေါင်းဆောင်လုပ်လိုလျှင် ထိုကဲ့သို့ ပေါက်ကွဲခြင်းမျိုး မရှိရပါ။ ပေါက်ကွဲခြင်းသည် အားနည်းကြောင်း ပြသခြင်းပင်ဖြစ်၏။ ဘာမျှမဖြစ်သလို ခပ် တင်းတင်း နေနိုင်ရပါမည်။ စိတ်ထဲမှဒေါသကို အမူအရာဖြင့်မပြရပါ။ အချိန်ယူ၍ အားပြန်စုရပါမည်။ အားပြည့်ပြီ ဆိုမှ အနိုင်ဂိုးကို ဂိုးပေါက် တည့်တည့်ထဲသို့ အပြင်းကန်သွင်းရန်ဖြစ်၏။

နိုင်ငံရေးမျက်နှာစာ ကမ္ဘာ့နိုင်ငံများတွင် အထက်ပါ resilience အရည်အချင်း ပြည့်ဝသူ နည်းပါးသည်။ ထိုနည်းပါးသည့် အထဲ၌ သက်တမ်း ၃ ကြိမ် ဆက်တိုက် ပြည်သူ၏ ထောက်ခံမှု ရရှိထားသူ အမျိုးသမီး တစ်ဦးရှိ၏။ အလွန်ထူးခြားသော နိုင်ငံရေး ခေါင်းဆောင်ဟု တစ်ကမ္ဘာလုံးက အသိအမှတ်ပြုရပါသည်။ ထိုအမျိုးသမီးကား လက်ရှိဂျာမနီဝန်ကြီးချုပ် ““အင်ဂျလာမာကယ်လ်””ဖြစ်၏။ ဂျီ ၈၊ ဂျီ ၇ ထဲတွင် မိန်းမဆို၍ သူတစ်ယောက်သာရှိ၏။ တန်းစီ မတ်တတ်ရပ်လိုက်လျှင် သူက ထင်းနေသည်။ သူ့အကြောင်း နိုင်ငံရေး သုံးသပ်သူများ၏ အမြင်ကို ကောက်နုတ်ပြချင်သည်။

““မာကယ်လ်သည် အရပ်အမောင်းကအစ ဥပဓိရုပ်မှာ သားနားသည်။ မိန်းမတစ်ယောက်လို နွဲ့နှောင်း လှပမှုမဟုတ်။ အလှမပြင်။ ဖက်ရှင်မလုပ်။ သူ့စတိုင်လ်က ဘယ်တော့မှမပြောင်း။ သူ့ဗီရိုထဲ၌ အရောင်ကွဲ ၀တ်စုံအပြည့် ရှိသော်လည်း တစ်မျိုးတည်းကိုသာ ၀တ်ဆင်သည်။ စကားကို ဝေေ၀ဆာဆာ ရှည်ရှည်မပြော။ အများအားဖြင့် ငြိမ်သက်စွာ အခွင့်အခါ စောင့်နေလေ့ ရှိသည်။ သူပြောရန်ရှိပြီဆိုလျှင် ရှင်းလင်းစွာ ပြတ်ပြတ် သားသားပြော သည်။ ခြေဟန်လက်ဟန်မှာ သူ့အင်အားကို သူယုံကြောင်း ပြနေသည်။ ပိတ်ဆီးထားသော နိုင်ငံရေးစနစ်များကို သူဖြိုချနိုင်သည်။ အထူးသဖြင့် သူချမှတ်ထားသည့် မဟာဗျူဟာကို မျက်ခြည် မပြတ်ချေ””။

မာကယ်နှင့်တူသော အမျိုးသမီး မရှိဟုပင် ဆိုကြ၏။ ယနေ့ ဥရောပသမိုင်းသည် ““မာကယ်ခေတ်””ဟုပင် အသိအမှတ်ပြုကြသည်။ သူ့အား လေးစားကြသည်။ ပြည်တွင်း၌ရော၊ ပြည်ပကပါ သူ့ဂုဏ်သိက္ခာကို အသိအမှတ် ပြုကြသည်။ ““ယူရိုဇုန်အရေးအခင်း””ဟုခေါ်သော ပြဿနာတွင် မာကယ်လ် စဉ်းစား ဆုံးဖြတ်ခဲ့မှုများသည် သူ၏ မဟာအမြော်အမြင်များပင်ဖြစ်၏။ သူ့အမြော်အမြင်တွင် ဂျာမနီကို ခေတ်သစ် ဂျာမနီဖြစ်ရန် ခေါင်းဆောင် လုပ်သူသည် အရာရာကို တည်ငြိမ်သွားအောင် လုပ်နိုင်ခြင်း၊ ကြီးမားသော ကိစ္စများကို အထူးအာရုံ စူးစိုက်ခြင်း၊ ထိုအရာများ ဖြစ်ပေါ်လာအောင် လိုအပ်သည့် အချိန်ယူခြင်းတို့နှင့် ပြည့်စုံ ရမည်။ လုံလောက်သော အချိန်ယူခြင်းဆိုသည့် အစိတ်အပိုင်းကို လျှော့မတွက်ရ။ မိမိသွားလိုသော လမ်းကြောင်းပေါ်ရောက်ဖို့ အချိန်ကို လိုအပ်သလောက် ယူရမည်ဟု သူကယုံကြည်လေသည်။ အဆိုပါ အရည်အသွေးများသည် ““ခံစားမှုမပါသော နိုင်ငံရေး စီမံကွပ်ကဲခြင်း””ဟုလည်း သူကယူဆ၏။ နိုင်ငံရေး ဆိုသည်မှာ ခံစားချက်နှင့် လုပ်ရသော အရာမဟုတ်။ အမြော်အမြင်နှင့် လုပ်ရသော ကိစ္စကြီးသာ ဖြစ်သည်ဟု သူက နမူနာပြခဲ့သည်။

ယခု ၂၀၁၅ မှာ ဖြတ်သန်းရဆဲ၊ ဖြတ်သန်းရန် ကျန်ရှိဆဲအချိန်တို့ သည် နိုင်ငံရေးသမားများ လက်ထဲ၌ ရှိနေသည်။ အများအားဖြင့် နိုင်ငံရေး လုပ်သူဆိုသော ပုဂ္ဂိုလ်များမှာ ခံစားချက်နှင့် လုပ်နေကြခြင်းဖြစ်၏။ ခံစားချက်ကို ဗဟိုပြုသောကြောင့် သွေးဆူလေ့ရှိသည်။

သွေးဆူခြင်းသည် ကျရှုံးရေးသို့ ဦးတည်သည်။

ခေါင်းဆောင်ကောင်းမှန်လျှင် သွေးမဆူကြပေ။

အရာရာကို ဉာဏ်မျက်စိဖြင့် လေ့လာ၏။ ပေါက်ကွဲခြင်း အလျှင်းမပြု။ မသိသလိုနေ၏။ မခံစားရသလို ပြုမူ၏။ တစ်နည်းအားဖြင့် အပြုံးမပျက်ချေ။ resilience ဆိုသော ထိုးမည့်ဆင် တစ်လှမ်းဆုတ် သီဝရီကို လက်ကိုင် ထားသည်။

အထူးသဖြင့် ““ရလဒ်””ကို ကြည့်သည်။

မိမိခံစားချက် မည်သို့ပင်ရှိစေ ရလဒ် ကောင်းမကောင်းကိုသာ စဉ်းစားသည်။ လုပ်ချင်သော်လည်း ရလဒ်ကောင်း မထွက်ရန် သေချာလျှင် မလုပ်ဘဲနေသည်။ ခံစားချက်အရ မလုပ်ချင်သည့်တိုင် ရလဒ်ကောင်း ဖြစ်ဖို့ သေချာလျှင်လုပ်သည်။ ဤကား အမြော်အမြင်ပင်ဖြစ်၏။

အင်္ဂလန်တွင် ချာချီ။

ဂျာမနီတွင် မာကယ်လ်ဟု သမိုင်းဆရာတို့ မှတ်တမ်းပြုသည်။

ထိုပုဂ္ဂိုလ်တို့ကား မွေးကတည်းက အောင်မြင်လာသူများ မဟုတ်ကြ။ ရှုံးပွဲအများအပြား၊ တိုက်ခိုက်မှုအဖုံဖုံ၊ ဝေဖန်မှုအစုစုကြားမှ မိမိ၏ ရည်မှန်းချက်ပန်းတိုင် (objective)ကို မိမိတို့၏ မဟာဗျူဟာ (Strategy)ဖြင့် ရေရှည်ထိန်းပြီး ရေတိုဖြစ်သော နည်းဗျူဟာ (Tatics) များ အလဲလဲ သုံးလျက် အချိန်ကို လိုအပ်သလောက် ရယူခဲ့ကြသဖြင့် ကမ္ဘာ့ထိပ်တန်းဝင် ခေါင်းဆောင်များ ဖြစ်လာခဲ့ကြခြင်းပင် ဖြစ်လေသည်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment