Sunday, June 21, 2015

ဝင်ငွေခွန်ကောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်အချို့၏ ဘဏ်စာရင်းများ လွှတ်တော်ရုံး တောင်းယူခဲ့ဟုဆို

 ရန်ကုန်၊ဇွန် ၁၇

ပြည်ထောင်စု လွှတ်တော်ရုံး၏ ညွှန်ကြားချက်ဖြင့် လွှတ်တော်ရုံး အသီးသီးမှ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များအား ၀င်ငွေခွန် ကောက်ယူရန် ပုံစံများကို ဖြည့်စေရာတွင် ကိုယ်စားလှယ်အချို့၏ Bank Account (ဘဏ်စာရင်း) များကို တောင်းယူ စစ်ဆေးမှုများ ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ဇွန်လ ၁၇ ရက်တွင် မြန်မာသံတော်ဆင့်သို့ အတည်ပြု ပြောဆိုလိုက်သည်။

ကိုယ်စားလှယ်အချို့၏ ဘဏ်စာရင်းများကို လွှတ်တော်ရုံးဘက်မှ စစ်ဆေးမှုများ ပြုလုပ်မည်ဆိုသည့် သတင်းကြောင့် ကိုယ်စားလှယ်အချို့က ၎င်းတို့၏ ဘဏ်စာရင်းထဲမှ မြန်မာကျပ်ငွေများထုတ်ကာ ဒေါ်လာများ ၀ယ်ယူ သိမ်းဆည်းနေသည်ဟူသည့် သတင်းများ ထွက်ပေါ်နေချိန်တွင် ယခုကဲ့သို့ ကိုယ်စားလှယ်အချို့၏ ဘဏ်စာရင်းများအား လွှတ်တော်ရုံးဘက်မှ စစ်ဆေးခဲ့ခြင်း ရှိကြောင်းကို အတည်ပြု ပြောကြားလိုက်ခြင်း ဖြစ်သည်။

““၀င်ငွေခွန်က ပြီးခဲ့တဲ့လက ဖြည့်ရတာ။ လက်ရှိထောက်ပံ့တဲ့ ငွေကိုစစ်တာပေါ့။ ကျွန်တော်တို့က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ရုံးရဲ့ ညွှန်ကြားချက်နဲ့ ဘဏ် ၅ မှာ Account (ဘဏ်စာရင်း) လုပ်ရတယ်။ အဲဒီစာအုပ် ကနေ ထောက်ပံ့ကြေးကို လွှဲပေးတာပေါ့။ အဲဒါကြောင့် အဲဒီ Bank Account (ဘဏ်စာရင်း) ကို ပေးလိုက် တယ်။ တချို့က သူတို့လုပ်ငန်းငွေကို လုပ်ငန်းအရ အခြားမှာ သီးခြားဖွင့်ကြတာဆိုတော့ အဲဒီအပေါ်တော့ ကျွန်တော်တို့မသိဘူး””ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ပြောသည်။

ယင်းသို့ ၀င်ငွေခွန် ပေးဆောင်ရန်အတွက် ပုံစံစာရွက်များ ဖြည့်စွက်ခိုင်းခဲ့ရာတွင် အချို့သော လွှတ်တော် ကိုယ်စားလှယ်များကိုသာ ဘဏ်စာရင်း တောင်းခံခဲ့ခြင်းဖြစ်ပြီး မည်သည့် ကိုယ်စားလှယ်များကို တောင်းခံ ခဲ့သည်ကိုမူ သီးခြားအတည်ပြုချက် မရသေးပေ။

““အန်တီတို့ကို သူတို့က ၀င်ငွေခွန်ဆိုပြီး ပုံစံဖြည့်ခိုင်းတယ်။ အန်တီတို့ရတဲ့ ချီးမြှင့်ငွေကနေ ကောက်မယ်ပေါ့။ အန်တီတို့ကို အိမ်ထောင်စု ဇယားလိုမျိုး ဖြည့်ခိုင်းတာပဲရှိတယ်။ Bank Account တောင်းတာမရှိဘူး””ဟု NLD ပါတီ မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာက ပြောသည်။

ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသာဝင်းကလည်း ““ကျွန်တော် တို့ကို လွှတ်တော်က အခုကိုယ်စားလှယ်တွေရဲ့ ချီးမြှင့်ငွေက အခွန်ပေးရမယ့် ပမာဏကို ရောက်နေပြီ ဖြစ်တဲ့အတွက် အကုန်လုံး အခွန်ဆောင်ရမယ်။ ကျွန်တော်တို့ရဲ့ မိသားစုအခြေအနေ၊ စားဝတ်နေရေး ဒီလောက်ပဲ တောင်းတာပါ။ အခြား အချက်အလက်တွေ ကျွန်တော်လည်း ဂဃနဏ မသိဘူး ဖြစ်နေတယ်။ သူတို့လည်း မပြောဘူး။ သူတို့ရှေ့ပဲ ဖြည့်ပြီး လက်မှတ်ထိုး ပေးလိုက်ရတာ””ဟု ဆိုသည်။

မေလလယ်ပိုင်းက ဘဏ်စာရင်း တောင်းယူခြင်းခံရသော ကိုယ်စားလှယ်အချို့မှာ ဘဏ်စာရင်းအတွင်းရှိ ၎င်းတို့ပိုင်ဆိုင်သော မြန်မာကျပ်ငွေ ပမာဏ လျော့နည်းစေရန် ဘဏ်စာရင်းမှ ငွေထုတ်ယူကာ အမေရိကန် ဒေါ်လာ ၀ယ်ယူခြင်းများ ပြုလုပ်နေသည်ဟူသည့် သတင်းများ ထွက်ပေါ်လျက်ရှိပြီး ငွေလဲလှယ်နှုန်း ဇွန်လ ၁၀ ရက် ၀န်းကျင်ခန့်က တစ်ဒေါ်လာလျှင် ၁၃၀၀ ကျပ်ခန့်အထိ ဈေးပေါက်ခဲ့သည်။

““ဒေါ်လာလဲတာက တစ်ခုတော့ရှိတယ်။ သူတို့လုပ်ငန်းက ဘယ်လောက်ရှိလဲ၊ လုပ်ငန်းက ဘာလုပ်ငန်းလဲ၊ အဲဒါရှိတယ်လေ။ ၀င်ငွေခွန်ပေးလိုက်တဲ့အခါမှာ အခြားလုပ်ငန်းက ဘာရှိလဲ။ ကိုယ်စားလှယ်တွေကို နိုင်ငံတော်က ထောက်ပံ့တာ ဒီလောက်ရှိတယ်။ သူတို့ရဲ့ အသုံးအဖြုန်း ငွေပမာဏက ဒီလောက်၊ သူရဲ့ လက်ရှိအနေအထား ဒါတွေကို ချင့်ချိန်ပြီးရင် စစ်ကောင်းစစ်နိုင်တဲ့ အနေအထား ရှိတာပေါ့””ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ပြောသည်။

လွှတ်တော် ကိုယ်စားလှယ်များအား ၀င်ငွေခွန် ကောက်ယူခြင်း ပုံစံများနှင့်စပ်လျဉ်း၍ ““ကိုယ်စားလှယ်တွေ ရရှိတဲ့ ၀င်ငွေ ၅ သိန်း၊ ၁၀ သိန်း အဲဒီအပေါ်မှာ ကောက်တာ။ ဇနီး သို့မဟုတ် ခင်ပွန်းရှိရင် တစ်နှစ်လုံးကို ၁၀ သိန်းလျော့ပေးမယ်။ သားသမီးရှိရင် ပညာသင်ကြားဆဲ၊ အိမ်ထောင်မရှိသူ ၁၈ နှစ်အောက်ဆိုရင် တစ်နှစ်လုံးကို ၅ သိန်းလျှော့ ပေးမယ်။ ကျန်တာက ရာခိုင်နှုန်းနဲ့ တွက်ပြီးကောက်တာ။ ကိုယ်စားလှယ်ရဲ့ခင်ပွန်း၊ ဇနီးက အခွန် ထမ်းဆောင်သူ စီးပွားရေးလုပ်ငန်း ဆိုရင်တော့ ဖော်ပြရတယ်။ ဒီဘက်ကနေ အခွန်စည်းကြပ် လုပ်လို့ရအောင်။ တခြားကောက်တာတော့ မရှိပါဘူး။ Bank Account လိုမျိုး တောင်းတာကတော့ မရှိပါဘူး”” ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ချိုချိုငြိမ်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဝင်ငွေခွန် ကောက်ရန်အတွက် ကိုယ်စားလှယ်များအနေဖြင့် အိမ်ထောင်စုဇယား ပုံစံ ၁၀ ကဲ့သို့သော ၀င်ငွေခွန် ပုံစံကို ဖြည့်သွင်းရပြီး မိဘနှင့်အတူနေ လူလွတ်ဖြစ်ပါက နှစ်လလျှင် တစ်ကြိမ် ကျပ် ၅၀၀၀၀ နှင့် မိဘမရှိသူ၊ အိမ်ထောင်ရှိသူဖြစ်ပါက ခင်ပွန်း၊ ဇနီးတို့၏ လုပ်ငန်း၊ စီးပွားရေး အခြေအနေများကို ဖြည့်သွင်း၍ နှစ်လလျှင် တစ်ကြိမ် ကျပ် ၉၀၀၀၀ ၀င်ငွေခွန် ပေးဆောင်ရမည် ဖြစ်သည်။ အိမ်ထောင်ရှိသူ ကိုယ်စားလှယ်သည် သားသမီး ရှိပါက ၎င်းပေး ဆောင်ရမည့် ၀င်ငွေခွန်မှ သားသမီးတစ်ဦးလျှင် ကျပ် ၂၅၀၀၀ အချိုးကျ လျော့နည်း သွားမည်ဖြစ်သည်။

ဝတ်ရည်နွေးနွေး

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
 

No comments:

Post a Comment