![]() |
သပိတ်မှောက်ကျောင်းသားများအား မတ်လ ၁၀ ရက်က လက်ပံတန်း၌ အကြမ်းဖြိုခွဲမှု မစတင်မီ လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များ Photo by BBC |
ရန်ကုန်၊ ဇွန် ၂၃
မကြာမီ ကျင်းပတော့မည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အသုံးပြုရန် အတွက် ရွေးကောက်ပွဲ မစတင်မီနှင့် ရွေးကောက်ပွဲပြီး သည်အထိ သုံးလတာ ကာလအတွက် အထူးရဲတပ်ဖွဲ့ဝင်များ ကို ခေါ်ယူနေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒုတိယ တိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းဗိုလ်က ဇွန်လ ၂၂ ရက်တွင် မြန်မာသံတော်ဆင့်သို့ အတည်ပြု ပြောကြားသည်။
အဆိုပါ အထူးရဲတပ်ဖွဲ့ဝင်များ ခေါ်ယူမှုကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စတင်ပြင်ဆင်ခဲ့ခြင်း ဖြစ်ပြီး တစ်လလျှင် ကျပ် ၁၂၀၀၀၀ ဖြင့် ခေါ်ယူ သွားမည်ဖြစ်သည်။
““ဒီသတင်းက ဟုတ်ပါတယ်။ ရွေးကောက်ပွဲမှာ လုံခြုံရေးပိုင်းဆိုင်ရာ နည်းနည်းလုပ်ဖို့ပေါ့။ အဲဒီမှာ ပါတဲ့ အချက်အလက်တွေက ဟုတ်ပါတယ်။ ကျွန်တော်တို့ ရွေးကောက်ပွဲ လုပ်တဲ့အခါမှာ ကျွန်တော်တို့က ဖွဲ့စည်းပုံအရ ရှိပေမယ့်လို့ မြေပြင်မှာ လက်ရှိ ခန့်ထားတဲ့ အင်အားက ဖွဲ့စည်းပုံ မပြည့်ဘူးလေ။ မပြည့် တဲ့အတွက် လိုအပ်တဲ့အင်အားကို ကျွန်တော်တို့က ရဲဥပဒေ ၂၇၊ ၂၈ အရ ခန့်အပ်ပိုင်ခွင့်ရှိတယ်။ အဲဒီအတွက် ဒီဟာတွေကို မဲရုံလုံခြုံရေးတွေ ဘာတွေ ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် လောလောဆယ် ခဏသုံးဖို့ပေါ့။ ဒါက မြို့နယ်မှူး အဆင့်လောက်နဲ့ကို လုပ်လို့ရတယ်။ ရန်ကုန်တိုင်းအတွက် ဖြစ်သလို တိုင်းနဲ့ ပြည်နယ်အားလုံးမှာ လုပ်ပါလိမ့်မယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ဒီဥပဒေအရ လုပ်လို့ရတယ်လို့ ပြောတဲ့အတွက် လုပ်ခြင်း ဖြစ်ပါတယ်။ အဓိက ကတော့ ကော်မရှင်လုပ်ငန်းတွေ၊ မဲရုံလုံခြုံရေးကိစ္စ ဖြစ်တဲ့အတွက် အခြေခံရဲတပ်ဖွဲ့ဝင် တတ်သင့်တဲ့ဟာတွေ သင်ပေးမှာပေါ့။ ခန့်မှန်းခြေ ၃ လ လောက်ပဲ သုံးမှာပါပဲ”” ဟု ဒုတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းဗိုလ်က ပြောသည်။
လျှောက်ထား လိုသူများအနေဖြင့် အသက် ၁၈ နှစ်ထက် မငယ်သူနှင့် အသက် ၆၀ ထက် မကြီးသူများ ဖြစ်ရမည်ဖြစ်ပြီး ကိုယ်လက်အင်္ဂါ မချို့ယွင်းသော ကျန်းမာရေး ကောင်းသူများ ဖြစ်ရမည်ဟု သတ်မှတ်ထား သည်။ ထို့ပြင် ပညာအရည်အချင်း အနည်းဆုံး အလယ်တန်း အောင်မြင်ပြီးသူ၊ အရပ်ပုလွန်းသူ၊ ၀လွန်းသူ မဖြစ်စေရ၊ ရပ်ရွာမှ ထောက်ခံသူ၊ သမာသမတ်ကျပြီး သက်ဆိုင်ရာ နယ်မြေဒေသရှိ ပြည်သူတို့က ယုံကြည် လေးစားသူ၊ ဘက်လိုက်မှု ကင်းရှင်းပြီး ပါတီနိုင်ငံရေး ကင်းသူလည်း ဖြစ်ရမည်ဟုလည်း ကန့်သတ်ထားသည်။
အဆိုပါ ရွေးကောက်ပွဲအထူး ရဲတပ်ဖွဲ့ဝင်များ ခေါ်ယူမှုကို တိုင်းရဲတပ်ဖွဲ့က တိုက်ရိုက် ခေါ်ယူသွားမည် မဟုတ်ဘဲ ခရိုင်ရဲတပ်ဖွဲ့ရုံးများက ခေါ်ယူ သွားမည် ဖြစ်ကြောင်းကို ““အဲဒါတွေက သက်ဆိုင်ရာ ခရိုင် အလိုက် ဖြန့်ထားပြီးပြီ။ စာထုတ်ထားပြီးသား။ စာရင်းတောင် တက်လာပြီ။ ၀င်နေကြပြီ။ ပြန်ပြီး စိစစ်ဦးမှာ။ စာရင်း ကောက်မှာ။ မကြာသေးဘူး ထုတ်ထားတာ ရက်ပိုင်းပဲ ရှိဦးမယ်။ လျှောက်ထားတဲ့ ဦးရေကတော့ ခရိုင်တွေ အလိုက် မေးမှသိမှာပဲ”” ဟု ဒုတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းဗိုလ်က ဆိုသည်။
လျှောက်ထားမည့်သူများ ခံစားခွင့် အနေဖြင့် လစာအပြင်တစ်ရက်လျှင် ရိက္ခာခအဖြစ် ၁၀၀၀ ကျပ်နှင့် ရဲဝတ်စုံများ ပေးအပ်သွားမည်ဖြစ်ပြီး သတ်မှတ်တာဝန်ကာလ ၃ လကာလ ပြီးမြောက်ပါက ရဲတပ်ဖွဲ့ဝင်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင် လိုသူများကို ဆက်လက် ခန့်အပ်သွားမည် ဖြစ်သည်။
““Training ကောင်းကောင်းပေးပြီး လေ့ကျင့်စေချင်တယ်။ သူတို့တကယ် ကောင်းကောင်းမွန်မွန် လုပ်မယ် ဆိုရင် ကောင်း တယ်လို့ပဲ ပြောချင်ပါတယ်။ လောလောဆယ် သူတို့ရဲ့အခြေအနေ၊ အနေအထား စောင့်ကြည့် ရမှာပေါ့။ Special Police ကို ခေါ်ပြီဆိုရင် Special Train ပေးမှာလား။ ဒီအတိုင်းပဲလားဆိုတာ ဒါတော့ ဆက်ပြီး စောင့်ကြည့်ရမှာပေါ့”” ဟု ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာ သူများ ကွန်ရက်အဖွဲ့ အတွင်းရေးမှူး ဒေါ်ဇင်မာဦး က မြန်မာသံတော်ဆင့်သို့ ပြောသည်။
ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/ myanmarherald

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/
No comments:
Post a Comment