
ရန်ကုန်၊ ဇွန် ၂၃
အလွတ်တန်း သတင်းထောက် ကိုပါကြီး(ခ) ကိုအောင်နိုင်ဦး အသတ်ခံရမှု ၉ ကြိမ်မြောက် ရုံးချိန်ကို ဇွန်လ ၂၃ ရက်တွင် ကျိုက်မရောမြို့နယ် တရားရုံး၌ စစ်ဆေးရာ ကိုပါကြီး သေဆုံးမှုသည် တစ်စုံတစ်ယောက်၏
ပယောဂကြောင့် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တရားသူကြီးက အမိန့်ချ မှတ်ခဲ့သည်ဟု သေဆုံးသူ ကိုပါကြီးအတွက် အမှုလိုက်ပါ ဆောင်ရွက်ပေးသော အထက်တန်းရှေ့နေ ဦးကျော်လှစိုးက ဇွန် ၂၃ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
အလွတ်သတင်းထောက် သေဆုံးမှုကို စစ်ဆေးပေးရန် ကျိုက်မရောမြို့နယ် ရဲစခန်းမှ တရားလို ဒုရဲမှူးတင်ဦးက သေမှုသေခင်းအမှတ် ၁၄/ ၂၀၁၅ ဖြင့် ကျိုက်မရောမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခြင်းဖြစ်ပြီး တပ်ရင်း ၂၁၀ မှ ဗိုလ်မှူးသိန်းဝင်း၊ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ ဒုတပ်ကြပ် ကျော်ကျော်အောင်နှင့် တပ်သား နိုင်လင်းထွန်း အပါအ၀င် တပ်ကြပ်၊ တပ်သား၊ ဆေးတပ်မှ လက်ထောက် အရာခံဗိုလ် စုစုပေါင်း ၁၁ ဦး လာ ရောက် သက်သေထွက်ဆိုခဲ့သည်။
““ဒီနေ့မှာ စစ်ဘက်ဆိုင်ရာက အရာရှိ ဗိုလ်မှူးသိန်းဝင်းနဲ့ ဒီဖြစ်ရပ်မှာ ပါဝင်တဲ့ ၁၁ ဦးကို စစ်တယ်။ တရားလို ဒုရဲမှူးကို စစ်တယ်။ ကိုပါကြီး သေဆုံးမှုက ဓမ္မတာအတိုင်း သေဆုံးခြင်း မဟုတ်ဘဲ တစ်စုံတစ်ဦးရဲ့ သေနတ် ပစ်ခတ်မှုကြောင့် သေဆုံးကြောင်း အမိန့်ချတယ်။ သက်သေခံပစ္စည်းတွေကိုလည်း အသုံးပြုလိုပါက ရဲစခန်းမှာ ထုတ်ယူခွင့် ရှိတယ်လို့လည်း ပြောတယ်။ အမှုစစ်တာက ကွဲလွဲချက်တွေ ရှိတယ်ဆိုတာ လောလောဆယ် မသိသေးဘူး။ အခုက မိတ္တူကူးထားတုန်းပါ။ ကွဲလွဲချက်ကတော့ ရှိပါတယ်။ မိတ္တူရမှ ဘယ်သူရဲ့ ပြောကြားချက်နဲ့ ကွဲလွဲတယ်ဆိုတာ တရားဝင်ပြောရမှာပါ”” အထက်တန်း ရှေ့နေ ဦးကျော်လှစိုးက ပြောသည်။ အလွတ်တန်း သတင်းထောက် ကိုပါကြီး(ခ) ကိုအောင်နိုင်ဦးမှာ မေးစေ့ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ၀ဲဘက် ကျော ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ဘယ်ဘက်ပေါင် ၁ ချက်၊ ဘယ်ဘက် ခြေဖနောင့် ၁ ချက်၊ စုစုပေါင်း သေနတ်ဒဏ်ရာ ၅ ချက်ဖြင့် သေဆုံး ခဲ့ခြင်းဖြစ်သည်။
““ကျွန်မခင်ပွန်းက တစ်စုံတစ်ယောက်ရဲ့ ပယောဂကြောင့် သေဆုံးရတာပါ။ ဒီနေ့သက်သေ ထွက်ဆိုတဲ့ သူတွေက မတရားမှုအတွက် တုန်လှုပ်နေတယ်လို့ မြင်တယ်။ မတရားမှုဆိုတာ အာဏာနဲ့ဖုံးကွယ်လို့ မရဘူး။ ကိုယ့်လိပ်ပြာ ကိုယ်မလုံတဲ့အတွက် မျက်လုံးက ဖုံးကွယ်လို့မရဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီအမှုမှာ ကျွန်မ နိုင်တယ်လို့မြင်တယ်။ ဥပဒေအတိုင်း တရားမျှတမှုရအောင် ရှေ့ဆက်ပြီး ဘယ်လို ဆောင်ရွက်မလဲဆိုတာ ရှေ့နေနဲ့ တိုင်ပင်ပြီး အမှန်တရားအတွက် ဆက်ဆောင်ရွက်မှာပါ။ ဒီနေ့တရားရုံးကိုလည်း အားရကျေနပ်တယ်။ ဒါကလည်း တရားမျှတတယ်လို့ မြင်တယ်။ တရားရေး ၀န်ထမ်းတွေကော၊ တရားသူကြီးတွေကော ကျေးဇူးထင်တယ်”” ဟု သေဆုံးသူ ကိုပါကြီး၏ဇနီး မသန္တာက ပြောသည်။
အလွတ်တန်း သတင်းထောက် ကိုပါကြီးမှာ စစ်တပ်မှဖမ်းဆီး စစ်ဆေးနေစဉ် လုံခြုံရေး ယူထားသော စစ်သားထံမှ သေနတ်လုယူ ထွက်ပြေးသည့်အတွက် ပစ်ခတ်ဖမ်းဆီးခံရကာ သေဆုံးရခြင်းဖြစ်ကြောင်း တပ်မတော်ဘက်မှ သတင်းထုတ်ပြန်ထားသည်။
သူရိန်ကျော်
- စစ်တပ်ပစ်ခတ်မှုဖြင့် သေဆုံးခဲ့ရသူ အလွတ်တန်း သတင်းထောက် ကိုပါကြီး သေဆုံးရမှုနှင့်ပတ်သက်ပြီး အမှုမှန် ဖော်ထုတ်ပေးရန် ဆန္ဒထုတ်ဖော်နေသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/
No comments:
Post a Comment