Wednesday, June 24, 2015

အင်န်စီအေတွင် တိုင်းရင်းသားအားလုံး ပါဝင်လက်မှတ်ထိုးမည့်အချက် အစိုးရ မတုံ့ပြန်သေး

KNU ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူးချုပ် ပဒို စောကွယ်ထူးဝင်းအား ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ UPWC နှင့် NCCT အစည်းအဝေးတွင် မတ်လ ၁၇၊ ၂၀၁၅ ခုနှစ်က မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြောကြားနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)



ရန်ကုန် (မဇ္ဈိမ)။ ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ် ရေးထိုးရေးတွင် တိုင်းရင်းသားအားလုံး ပါဝင်မည့်အချက်ကို အစိုးရဘက်က တုံ့ပြန်ခြင်း မရှိသေးဟု NCCT အဖွဲ့ဝင် စောကွယ်ထူးဝင်းက မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ UPWC နှင့် NCCT အဖွဲ့ဝင်အချို့ ဇွန် ၂၂ ရက်က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် တွေ့ဆုံခဲ့ပြီး အပစ်အခတ် ရပ်စဲရေးစာချုပ် အချောသတ် နိုင်ရေးအတွက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“NCCT အဖွဲ့ဝင်အားလုံး ၁၆ ဖွဲ့ ပါဝင်ပြီးမှ လက်မှတ်ထိုးမယ်ဆိုတာ မတ် ၃၁ ရက်က သဘောတူညီမှုမှာလည်း ပါပြီးသားပါ။ ဒါပေမဲ့ အပြီးသတ် အတည်ပြုချက်တော့ အစိုးရနဲ့ ထပ်ဆွေးနွေးဖို့ ရှိသေးတယ်” ဟု စောကွယ်ထူးဝင်းကပြောသည်။

“ထပ်ဖွဲ့ထားတဲ့ အဖွဲ့နဲ့ ဦးအောင်မင်းတို့နဲ့ တွေ့ဖို့အတွက် ကျွန်တော်တို့က အကြိုလာ ဆွေးနွေးတာ။ တိကျတဲ့ ရက်တော့ သတ်မှတ် မပေးသေးဘူး။ ဇူလိုင်လဆန်းလောက်တော့ ဖြစ်မယ်လို့ထင်တယ်” ဟု ၎င်းက ဆက်ပြောသည်။

အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီနှင့် တိုင်းရင်းသားအဖွဲ့တို့ကြား ချုပ်ဆိုမည့် အပစ်ရပ် စာချုပ်မူကြမ်း NCA ထွက်လာပြီးနောက်တွင် ထိုစာချုပ်တွင် လက်မှတ်ရေးထိုးရေးအတွက် တိုင်းရင်းသားများ အဖွဲ့က အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းထားသည်။

တိုင်းရင်းသားလက်နက်ကိုင်များက ထပ်မံဖွဲ့စည်းလိုက်သော အဖွဲ့တွင် NCCT မှ ခေါင်းဆောင်အချို့နှင့် အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့ချင်းစီ၏ ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်များ ပါဝင်သည်။

NCA လက်မှတ် ရေးထိုးရေးအတွက် တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ MPC ၏ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက “မနေ့ကတော့ NCCT အနေနဲ့ လာတွေ့တာပါ။ NCA ပါ အချက်တွေကို ထပ်ဆွေးနွေးဖို့ကတော့ နှစ်ဘက်ဆွေးနွေးမှုအပေါ် မူတည်ပါလိမ့်မယ်” ဟု မဇ္ဈိမကို ပြောသည်။

NCA လက်မှတ် ရေးထိုးရေးနှင့် ဆက်စပ်၍ UPWC နှင့် NCCT တို့ ဇွန်လ ၁၀ ရက်က ချင်းမိုင်မြို့တွင်လည်း
တွေ့ဆုံခဲ့သေးသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းကျင်းပခဲ့သော လော်ခီးလာ ညီလာခံမှ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA မူကြမ်း ပြင်ဆင်ချက် ၁၂ ချက်နှင့် ဆုံးဖြတ်ချက် ကိုးချက်ကို အစိုးရအဖွဲ့ထံသို့ ပေးပို့ထားသည်။

Credit - Mizzima News

No comments:

Post a Comment