Monday, June 22, 2015

ဖွဲ့စည်းပုံ ပြင်ဆင်ပြီးရင် တိုင်းရင်းသားအခွင့်အရေး ပိုရလာမှာလား – စည်သူအောင်မြင့်


 ပြည်ထောင်စု လွှတ်တော်ရောက်သွားရင် အမျိုးသားလွှတ်တော်ဆိုတာ လူနည်းစုပြန်ဖြစ်မသွားဘူးလား . . . မဲခွဲမယ်ဆိုရင် ပြည်သူ့လွှတ်တော် ဘက်ကပဲ အနိုင်ရမှာမဟုတ်ဘူးလား . . . အမျိုးသား လွှတ်တော်ဆိုတာက တိုင်းရင်းသားတွေကို တန်းတူအခွင့်အရေး ပေးသယောင် ဟန်ပြလုပ်ထား . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အောင်ကျော်- ကဲ- ဖွဲ့စည်းပုံပြင်ရေး ဥပဒေကြမ်းကို လွှတ်တော်ထဲတင်ပြီ။ တိုင်းရင်းသားတန်းတူရေးနဲ့ ပတ် သက်တာ ဘယ်လောက်ပါသလဲ။ တကယ့်လက်တွေ့မှာ ဘယ်လောက်ရလာနိုင်မယ်လို့ ထင်သလဲ။

လာကပေါ်- ကျွန်တော် လေ့လာကြည့်သလောက်ကတော့ တိုင်းရင်းသားတန်းတူရေးနဲ့ ပတ်သက်တဲ့ အချက် တချို့ ထည့်သွင်းထားတာတော့ တွေ့ရတယ်။ ပထမတစ်ချက်က ပြည်နယ် ၀န်ကြီးချုပ်တွေကို အရင်တုန်းက ဖွဲ့စည်းပုံမှာပါတဲ့အတိုင်း သမ္မတက ရွေးပေးနေရာကနေ သက်ဆိုင်ရာ လွှတ်တော်ကနေပဲ ရွေးချယ် ပေးဖို့ဆို တာပါလာ တယ်။ နောက်ပြည်နယ်တွေ ရဲ့ လုပ်ပိုင်ခွင့်တွေကို တိုးမြှင့်ပေးမယ်ဆိုတာမျိုးပါတယ်။

အောင်ကျော်- အဲဒါက ဘယ်လို အဓိပ္ပာယ်သက်ရောက်သလဲ။…

လာကပေါ်- ၀န်ကြီးချုပ်ကို သက်ဆိုင်ရာပြည်နယ်အမတ်တွေကပဲ ရွေးချယ်ပေးရမယ်ဆိုတာ သမ္မတက တိုက် ရိုက်ခန့်တာနဲ့ စာရင်တော့ အများကြီးကောင်းလာတာပေါ့။ ဒါပေမဲ့လည်း ၀န်ကြီးချုပ်ရွေးရာမှာ လွှတ်တော်ထဲ အဆင်သင့် ရောက်နေတဲ့ တပ်မတော်သားအမတ် ၂၅ရာခိုင်နှုန်းကလည်း ပါဝင်မှာဆိုတော့ သိပ်ပြီးမျှတမှု ရှိတယ်လို့မဆိုနိုင်ဘူး။ ဒါဟာ တပ်မတော်နဲ့ ပူးပေါင်းမယ့် ပါတီကို အသာစီးရစေတယ် ပေါ့ဗျာ။

အောင်ကျော်- ဘယ်လောက်များ အသာစီးရမှာလဲ။

လာကပေါ်- ဥပမာ ရခိုင်ပြည်နယ် ဆိုပါတော့ဗျာ။ တပ်မတော်နဲ့ ပူးပေါင်းမယ့် ပါတီဟာ ပြည်ခိုင်ဖြိုးပါတီ ဖြစ် တယ်ဆိုရင် သူကလာမယ့် ရခိုင်ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲမှာ အမတ် ၃၄ ရာခိုင်နှုန်း လောက် အနိုင် ရတယ်ဆိုရင်ပဲ လွှတ်တော်ထဲရောက်ရင် တပ်မတော်သား အမတ်တွေနဲ့ ပူးပေါင်းပြီး ၀န်ကြီးချုပ်တစ်ယောက် ရွေး ချယ်နိုင်လိမ့်မယ်။

အောင်ကျော်- ရခိုင်အမျိုးသားပါတီ ဆိုရင်ရော။

လာကပေါ်- သူကတော့ အနည်းဆုံး ၆၇ရာခိုင်နှုန်းလောက် အနိုင်ရမှ ၀န်ကြီးချုပ် တစ်ယောက် စိတ်ကြိုက် ရွေးနိုင် မယ်ဆိုတဲ့ သဘော။

အောင်ကျော် – မမျှတဘူးနော်။၂၀၁၀တုန်းက ဘယ်လို ဖြစ်ခဲ့သလဲ။

လာကပေါ်- ၂၀၁၀ တုန်းက ရခိုင်ပြည်နယ်လွှတ်တော်မှာ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီက ၁၈နေရာနိုင်တယ်။ ပြည်ခိုင်ဖြိုးက ၁၄နေရာနိုင်တယ်။ အဲ- တပ်မတော်သား အမတ်တွေနဲ့ ပေါင်းလိုက်တော့ ရခိုင်ပါတီက အများစု မဟုတ်တော့ဘူး။ အဲဒီအချိန်ကတော့ အများစုဟုတ် ဟုတ် မဟုတ်ဟုတ် ၀န်ကြီးချုပ်ကို သမ္မတက ခန့်တာပဲလေ။

အောင်ကျော်- ကဲ- နောက်တစ်ခု ပြောပါဦး။

လာကပေါ်- နောက်တစ်ချက်ကတော့ ပြည်နယ်လွှတ်တော်တွေကို လုပ်ပိုင်ခွင့် ပိုပေးတာပေါ့ဗျာ။ ဖွဲ့စည်းပုံထဲ မှာ ပြည်ထောင်စုအဆင့် ဥပဒေပြုခွင့်ရှိတဲ့ ကဏ္ဍတွေထဲက တချို့ကို ပြည်နယ်နဲ့တိုင်း ဥပဒေပြုခွင့်ထဲကို ပြောင်း ထည့်ပေးလိုက်တာကို ဆိုလိုတာပါ။

အောင်ကျော်- ဒါဆို ခင်ဗျားတို့ တိုင်းရင်းသားတွေ တောင်းဆိုနေကြတဲ့ ကိုယ့်ပြည်နယ်ကထွက်တဲ့ သယံဇာတနဲ့ ပတ်သက်ရင် ပြည်နယ်ကဘယ်လောက်ယူ၊ ပြည်ထောင်စုကို ဘယ်လောက်ပေး အဲဒါ မျိုးတွေရော သတ်သတ် မှတ်မှတ် ခွဲခြားထားတာပါသလား။

လာကပေါ်- အဲလိုတော့ သတ်သတ် မှတ်မှတ်ခွဲထားတာ မပါဘူး။ ဖွဲ့စည်းပုံကို ဘယ်လိုပြင်မလဲဆိုတော့ ပြည်နယ်တွေနဲ့ ပြည်ထောင်စုအချိုးနှုန်းထား တစ်ခုစီခွဲဝေဖို့ သတ်မှတ်မယ်၊ ဒါပေမဲ့ အဲဒီလုပ်ပိုင်ခွင့် ကိုတော့ ပြည်ထောင်စုလွှတ်တော်ကို လွှဲအပ်ထားတယ်။ ပြည်ထောင်စုအဆင့် လွှတ်တော်က ခွဲဝေပေးတဲ့ အချိုးအစား နှုန်းထားအတိုင်းရမယ်ဆိုတဲ့ သဘောပဲ။

အောင်ကျော်- ဒါဆိုရင်။

လာကပေါ်- သိပ်မျှတနိုင်မယ်လို့ မထင်ဘူး။ အကြမ်းဖျင်းပြောရရင် တိုင်းရင်းသားတွေက ပြည်နယ်တစ်ခုစီ ရှိနေတယ်။ ဗမာတွေက တိုင်း(၇)တိုင်းတောင် ရှိတယ်။ လွှတ်တော်ထဲရောက်သွားမယ့် တိုင်းရင်း သားတစ်မျိုး ချင်းစီရဲ့အရေအတွက်နဲ့ ဗမာတွေရဲ့ အရေအတွက်က ကွာနေဦးမှာပဲ။ ဆိုတော့သိပ်ပြီး မျှတမယ်လို့တော့ မမျှော်လင့်နိုင်ဘူး။

အောင်ကျော်- အင်း- ဒါကြောင့် ကျွန်တော်တို့က အမျိုးသားလွှတ်တော်ကို တကယ့်တိုင်းရင်းသား တန်းတူခွင့် ကိုဖော်ဆောင်မယ့် လွှတ်တော်ဖြစ်စေချင်တာ ပေါ့ဗျာ။

လာကပေါ်- အခုလည်း သူ့အဆင့်အတန်းဟာ ပြည်သူ့လွှတ်တော်နဲ့အတူတူပဲလို့ ဆိုထားတယ်လေ။

အောင်ကျော်- အ,ရန်ကော လာကပေါ်ရယ်။ လွှတ်တော်နှစ်ခု သဘောကွဲရင် ဘာလုပ်ကြမလဲ။

လာကပေါ်- ပြည်ထောင်စု လွှတ်တော်မှာ ဖြေရှင်းမယ်လေ။

အောင်ကျော်- ပြည်ထောင်စု လွှတ်တော်ရောက်သွားရင် အမျိုးသားလွှတ်တော်ဆိုတာ လူနည်းစုပြန်ဖြစ် မသွား ဘူးလား။ မဲခွဲမယ်ဆိုရင် ပြည်သူ့လွှတ်တော်ဘက်ကပဲ အနိုင်ရမှာမဟုတ်ဘူးလား။

လာကပေါ်- ဟုတ်တယ်၊ ခင်ဗျားပြောတာ မှန်တယ်။ အမျိုးသားလွှတ်တော်ဆိုတာက တိုင်းရင်းသားတွေကို တန်းတူအခွင့်အရေး ပေးသယောင်ဟန်ပြ လုပ်ထားတယ်ဆိုတာ မေ့သွားလို့။

အောင်ကျော်- ကဲ- လုပ်ပါဦး။ အဲဒီ နှစ်ခုဖွဲ့စည်းပုံထဲပါတာတော့ ဟုတ်ပြီ။ အတည်ရောပြုနိုင်ပါဦးမလား။

လာကပေါ်- ပြည်နယ်နဲ့တိုင်း လွှတ်တော်တွေကို လုပ်ပိုင်ခွင့်ပိုပေးတာကိုတော့ အတည်ပြုနိုင်လိမ့်မယ်။ ဘာ ကြောင့်ဆို သိပ်မကြာသေးခင်တုန်းကပဲ တပ်မတော်သားအမတ်တွေက အဲဒီအချက်တွေ လုပ်သင့်ကြောင်း အချက်အလက်အသေး စိတ်နဲ့ လွှတ်တော်ထဲ တင်ဖူးတာရှိလို့ပဲ။

အောင်ကျော် – ၀န်ကြီးချုပ် ခန့်ဖို့ရော။

လာကပေါ်- အဲဒါတော့ မလွယ်ဘူး။ တပ်မတော်ဘက်က ကန့်ကွက်နိုင်တယ်။ အခုကိုပဲ အစိုးရပိုင် သတင်းစာ တွေမှာ ပြည်နယ်နဲ့တိုင်း ၀န်ကြီးချုပ်တွေကို သမ္မတကခန့်တယ်ဆိုတာ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးမဏ္ဍိုင်ချင်း ထိန်းညှိနိုင်အောင် လုပ်ထားတာ၊ ပြည်နယ်လွှတ်တော်ထဲ အမတ်အများဆုံးရတဲ့ ပါတီက ၀န်ကြီးချုပ်ကို ခန့် မယ်၊ ဥပဒေပြုရေး လွှတ်တော်ကိုလည်း လွှမ်းမိုးထားမယ်ဆိုရင် ဒါဟာပါလီမန်ဒီမိုကရေစီပုံစံဖြစ်သွားမယ်။ မဏ္ဍိုင်နှစ်ခု ထိန်းညှိနိုင်တော့မှာ မဟုတ်ဘူးဆိုပြီး ဆောင်းပါးတွေ ရေးလာပြီလေ။

အောင်ကျော်- ဒါဆို ဘာခက်သလဲဗျာ။ လွှတ်တော်အမတ်တွေကို ရွေးကောက်ပွဲ သတ်သတ်လုပ်၊ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်ကို ပြည်သူလူထုကတိုက်ရိုက် ရွေးကောက်တင်မြှောက်တဲ့ စနစ်ပြင်ဆင်လိုက်ပေါ့ဗျာ။

လာကပေါ်- ဟုတ်သားနော်။

မြန်မာသံတော်ဆင့်သတင်းဌာန-https://www.facebook.com/myanmarherald

No comments:

Post a Comment