Saturday, June 27, 2015

NCA ဆက်လက်ဆွေးနွေမည့် အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့နှင့် ၀န်ကြီးဦးအောင်မင်းတို့ အလွတ်သဘောတွေ့ဆုံ

 ရန်ကုန်၊ ဇွန် ၂၃
လော်ခီးလာညီလာခံမှ ဖွဲ့စည်းထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရ ကိုယ်စား လှယ်များ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) အပြီးသတ် လက်မှတ်ရေးထိုးရေး ဆိုင်ရာ ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် အဆိုပါ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့မှ ကိုယ်စားလှယ် ၃ ဦးနှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး စင်တာ၌ ဇွန်လ ၂၂ရက်က အလွတ်သဘော တွေ့ဆုံဆွေးနွေးကြသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ မတ်လ ၃၁ ရက်က အတည်ပြု
လက်မှတ်ရေးထိုးခဲ့သော NCA မူကြမ်းကို တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များက ပြန်လည် ဖြည့်စွက်မှု များ ပြုလုပ်ခဲ့ပြီး NCA အချောသပ် ဖြစ်ပေါ်လာရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင် ၁၅ ဦးဖြင့် အဆင့်မြင့် ညှိနှိုင်းရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားသည်။

““အလွတ်သဘောပါပဲ။ ကျွန်တော်တို့ အဓိကကတော့ လော်ခီးလာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းရဲ့ ထိပ်သီးစည်းဝေးပွဲမှာ NCA နဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်ဖြည့်စွက် တာတွေကို ဆက်လက်ပြီးတော့ ညှိနှိုင်းဖို့အတွက် အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းပြီးတော့ အစိုးရကိုယ်စားတွေနဲ့ တွေ့နိုင်ဖို့ လာညှိနှိုင်း တာပါ။ သူတို့ကတော့ သူတို့အထက်ကို ပြန်တင်ပြပြီး အကြောင်းပြန်မယ်လို့ ပြောတာပဲ။ NCA နဲ့ ပတ်သက်ပြီး ပြင်ဆင် ဖြည့်စွက်တာထက် ပိုမိုပြီးတော့ ခိုင်မာအောင် လုပ်တဲ့သဘောလည်း ဖြစ်ပါတယ်။ အမြန်ဆုံးညှိနှိုင်းရင် အမြန်ဆုံး အဖြေတစ်ခုတော့ ထွက်မှာပေါ့နော်။ ခန့်မှန်းတာ ဇူလိုင် လဆန်းလောက်ကို တွေ့နိုင်မယ် ထင်တယ်”” ဟု အလွတ် သဘော တွေ့ဆုံရာတွင် ပါဝင်ခဲ့သည် အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့မှ ပဒိုစောကွယ် ထူးဝင်းက ပြောသည်။

NCCT နှင့် UWPC တို့ နှစ်ဖက် သဘောတူညီခဲ့သော NCA မူကြမ်းတွင် စကားလုံးပိုင်းဆိုင်ရာ အချို့နှင့် လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်း ကိစ္စ၌ အဓိကထား ပြန်လည် ဖြည့်စွက်ရမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ပြောကြားမှုများရှိသည်။

““၀န်ကြီးဦးအောင်မင်း၊ ဒုတိယဗိုလ်မှူးကြီး သက်နိုင်ဝင်း၊ နောက်ဝန်ကြီး ဦးခင်ရီတို့ ၃ ဦး။ သူတို့ဘက် က ၃ ဦး ဆွေးနွေးတယ်။ အသေးစိတ် အချက်အလက်တွေ ဆွေးနွေးတာ မဟုတ်ဘူး။ ၁၅ ဦးအဖွဲ့နဲ့ တွေ့ဖို့၊ ဘာမှ ပြောတာတော့ မရှိဘူး။ ၀န်ကြီး ဦးအောင်မင်းကိုတော့ ချင်းမိုင်ကို ဖိတ်ကြားတာတော့ ရှိတယ်””ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) မှ ဦးလှမောင်ရွှေက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment