စစ်တွေ၊ ဇွန် ၂၂
၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပရန် ကြေညာထားသည့် အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသည့် အခြေခံမဲဆန္ဒရှင်များ စာရင်းကို ဇွန်လ ၂၂ ရက်က ရခိုင်ပြည်နယ်၌ စတင်ကြေညာခဲ့ရာ ယာယီ သက်သေခံ လက်မှတ် (၀ှိုက်ကတ်) ကိုင်ဆောင်ထားသူများအား မဲပေးခွင့် မပေးတော့သည့် အတွက် ၂၀၁၀ ပြည့်နှစ်ထက် ဆန္ဒမဲပေးခွင့်ရှိသူ ၂၂ ရာခိုင်နှုန်းကျော် လျော့ကျ သွားကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြက Rakhine News Agency သို့ ပြောသည်။
ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်၏ စာရင်းများအရ ၂၀၁၀ ပြည့်နှစ်က ကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ အရေအတွက် ၁၇၆၉၄၀၆ ဦးရှိခဲ့ပြီး၊ ယခု ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ အရေအတွက်မှာ ၁၃၆၉၂၅၆ ဦးဖြင့် လူဦးရေ ၄သိန်းကျော် လျော့နည်း သွားကာ၂၀၁၀ပြည့်နှစ်
အထွေထွေ ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်းကျော် လျော့ကျ သွားခြင်းဖြစ်သည်။
““၂၀၁၅ ခုနှစ်မှာတော့ ၂၀၁၀ ကထက် လျော့သွားတယ်။ဘာဖြစ်လို့ လဲဆိုတော့ ၀ှိုက်ကတ်တွေကို ဖြုတ်လိုက် တာကိုး””ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြက Rakhine News Agency သို့ ပြောသည်။
ယခုနှစ် မတ်လ ၃၁ ရက်တွင် ယာယီသက်သေခံ လက်မှတ် (၀ှိုက်ကတ်)များ သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး ၀ှိုက်ကတ်များပြန်လည် အပ်နှံခြင်းကို မေလ ၃၁ရက် နောက်ဆုံးထား ဆောင်ရွက်၍ နိုင်ငံသားစိစစ်မှု ခံယူကြရန် သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီ ၁၁ ရက်က ကြေညာထားသည်။““၀ှိုက်ကတ်တွေ က ပြန်သိမ်း လိုက်ပြီဆိုတော့ မဲဆန္ဒရှင်စာရင်းထဲမှာ မထည့်ပါ ဘူး။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း ၀ှိုက်ကတ်တွေကို မဲစာရင်းထဲမှာ ထည်သွင်းကောက်ခံခြင်းမပြုဖို့ ညွှန်ကြားထားတဲ့အတွက် ကျွန်တော်တို့ မကောက်ပါဘူး”” ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲအရာရှိ ဦးသူရိန်ထွဋ်က Rakhine News Agency သို့ မေလအတွင်းက ပြောဆို ထားဖူးသည်။
ယာယီသက်သေခံ လက်မှတ် (၀ှိုက်ကတ်) အပ်နှံခြင်းကို နောက်ဆုံး ထား ဆောင်ရွက်ရမည့် မေလ ၃၁ ရက်နေ့တွင် ရရှိသော စာရင်းများအရ ၀ှိုက်ကတ် လာရောက်အပ်နှံသူ အရေအတွက်မှာ ၃၉၂၂၈၅ ဦး ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
Rakhine News Agency
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment