~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုမိုးသီးဇွန်ဟာ ““လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီ””ကို (၉)တန်းကျောင်းသား ဘ၀တည်းက ဒီနာမည် ပေးခဲ့ပြီးအလံ၊ တံဆိပ် အမှတ်အသားတွေ လုပ်ခဲ့ကာ တစ်ချိန်မှာ မ.ဆ.လ အာဏာရှင် အစိုးရကို တိုက်ရင် ““ပါတီ””တစ်ခု လိုတယ်ဆိုပြီး စိတ်ကူးနဲ့ ပုံဖော်ခဲ့သည်။ ၁၉၈၄-ခုနှစ်တည်းက ကျောင်းသားသမဂ္ဂကို တရားမ၀င် မြေအောက် ပုံစံနှင့် နိုင်ငံရေးလှုပ်ရှားမှုတွေ စတင်ခဲ့ပါသည်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးကို စစ်တပ်မှ အကြမ်းဖက် ဖြိုခွင်းကာ နိုင်ငံတော် အာဏာကို သိမ်းပိုက် လိုက်ပြီးသည့် နောက်တွင် စစ်အာဏာရှင်တို့၏၂၆ နှစ်တာ လူမဆန်စွာ ဖိနှိပ်မှုများ၊ နိုင်ငံ၏
အထွေထွေ အကျပ်အတည်းများနှင့် ရဲရင့်ထွန်းပြောင်သော တိုက်ပွဲ စာမျက်နှာများကို မတ်လ ရဲဘော်ဖုန်းမော် လှုပ်ရှားမှုအပြီး တစ်နိုင်ငံလုံး ကျောင်းများကို မဆလစစ်အုပ်စုက ပိတ်လိုက်ကာ ဇွန်ကျောင်းပြန်ဖွင့်သော အခါ ကျောင်းသား ခေါင်းဆောင်များသည် ကျောင်းတွင်း ဟောပြောပွဲများကိုပြု လုပ်ခဲ့ကြသည်။ မဆလ ဆန့်ကျင် ဖြုတ်ချရေး ဟောပြောပွဲများကို အရှိန်မြှင့်တင် ခဲ့ကြသည်။ ဇွန် ၂၁ ရက်နေ့တွင် ဗမာပြည်၌ မပေါ်ပေါက် သေးသော တော်လှန်ရေး တစ်ရပ်ကို ဆင်နွှဲလိုက်ကြသည်။ ဇွန် ၂၁ရက် တိုက်ပွဲ အရှိန်မြှင့်တင် နိုင်မှုမှာလည်း တံတားနီ၌ လူမဆန်သော ရက်စက်ယုတ်မာမှုများ၊ အကျဉ်းထောင်တွင်း၌ မတရားနှိပ်စက်မှု များကြောင့်ပင် ဖြစ်ပေသည်။ ထိုကဲ့သို့ တိုက်ပွဲအရှိန် မြင့်မားလာသည်နှင့်အမျှ မဆလ စစ်အုပ်စုသည် သူ၏ ရာဇပလ္လင်ကို ကိုင်လှုပ်နေပြီ ဆိုသည်ကို သိလာခဲ့သည်။
တော်လှန်ရေးတစ်ရပ် ဆင်နွှဲနိုင်ရေးအတွက် ကျောင်းသား ခေါင်းဆောင်များသည် လျှို့ဝှက် စုစည်းခဲ့ကြ၏။ ရှစ်လေးလုံးတွင် အထွေထွေ အရေးတော်ပုံကြီး ပေါ်ပေါက်လာရေး ကျားကုတ်ကျားခဲ ကြိုးစားခဲ့ကြသည်။ ခွပ်ဒေါင်းအလံကို တပ်ဦးမှာ လွှင့်ထူပြီး၊ ရှေ့တန်းက ဦးဆောင်တိုက်ပွဲဝင်ခဲ့သော ကျောင်းသား အာဇာနည် များနှင့်အတူ ရဟန်းသံဃာ၊ အလုပ်သမား၊ လယ်သမား၊ ပြည်သူ တစ်ရပ်လုံးသည် ရှစ်လေးလုံး အရေးတော်ပုံ ကြီးကို ကမ္ဘာ့အရေးတော်ပုံကြီးကို မီးကုန်ယမ်းကုန် ဆင်နွှဲခဲ့သော ကျောင်းသား၊ ရဟန်း၊ သံဃာ၊ ပြည်သူ လူထုကြီးကို ထိုနေ့ညမှာပင် စစ်အာရှင်၏ စစ်တပ်များက ရက်စက်မှု ကမ်းကုန်စွာ ပစ်ခတ်သတ်ဖြတ်မှုကို စတင်ပြုကျင့် လာခဲ့သည်။ နေ့စဉ်ရက်ဆက် ပစ်ခတ် သတ်ဖြတ်နေခဲ့သည်။ သွေးနီမောင်းသော ခွပ်ဒေါင်း စိတ်ဓာတ်များသည် မှိန်ဖျော့ အားလျော့သွားခြင်းမရှိဘဲ နိုင်ငံတစ်ဝန်းလုံးကို မီးဟုန်းဟုန်း တောက်အောင် ကူးစက်ခဲ့ပေသည်။ ဒီမိုကရေစီ တော်လှန်ရေး အင်အားစုများသည် ရှောင်တိမ်းခိုအောင်းရင်း စုစည်းနေ ကြရသည်။ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးဝင်းသည်တိုက်ပွဲမြှင့်တင်ရာ၊ ပြန်လည် စိန်ခေါ်သံပေးရာ နေရာဖြစ်ခဲ့သည်။ စိန်လွင်ပြုတ်ကျပြီး ဒေါက်တာမောင်မောင်၏ အစိုးရအဖွဲ့ တက်လာသည်။ စစ်အုပ်ချုပ်ရေး ဥပဒေကိုလည်း ရုပ်သိမ်းခဲ့သည်။ ရှစ်လေးလုံးမှ အရှိန်မြှင့်ခဲ့သော ဒီမိုကရေစီ တော်လှန်ရေးကြီး၏ ဒီရေသည် ကားအားကောင်း ရုန်းကြွလာခဲ့ပြီး နေ့စဉ်ရက်ဆက် ဆန္ဒပြ တိုက်ပွဲ ဆင်နွှဲခဲ့ကြပေသည်။
၂၈-၈-၈၈ ခုနှစ်တွင် တိုက်ပွဲဝင် ကျောင်းသား ခေါင်းဆောင်များသည် ရန်ကုန်တက္ကသိုလ်ဝင်း (ယခင်သမဂ္ဂ၀င်း) မြက်ခင်းပြင်တွင် (၁၉၆၂-ခုနှစ် ဦးနေ၀င်း၊ အာဏာသိမ်းပြီး ဒိုင်းနမိုင်းဖြင့် ဖောက်ခွဲဖျက်ဆီး ခံရသော သမဂ္ဂနေရာ) ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂကို အောင်မြင်စွာ ပြန်လည် ဖွဲ့စည်းနိုင်ခဲ့ပေသည်။ မင်းကိုနိုင်(ဥက္ကဋ္ဌ)၊ ကိုကိုကြီး(ဒုဥက္ကဋ္ဌ)၊ မိုးသီးဇွန် (အထွေထွေအတွင်းရေးမှူး)တို့ ဦးဆောင် တာဝန်ယူခဲ့ကြ၏။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂက ဒီမိုကရေစီ အောင်လံတော် လွှင့်ထူနိုင်ရေးအတွက် တပ်ဦးမှ ဆက်လက် ဦးဆောင်ကာ အရဲဝံ့ဆုံး တိုက်ပွဲဝင်နေဆဲ(၁၈-၉-၈၈)တွင် စစ်အာဏာရှင်များ တိုင်းပြည်အာဏာကို မတရား သိမ်းပိုက် လိုက်ပြန်သည်။
အာဏာသိမ်းပိုက်သည့် ညပိုင်းမှာပင် ကြေးစားတပ်၏ လုပ်ရပ်အတိုင်း တော်လှန်ရေး အင်အားစုများကို ပစ်ခတ် ဖြိုခွဲတော့သည်။ တော်လှန်ရေး အင်အားစုများ ကျဆုံးသူများကျဆုံး၊ ဖမ်းဆီးခံရသူခံရ၊ လွတ်မြောက်ရေး ဒေသများသို့ ထွက်ခွာသူ ထွက်ခွာခဲ့ကြရပေသည်။ ဗကသ ခေါင်းဆောင်များလည်းမြေပေါ်မှ ကိုယ်ယောင် ဖျောက်ခဲ့ကြပြီး ဗကသမှာလည်း ပုန်းလျှိုးခဲ့ရပေသည်။ စုစည်း ထားခဲ့သော အင်အားစုများ ပြန့်ကျဲသွားခဲ့သည်။ ထို အတောအတွင်းမှာပင် တော်လှန်ရေး အင်အားစုများသည် လက်ကမ်း စာစောင်များ ထုတ်ဝေခြင်း၊ နံရံကပ် ပိုစတာကပ်ခြင်းများဖြင့် တိုက်ပွဲဆက်ခဲ့သည်။ စစ်ဝါဒီများကလည်း အကြီးကျယ်ဆုံး လူဖမ်းပွဲကြီးများ ပြုလုပ်ပြီး အများအားဖြင့် ညပိုင်းများတွင် ဖမ်းဆီးခြင်းများကို တရကြမ်းပြုကျင့်ခဲ့ကြသည်။ အာဏာသိမ်းပြီး တစ်လ အကြာ ပြန့်ကျဲပြီး ပြိုကွဲနေသော ဗကသ ဗဟိုအလုပ်အမှုဆောင်များ ပြန်လည် စုစည်းမိခဲ့သည်။ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ ကုက္ကိုင်းလမ်းဆုံရှိ အိမ်တစ်အိမ်တွင် ပြုလုပ်သော၂၀-၉-၈၈ ခုနှစ် အစည်းအဝေးတွင် ရှေ့လုပ်ငန်းစဉ် ၃ ရပ်ကို ချမှတ်နိုင်ခဲ့သည်။
၁။ လက်ရှိ ဖွဲ့စည်းထားပြီးဖြစ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကို ပြန်ပြီး Semi UG မှ ရပ်တည်ကာ လက်ရှိစစ်အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်ရန်၊
၂။ ပြန့်ကျဲသွားသော အင်အားစုများကို တရားဝင် စုစည်းနိုင်ရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီ တစ်ရပ်ကို မှတ်ပုံတင်ပြီး အမျိုးသားရေးအသွင်ဖြင့် ဆက်လက် စုစည်းတိုက်ပွဲဝင်ရန်။
၃။ လက်နက်ကိုင် တော်လှန်ရေးကို စနစ်တကျ ဆင်နွှဲရန်အတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ရန် ဟူ၍ ရှေ့လုပ်ငန်းစဉ် ၃ ရပ်ကို ချမှတ်နိုင်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးမှနေ၍ လူ့ဘောင်သစ်ပါတီ အမည်ဖြင့် ဥက္ကဋ္ဌ မင်းကိုနိုင်(ယခုပွင့်လင်း)၊ အထွေထွေ အတွင်းရေးမှူး မိုးသီးဇွန်၊ သူရိန်၊ ယဉ်ထွေး၊ ဂျင်မီ(ယခုပွင့်လင်း)၊ ၀င်းမြင့်အောင်၊ ရဲနိုင်အောင်၊ မိုးဟိန်း (သူရိယနေ၀န်းယခု)၊ တင်ထွန်းလှိုင်တို့ကို မြေပေါ်နိုင်ငံရေး၌ ရပ်တည် ဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့သည်။ ဗကသကို ဒုဥက္ကဋ္ဌ ကိုကိုကြီးနှင့် ကျန်အလုပ်အမှုဆောင်များနှင့် Semi UG အနေအထားဖြင့် တာဝန်ယူ စေခဲ့သည်။ တတိယ လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး၊ လက်ရှိပြည်ပရောက် ကိုဝင်းမိုး၊ အောင်နိုင်၊ မောင်မောင် ကျော်တို့ကို တာဝန်ယူစေခဲ့သည်။
ထိုအချိန်တွင် မိုးသီးဇွန်က အဆိုတစ်ခု တင်ပြလာပါသည်။ ““ငါတို့ချည်းပဲမြေပေါ်မှာ လှုပ်ရှားလို့ မကောင်းဘူး၊ အင်အားဖြည့်တဲ့ အနေနဲ့ တပ်ဦးအဖွဲ့အစည်းက ရဲဘော်တွေကိုလည်း ခေါ်ရအောင်”” ဆိုပြီးကျယ်ပြန့်သည့် နိုင်ငံရေး အင်အားစုတစ်ရပ် တည်ဆောက်နိုင်ရေး ရည်မျှော်တွေးပြီး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ထပ်မံ တိုးချဲ့ရန် အကြံပေးခဲ့ပါသည်။
ထိုနောက် ၀င်ဒါမီယာက ခြံတစ်ခြံတွင် ပါတီတည်ဆောက်ရေးအတွက် ဆွေးနွေးပြီး နာယက မင်းကိုနိုင်၊ ဥက္ကဋ္ဌ မိုးသီးဇွန်၊ ဒုဥက္ကဋ္ဌသက်ထွန်း၊ မိုးဟိန်း၊ သူရိန်၊ ရဲနိုင်အောင်တို့ကို လျာထားပြီး(၂-၁၀-၈၈)တွင် ရွေးကောက်ပွဲ ကော်မရှင်၌ တရားဝင် မှတ်ပုံတင်ခဲ့သည်။ နောက် ၂ ရက်အကြာ မင်းကိုနိုင်နှင့် သူရိန်တို့က ၎င်းတို့အနေဖြင့် ပါတီ နိုင်ငံရေး စိတ်မပါကြောင်း၊ မလုပ်နိုင်ကြောင်း၊ ဗကသမှာသာ လုပ်ကိုင်ချင်ကြောင်း ဆွေးနွေးလာပြီး ထို့ကြောင့် ၎င်းတို့ ၂ ဦး နုတ်ထွက်သွားပြီး ကျန် ၈ ဦးဖြင့် ၁၄-၁၀-၈၈ တွင် ကော်မရှင်မှ ကြေညာချက်အမှတ် ( -) ဖြင့် လူ့ဘောင်သစ်ပါတီကို တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ၁၆-၁၀-၈၈ တွင် အမှတ် ၈၂၂ ၊ မဟာဗန္ဓုလလမ်း၊ လမ်းမတော်မြို့နယ်တွင် ဌာနချုပ်ရုံးခန်း ဖွင့်လှစ်ခဲ့ပါသည်။
တိုက်ပွဲခေါ်သံအဖြစ် တောင်းဆိုချက် (၁၁)ချက်ကို တပ်ဦးအလံဖြင့် ကိုင်စွဲခဲ့သည်။ အဓိကအချက်အဖြစ် ““ကြားဖြတ် အစိုးရ”” ကို ကျယ်လောင်စူးရှစွာ တောင်းဆိုခဲ့သည်။ တောင်းဆိုချက်များသည် လက်ရှိ နိုင်ငံရေး အခြေအနေအရ ပြည်သူတစ်ရပ်လုံး၏ လိုလားချက်၊ ကျောင်းသားထု၏ လိုလားချက်နှင့် ကိုက်ညီစေခဲ့သည့် အတွက် ပါတီ စည်းရုံးရေးလုပ်ငန်းတွင် ထိရောက်အောင်မြင်မှုများ ရရှိလာခဲ့သည်။ မြို့ပြ အလုပ်သမားများ၏ နစ်နာချက်၊ ကျေးလက်တောင်သူ လယ်သမားတို့၏ ခံစားချက်၊ နာကြည်းချက်များကို ဖော်ထုတ်ပြီး ပြည်သူ တစ်ရပ်လုံး၏ ရှေ့မှရဲရဲဝံ့ဝံ့ ရပ်တည် ဦးဆောင်ကာ တောင်းဆို တိုက်ပွဲဝင်ခဲ့သည်။
ထို့အပြင် ပါတီစတင် တည်ဆောက်ခဲ့စဉ်က မဖြစ်မနေ ဆောင်ရွက်ရန် ရည်မှန်းချက်ပြုခဲ့သော ကျယ်ပြန့် ကြီးမားသည့် တပ်ပေါင်းစုကြီး ဖွဲ့စည်းရန် ဖြစ်သည့်အတွက် တပ်ပေါင်းစုများလည်း ဖွဲ့စည်းနိုင်ခဲ့သည်။ (၁) နိုင်ငံရေးမူ (၂) စည်းရုံးရေးမူ (၃) လူမျိုးစုမူ (၄) ပြည်တွင်းငြိမ်းချမ်းရေးမူတို့ ဖြစ်သည်။
လက်ရှိနိုင်ငံရေး အခြေအနေအရ ရပ်တည် လုပ်ဆောင်လာသောအခါ စစ်အစိုးရသည် ၎င်းတို့၏ အင်အားစု အတွက် အဓိက ရန်သူအဖြစ် တွေ့သွားခဲ့ပြီး ပထမဦးဆုံး စတင်ဖြိုခွဲခြင်းကို ပြင်းပြင်းထန်ထန် ခံခဲ့ရသည်။ နောက်ဆုံးပါတီဥက္ကဋ္ဌ မိုးသီးဇွန်ကို ဖမ်းဆီးဖို့ ကြိုးစားလာသည့်အတွက် ဥက္ကဋ္ဌ မိုးသီးဇွန်သည် လွတ်မြောက်ဒေသကို ကူးပြောင်း သွားခဲ့ရပါသည်။ ဥက္ကဋ္ဌ မိုးသီးဇွန်က လွတ်မြောက်ဒေသကို မကူးပြောင်းမီ သူ၏ သဘောထားတချို့အား ပေးသွားခဲ့ပါသည်။
““မြေပေါ်နိုင်ငံရေး တိုက်ပွဲဟာ ဘယ်လောက် အရေးပါတယ်ဆိုတာ သိပါတယ်။ မြေပေါ်မှာ နိုင်ငံရေး တိုက်ပွဲများကို ဆက်လက် တိုက်ခိုက်ချင်ပါသေးတယ်။ ဒါပေမဲ့ အခြေအနေအားလုံးက ကျွန်တော့်ကို ခွင့်မပြုတော့ပါ။ ရန်သူဟာ ကျွန်တော့်ကို မြေပေါ်မှာ ထားလိုဟန်မတူပါဘူး။ ရဲဘော်တို့အနေနဲ့ ကိုယ့်အင် ကိုယ့်အားကို အတတ်နိုင်ဆုံး ကြံ့ခိုင်နေအောင် တည်ဆောက်ထားစေချင်ပါတယ်။ ပါတီ တည်ဆောက်ရေးဟာ အဓိက သော့ချက်ဖြစ်ပါတယ်။””
““ဒီမိုကရေစီ တော်လှန်ရေးကြီး အပြီးသတ် အောင်ပွဲခံဖို့ဆိုရင် ကျွန်တော်တို့တွေရဲ့ စည်းလုံးညီညွတ်မှုဟာ ပိုပြီး ခိုင်မာဖို့လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အမျိုးသား ညီညွတ်ရေးကို အဓိကထားပြီ တည်ဆောက် ရလိမ့်မယ်””
““မြေပေါ်မှာရှိတဲ့ပါတီ၊ အင်အားစုတွေ အားလုံးလည်း ညီညွတ်နေရလိမ့်မယ်””
““ကျွန်တော်တို့လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ဆိုရင် တစ်လမ်းသွားစနစ်ကို ကျင့်သုံးလို့မရဘူး။ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေနဲ့ လူထုတိုက်ပွဲတွေကို ပေါင်းစပ်ပြီး အဆက်မပြတ်ဘဲ ဖော်ဆောင်နေရလိမ့်မယ်။ မြေပေါ်လူထု တိုက်ပွဲတွေကို ဖော်ဆောင်တဲ့နေရာမှာ ကျောင်းသားတွေဟာ အဓိကအင်အား အနေနဲ့ ရုန်းကန် နေရတာကို ၀မ်းနည်းဖွယ် တွေ့ရတယ်။ ပါတီ အဖွဲ့အစည်းတချို့ရဲ့ လုပ်ရပ်တွေဟာ တလွဲဆံပင်ကောင်း နေကြတယ်။ စစ်တပ်ကို သနပ်ခါးလိမ်းပေးချင်ကြတာကို တွေ့ရတယ်””
ဒီလမ်းဟာလည်း ကျွန်တော်ရွေးချယ်တဲ့ လမ်းမဟုတ်ပါ။ ရန်သူတွန်းချလိုက်သော လမ်းသာဖြစ်တယ်။ ရန်သူရွေးချယ်ခိုင်းသော လမ်းသာလျှင် ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကျောင်းသားပီပီ ကျောင်းသားသမဂ္ဂမှာ ရပ်တည်ပြီး ဖြူစင်တဲ့ ကျောင်းသား နိုင်ငံရေးကို လွတ်လွတ်လပ်လပ် လုပ်လိုပေမယ့် (မဆလ)လူထွက် စစ်အစိုးရဟာ သမဂ္ဂတည်ဆောက်ခွင့်ကို မပေးဘဲ ပါတီတည်ထောင်ခွင့်ကိုသာ ပေးတဲ့အတွက် ပါတီတစ်ရပ် အနေနဲ့ ရပ်တည်ခဲ့ရတယ်။ ပါတီတည်ထောင်ပြီးတဲ့အခါ ရန်သူ ရွေးချယ်ခိုင်းတဲ့လမ်းမှာ ကျွန်တော်တို့ အောင်မြင်လာတဲ့အခါ ရန်သူဟာ မရှုစိမ့်တော့ပါဘူး။ ပါတီဝင်များကို အပြစ်မဲ့ဖမ်းဆီးခြင်း၊ ဒီမိုကရေစီ ဆိတ်သုဉ်း နေခြင်းများနှင့်အတူ ကျွန်တော်တို့ကိုပါ ရန်မူလာတော့တယ်။ ပထမ မင်းကိုနိုင်ကို ဖမ်းတယ်။ ဒါဟာ ဒီမိုကရေစီ တံခါးဝကို ရိုက်ချိုးလိုက်ခြင်းပါပဲ။ နောက်(မဆလ)ဥက္ကဋ္ဌဟောင်း နေ၀င်းကို မျောက်ပွဲထုတ်သလို ထုတ်လာခဲ့တယ်။ ဒါဟာ ပြည်သူ တစ်ရပ်လုံးကို စိန်ခေါ်လိုက်ခြင်းပါပဲ။ အဆိုးဆုံးကတော့ဒုဥက္ကဋ္ဌ ကိုသက်ထွန်း ကို ဖမ်းဆီးခဲ့ရုံမက ကျွန်တော့်ကို ဖမ်းဆီးဖို့ စတင်ကြိုးပမ်းလာတာကို တွေ့ရပါတယ်။””
ကျွန်တော် နေထိုင်ရာ သင်္ဃန်းကျွန်း မိကျောင်းကန် နေအိမ်ကို ညစဉ်စစ်တပ် အစောင့်ချထားခြင်းပါပဲ။ ည ၁ နာရီခန့် လာချတယ်။ မနက် ၅ နာရီခန့် ပြန်ရုပ်သိမ်းတာ တွေ့ရတယ်။ အဆိုးဆုံးက သင်္ကြန် အကြတ်နေ့ည ၉ နာရီခန့်မှာ ထောက်လှမ်းရေးတွေကော၊ စစ်တပ်နဲ့ ရဲအပါအ၀င် ကျွန်တော်တို့ ၁၅ယောက်ကို ၂၉ လမ်းက အထွက် ၀င်ဖမ်းပါတယ်။ ကျွန်တော်နဲ့ ရဲဘော်တစ်ဦး လွတ်မြောက်ခဲ့တယ်။ ကျွန်တော်တို့ကို အပြင်မှာ မထားချင်တော့ဘူး၊ ထောင်ထဲ ထည့်ထားတော့မယ်ဆိုတာ ထင်ရှားနေတယ်။ ထောင်ထဲမှာ အချိန်ကုန်ရတဲ့ အဖြစ်မျိုး ကျွန်တော် မလုပ်နိုင်ပါဘူး။ ကျွန်တော့်ရဲ့ ““သွေးမော်ကွန်း””ကဗျာနဲ့ ပတ်သက်ပြီး ရဲဘော် ၂၀ ခန့် အဖမ်းခံရတယ်။ ကျွန်တော်က ဒီကဗျာကို မဖြန့်ဝေပါဘူးလို့ဆိုရင် ရဲဘော်တွေကို ပြန်လွှတ်ပေးမယ်လို့ ပြောလာတယ်။ ပြီးတော့ စစ်အစိုးရဟာ ““ကြားဖြတ်အစိုးရ တောင်းဆိုတဲ့ မိုးသီးဇွန်ကိုခေါ်ပြီး သတိပေးလိုက် တယ်လို့ လိမ်ညာပြီး အသံလွှင့်ခဲ့တယ်။ ကြားဖြတ်အစိုးရ တောင်းဆိုတဲ့စာကို ကျွန်တော်တို့ ပါတီ စတင် တည်ထောင်ပြီး နောက်တစ်ရက် ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ မှာ တိုက်ပွဲခေါ်သံအဖြစ် တောင်းဆိုချက် ၁၁ ချက်မှာ ရှေ့ဆုံးကတင်ပြီး တောင်းဆိုခဲ့တယ်။
““၁၉၈၈ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့က ဗိုလ်မှူးချုပ်မျိုးညွန့်က ခေါ်တွေ့တယ်။ ကျွန်တော့်ကို လက်မှတ် ထိုးခိုင်းတယ်။ လုံးဝမထိုးပေးခဲ့ပါဘူး။ ဒါဟာကျွန်တော်တို့ရဲ့ “မူ”၊ကျွန်တော်တို့ရဲ့ ယုံကြည်ချက်ဖြစ်တယ်။ လုံးဝ အလျှော့ မပေးနိုင်ဘူး။ ဖမ်းချင်ရင် ဖမ်းနိုင်တယ်လို့ ပြောခဲ့တယ်။“မူ”ကိုထိရင် လုံးဝ အလျှော့မပေးနိုင်ဘူးလို့ အတိအလင်း ပြောခဲ့ပါတယ်။ နောက်တစ်ခါ ၁၉၈၈ ဒီဇင်ဘာလထဲမှာ အထက်ဗမာပြည်ကို စည်းရုံးရေး ဆင်းတော့ ၃ ခါ အဖမ်းခံရပါတယ်။ ဒိုက်ဦးမှာတစ်ခါ၊ မိုးကုတ်မှာတစ်ခါ၊ မန္တလေးမှာတစ်ခါ အဖမ်းခံရပါတယ်။ မန္တလေးမှာ ဗိုလ်မှူးချုပ် ထွန်းကြည်က ဆွေးနွေးချင်တယ်လို့ ကမ်းလှမ်းပါတယ်။ မန္တလေး နန်းတော်ထဲမှာ တွေ့ဆုံခဲ့ကြတယ်။ စကားပြောတဲ့အခါ၊ ၁၉၉၀ ပြည့် ရွေးကောက်ပွဲ လုပ်ပေးမယ်။ ဒါကိုပြည်သူတွေ ယုံကြည် အောင် မင်းက စာဖြစ်ဖြစ် ထုတ်ပေးပါလား၊ ဒါမှမဟုတ် TV ကနေ ဆွေးနွေးခန်းပုံစံမျိုး လွှင့်ပေးမယ်။ ကူညီပါလို့ ဆိုလာတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လိမ့်မယ်။ မဖြစ်ဘူးဆိုတာ ကျွန်တော်တို့အပေါ် မူမတည်ပါဘူး။ ခင်ဗျားတို့အပေါ်ပဲ မူတည်ပါတယ်။ ခင်ဗျားတို့ အနေနဲ့ ကြားဖြတ် ပီသအောင် နေမယ်ဆိုရင် ပြည်သူတွေဟာ လက်ခံပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ လက်ရှိ အနေအထားတွေ တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ပေးမယ် ဆိုတာ ယုံကြည်ပါလို့ မပြောဝံ့ပါဘူး။ ဒါဟာ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ ခင်ဗျားတို့ လုပ်ရပ်တွေနဲ့သာ သက်ဆိုင် ပါတယ်လို့ ချေပခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ကြားဖြတ်အစိုးရ မရှိတဲ့ ရွေးကောက်ပွဲဟာ ဘယ် နည်းနဲ့မှ တရားမျှတလိမ့်မယ်လို့ မယုံကြည်ပါ။ နိုင်ငံတကာ သမိုင်းမှာလည်း စစ်ဝါဒီတွေပေးတဲ့ ကတိဟာ တည်ရိုးထုံးစံမရှိပါ။””
““နိုင်ငံရေး သေစေနိုင်တဲ့ ငြိမ်သက်ခြင်းမျိုးဟာ အားလုံးအတွက် ရေရှည်မှာ အကျိုးမရှိနိုင်ပါဘူး။ ကျွန်တော် တို့ဟာ ငြိမ်းချမ်းရေးကိုပဲ အလိုရှိတယ်။ စစ်ကိုအလိုမရှိ။ ဒါပေမဲ့ အစိုးရက အကြမ်းဖက် ဖြေရှင်းနည်းနဲ့ တုံ့ပြန်လေတော့ ကျွန်တော်တို့ဟာ လူသားပီပီ လူ့အခွင့်အရေး ရရှိရေးအတွက်၊ တရားမျှတစွာနဲ့ တုံ့ပြန် ရပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ ပစ်ဖောက်လိုက်တဲ့ အမြောက်ကို ပြည်သူတစ်ရပ်လုံး ကောင်းချီး ပေးပါလိမ့်မယ်။ ””
““ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်ရင် ဘယ်အာဏာရှင်မျိုးကိုမဆို တော်လှန်ဖြုတ်ချ နိုင်တယ်””ဆိုတဲ့ တော်လှန်တဲ့ အဘိဓမ္မာသစ်ကို ကမ္ဘာအရပ်ရပ်က ကျုပ်တို့လို အဖိနှိပ်ခံ ပြည်သူတွေ နားလည် သဘောပေါက်သွားအောင် ကျုပ်တို့ရဲ့ တိုက်ပွဲဝင်အမျိုးသား ခွပ်ဒေါင်းအလံကို အမြင့်မားဆုံး လွှင့်ထူကြပါစို့။
ဇေယျလူထူး
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment