Saturday, June 27, 2015

ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့် ၏ နောက်ကြောင်းပြန် ဝေဖန်ရေး မလုပ်ရန် ပြောဆိုမှုပေါ် နိုင်ငံရေး အသိုင်းအ၀ိုင်းဝေဖန်

 ရန်ကုန်၊ ဇွန် ၂၄

စစ်အစိုးရလက်ထက် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်က မီဒီယာများ အနေဖြင့် နောက်ကြောင်းပြန် ဝေဖန်ရေးမလုပ်ရန် ဇွန်လ ၂၂ ရက်က မရမ်းကုန်း အထက ၁ ကျောင်း၌ ပြုလုပ်သော မူးယစ် တိုက်ဖျက်ရေး အကြိုလှုပ်ရှားမှု အခမ်းအနား၌ ပြောကြားမှုအပေါ် နိုင်ငံရေး အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များက ဇွန်လ ၂၄ ရက်တွင် မြန်မာသံတော်ဆင့်မှ တစ်ဆင့် ဝေဖန် ပြောကြား လိုက်သည်။

ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်က ယခင်စစ်အစိုးရ လက်ထက်၌ စစ်အစိုးရပုံစံအတိုင်း လုပ်ဆောင် ရခြင်းဖြစ်ပြီး ယနေ့ဒီမိုကရေစီစနစ်၌ နောက်ကြောင်းပြန် ဝေဖန်ရေး လုပ်ပါက တိုင်းပြည် တိုးတက်မည် မဟုတ်ကြောင်း DVB သတင်းဌာန၏ မေးမြန်းမှုနှင့် ဆက်စပ်၍ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

““ရက်ရက်စက်စက် လုပ်ခဲ့တာတွေဟာ စစ်အစိုးရမို့လို့ လုပ်ခဲ့တာဆိုတဲ့ စကားတစ်ခုတည်းနဲ့ မေ့ပစ်လို့မရဘူး။ တချို့ဟာတွေကို လက်ခံပေးလို့ရပေမယ့် မတော်မတရား အလွန်အကျွံ လုပ်ခဲ့တာတွေ ကိုပြန်ပြောဖို့ ပြန်ပြီးတော့ ရေးသင့်တယ်လို့ထင်တယ်။ မတော်မတရား လုပ်တဲ့အတွက်ကြောင့် ပြည်သူက ရွေးချယ်တဲ့ ၁၉၉၀ လွှတ်တော် ကိုယ်စားလှယ်တွေ ထောင်ထဲ ရောက်ကုန်တယ်။ နောက်တချို့ ပြည်ပကို ထွက်ပြေးတယ်။ ဘ၀တွေ ပျက်ကြတယ်။ ဒီလို လုပ်ခဲ့တာကို စစ်အစိုးရမို့လို့ လုပ်ခဲ့တာလို့ ဖြေဖျောက်ပစ်လို့ ရမယ်မထင်ဘူး။ ဒီလိုဟာမှာ တစ်စုံတစ်ရာ ဖြေရှင်းမှု မလုပ်ဘဲနဲ့ ၀န်ခံမှုသော်လည်းကောင်း မလုပ်ဘဲနဲ့ ဒီလို ဘ၀ပျက်သွားတဲ့ နိုင်ငံရေးသမားတွေကို တစ်စုံတစ်ရာ ပြန်ပြီးတော့ ဆောင်ရွက်ပေးဖို့ မရှိဘဲနဲ့ စစ်အစိုးရမို့လို့ လုပ်ခဲ့တာပါဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ ဖြေဖျောက်လို့မရဘူး။ မီဒီယာတွေမှာ ရေးနေတာ၊ ဖော်ပြနေတာတွေက လိုအပ်နေ သေးလို့”” ဟု ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးအေးသာအောင်က ပြောသည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် နိုင်ငံတော် ၀န်ကြီးချုပ်နှင့် စစ်ထောက်လှမ်းရေး ညွှန်ကြားရေး မှူးချုပ် တာဝန်များ ထမ်းဆောင်ခဲ့ဖူးသော ဦးခင်ညွန့်သည် နိုင်ငံရေး သမားများကို အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်ရာတွင် နာမည်ကြီးခဲ့ပြီး ၎င်းတို့၏ နှိပ်စက် ညှဉ်းပန်းမှုများကြောင့် စစ်ကြောရေးစခန်း၊ အကျဉ်းထောင်၊ ရဲဘက်အလုပ်ကြမ်း စခန်းများ၌ အသက်ဆုံးရှုံး ခဲ့ရသော နိုင်ငံရေးသမားများလည်း ရှိသည်။

““ဝေဖန်ရေးနဲ့ သုံးသပ်ချက်ကတော့ လုပ်ကိုလုပ်ရမယ့် အလုပ်ပဲဗျ။ ပြစ်မှု ကျူးလွန်ခဲ့ပြီးတော့ မတော်မတရား ကျူးလွန်ခဲ့တဲ့ ကိစ္စတွေဟာ သမိုင်းမှာ နောင်လာ နောက်သားတွေကို သိစေချင်တယ်။ သူတို့က ကလဲ့စား ချေခံရမှာ ကြောက်လို့ ဒါတွေကိုမလုပ်ပါနဲ့လို့ ပြောနေတာ။ ကျွန်တော်တို့က ကလဲ့စား ချေဖို့ဆိုတဲ့ အယူအဆနဲ့ ပြောတာ မဟုတ်ဘူး။ သူကလုပ်ချင်တာလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ကျန်တဲ့ ပြည်သူတွေက ခံရတဲ့ပုဂ္ဂိုလ်ပါ။ ပညာရေး စနစ်နဲ့ ပတ်သက်ပြီး သူလုပ်ခဲ့တာတွေ အားလုံးကလည်း ပညာရေးကို သင်းသတ်လိုက်တာပဲ””ဟုနိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ မှ ဦးမင်းဇင်ကလည်း ဝေဖန်လိုက်သည်။

ထောက်လှမ်းရေး စစ်ကြောရေး စခန်းများ၌ နိုင်ငံရေးသမားများကို လူမဆန်စွာ ရိုက်နှက်ခြင်း သတိမေ့မြော နေစဉ် အတင်းအဓမ္မ သတိပြန်ရအောင်လုပ်၍ ရိုက်နှက်ခြင်း၊ နာရီပေါင်းများစွာ သတိဆွဲ မတ်တပ်ရပ်ခိုင်းခြင်း၊ ကြိုးဖြင့် ဇောက်ထိုးဆွဲထားခြင်း၊ ညှို့သကျည်းပေါ်၌ သံမျဉ်းလုံးဖြင့် လှိမ့်ခြင်း၊ ခန္ဓာကိုယ်အား စီးကရက်မီး ဖြင့်တို့ခြင်းနှင့် ဖယောင်းစက်ချခြင်း၊ လျှပ်စစ်ကျဉ်စက်ဖြင့် ထိုးခြင်းတို့အပြင် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်း နှိပ်စက်မှု များဖြစ်သော နာရီပေါင်းများစွာ ခေါင်းစွပ်ထားခြင်း၊ အထီးကျန် တိုက်ပိတ်ထားခြင်း၊ လိင်တူချင်း မုဒိမ်းကျင့် မည်ဟုဆိုကာ ခြိမ်းခြောက်ခြင်းစသည့် လုပ်ရပ်များမှာ ထင်ရှားသည်။

ဦးခင်ညွန့်နှင့်အတူ စစ်ထောက်လှမ်းရေး အကြီးအကဲများသည် ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်တွင် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး အမျိုးသားထောက်လှမ်းရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေပြဋ္ဌာန်းကာ အမျိုးသား ထောက်လှမ်းရေးအဖွဲ့ (NIB) ကို ဖျက်သိမ်းခဲ့သည်။

ထောက်လှမ်းရေးအကြီး အကဲဟောင်း ဦးခင်ညွန့်သည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်းကလည်း အဓိပတိ ဂျာနယ်တိုက်မှ သတင်းထောက်တစ်ဦးက မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ မေးမြန်းမှုများ ပြုလုပ် ရာတွင် အချေအတင် ပြောဆိုမှုများ ရှိခဲ့ပြီး ယင်းပြောဆိုမှုများကို ““ဘုရားဒကာကြီး ဗိုလ်ခင်ညွန့်နှင့် အဓိပတိ စကားစစ်ထိုးပွဲ”” ခေါင်းစဉ်ဖြင့် ယင်းဂျာနယ် အတွဲ ၁၊ အမှတ် ၅ တွင် ထည့်သွင်း ဖော်ပြခဲ့ဖူးသည်။

ဝိုင်းမော်


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment