
ပဋိပက္ခဒေသများရှိ အမျိုးသမီးများ ပါဝင်ရန် လိုအပ်ဟုဆို
ဇွန်လဆန်းပိုင်းက ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေအတွင်းရှိ လော်ခီးလာဒေသတွင်
ပြုလုပ်ခဲ့သော တိုင်းရင်းသားညီလာခံတွင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ရာ
အပစ်ရပ်ပြီးနောက် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့်ပြုရန် သဘောတူညီလိုက်သည်။
ယင်းသို့ သဘောတူညီပြီးနောက် နိုင်ငံရေး ဆွေးနွေးပွဲများတွင် အမျိုးသမီးများ ပါဝင်သည်ဆိုခြင်း၌ ပဋိပက္ခ ဖြစ်ပွားရာ ဒေသများရှိ အမျိုးသမီးများလည်း ပါဝင်ရန် လိုအပ်သည်ဟု ယင်းညီလာခံတွင် အဆိုတင်သွင်းခဲ့သူ လားဟူအမျိုးသမီးအဖွဲ့မှ နန့်ပေ့ပိုးက မဇ္ဈိမကို ပြောသည်။
၎င်းက "ကျွန်မတို့ဒီ NCT (အပစ်ရပ် စာချုပ်) မူကြမ်းကိုလေ့လာတဲ့အခါမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ဆိုတာလည်း မပါဘူး၊ အမျိုးသမီးပါဝင်ဖို့ တိတိကျကျရေးဆွဲထားတာလည်း မရှိဘူး။ သင့်တင့် လျောက်ပတ်သော အချိုးအစား ဆိုတော့ ပါတယ်ဆိုရုံ တစ်ရာခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်း လောက်ပဲ ဖြစ်ရင်လည်း ဖြစ်သွားနိုင်တယ်” ဟု ဆိုသည်။
လက်ရှိအခြေအနေတွင် နိုင်ငံရေးဆွေးနွေးပွဲများ၊ တိုင်းရင်းသား ပေါင်းစုံထိပ်သီး ဆွေးနွေးပွဲများတွင် အမျိုးသမီးပါဝင်မှုနှုန်း လွန်စွာနည်းပါးနေ၍ အမျိုးသမီးများ၏ အခွင့်အရေး၊ အခက်အခဲနှင့် လိုအပ်ချက်များကို ထောက်ပြပြောဆိုပေးနိုင်မှု၊ ထောက်ပြပြောဆိုပေးမှုအပေါ်တွင် ထောက်ခံမှုများ အားနည်းနေသည်ဟုလည်း ၄င်းက ဆိုသည်။
နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ချိန်တွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း မပါဝင်ပါက အမျိုးသမီးများ၏ အရေးကိစ္စများ၊ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားခဲ့ရာ ဒေသများရှိ အမျိုးသမီးများ၏ အမျိုးသမီး အခွင့်အရေးများ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် အခက်အခဲများကို သေချာကျနစွာ တင်ပြပြောဆိုနိုင်သူမရှိဘဲ လျစ်လျူရှုခံလာရနိုင်သဖြင့် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်စေရေးသည် အရေးကြီးသည်ဟု နန့်ပေ့ပိုးက ဆိုသည်။
လော်ခီးလာ ညီလာခံတွင် အပစ်အခတ်ရပ်စဲရေး စာချုပ် မူကြမ်းအပေါ် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာ) (WLB ) ၏ လေ့လာသုံးသပ်ချက်ကို လားဟူအမျိုးသမီးအဖွဲ့က တင်ပြဆွေးနွေးခဲ့ပြီး ယင်းမူကြမ်းတွင် အမျိုးသမီးပါဝင်မှုကို သင့်တင့်လျောက်ပတ်သော ရာခိုင်နှုန်းဟုသာ ဖော်ပြထား ခြင်းကို ထောက်ပြကာ တိကျသော ရာခိုင်နှုန်း ရရှိရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးများသည် နိုင်ငံရေးတွင် ထိုက်တန်သောနေရာ ရရှိနို်င်ကြောင်း အသိရှိရန်လိုသကဲ့သို့ ထိုက်တန်ကြောင်းပြသရန် ကြိုးစားဖို့လိုအပ်ကြောင်းလည်း ယင်းညီလာခံ တက်ရောက်ခဲ့သူ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်စောမြရာဇာလင်း က သုံးသပ်သည်။
Credit - Mizzima News
No comments:
Post a Comment