ဆိုရေးရှိက ဆိုအပ်ပြီလို့ပဲ ပြောရမယ် ထင်ပါ့။ မြန်မာ သံတော်ဆင့် အမှတ် ၃၊ အတွဲ ၁၄ မှာ ဖော်ပြထား ချက်တွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းကြံ့ခိုင်ရေးပါတီက လူတစ်ယောက် လူမှုကွန်ရက်ဖေ့စ်ဘုတ်မှာ အခုလိုရေး ထားသဗျ။
““မြန်မာသံတော်ဆင့်ဂျာနယ်က ရန်ကုန်တိုင်းဒေသကြီး အစိုးရဌာနများကို သန့်ရှင်းသော အစိုးရနှင့် ကောင်း မွန်သော အုပ်ချုပ်သူများဟု လက်ခံထားသလား။ ရန်ကုန် တိုင်းဒေသကြီးအတွင်း အများပြည်သူ ရင်ဆိုင်နေရသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရဌာနများ၏ ဌာနဆိုင်ရာ လုပ်ထုံးအလွဲများကို ဖော်ပြလေ့မရှိသည့် မြန်မာသံတော် ဆင့်ဂျာနယ်၊ ယုတ်စွအဆုံး မှတ်ပုံတင် ခက်ခဲနေခြင်းပင် ဖော်ပြရေးသားခြင်း ကင်းနေသည့် မြန်မာသံတော် ဆင့်ဂျာနယ်၊ NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ကူညီဆောင်ရွက်ပေးမည့် သတင်း ဂျာနယ်၊ မြန်မာသံတော်ဆင့်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရဌာနများ ဆက်စပ် ပတ်သက်ပုံလေး သိချင် လို့ပါ””တဲ့။ အဲဒီလို ရေးထား တဲ့ အောက်မှာလည်း ကျော်သူရဆိုတဲ့သူက ““ဖုန်းဆက်လည်း မကိုင်ပါ၊ ကြောက်လို့ဖြစ်မယ်””လို့ မှတ်ချက် ရေး ထားသေးသဗျာ။
အခုလိုမျိုး ရေးသားထားတဲ့အထဲမှာ ပြန်လည်ဆန်းစစ်ရင် အပိုင်းနှစ်ပိုင်း ပါပါတယ်။ တစ်ပိုင်းကတော့ လက်ရှိ ရန်ကုန်တိုင်း အစိုးရနဲ့ ပတ်သက်တဲ့ အပိုင်းရယ်၊ နောက်တစ်ခုကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)နဲ့ ပတ်သက်တဲ့အပိုင်းပါ။
ရန်ကုန်တိုင်း အစိုးရအဖွဲ့နဲ့ ပတ်သက်လို့ ရေးခဲ့၊သားခဲ့၊ ပြောဆိုခဲ့တာတွေကို ဒီလူက မဖတ်ဖူးဘူးထင်ပါ့။ တိုင်းအစိုးရရဲ့ ရန်ကုန်မြို့သစ် စီမံကိန်းကိစ္စတွေ ဖော်ထုတ်ရေးသားတာ၊ လှိုင်သာယာက ကျူးကျော်တွေကို ရိုက်ခိုင်းဖို့အတွက် လူတစ်ယောက်ကို ၅၀၀၀ နဲ့ခေါ်ဖို့ ပြင်ဆင်တဲ့ ရန်ကုန်တိုင်း၊ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူး ကိစ္စ ဖော်ထုတ်လိုက်လို့ အဲဒီလူကို အုပ်ချုပ်ရေးမှူးက ဖြုတ်ပြီး တိုင်းရုံးထဲ ထည့်ထားခဲ့ရတာတွေက မြန်မာ သံတော်ဆင့်ရဲ့ လက်ရာတွေ မဟုတ်ပေဘူးလား။ ရန်ကုန်တိုင်း အုပ်ချုပ်သူတွေရဲ့ ဆန္ဒပြသူတွေအပေါ် လက်ပတ်နီဝတ် လူရမ်းကားတွေသုံးပြီး တိုင်းအာဏာပိုင်တွေက ဖြိုခွင်းခဲ့တာကိုလည်း အချိန်နဲ့ တစ်ပြေးညီ ရေးသားခဲ့တာလည်း မြန်မာသံတော်ဆင့် မဟုတ်ပေဘူးလား။
ဒါတင်လား မဟုတ်သေးပါဘူး။ ပြည်သူတွေရဲ့ သိပိုင်ခွင့်အတွက် သတင်းရေးသားဖို့ မေးမြန်းတဲ့အခါ ““AE ဒေါသထွက်နေတယ် မဖြေနိုင်ဘူး””ဆိုလို့ မဖြေနိုင်တဲ့ အကြောင်းကို ရေးသားလိုက်လို့ ခုံရုံးဖွဲ့ စစ်ဆေးမယ် ဆိုပြီး ခြိမ်းခြောက်ခဲ့တာလည်း ရှိသေးသဗျ။ တိုင်းအဆင့်ကိုထားဗျာ။ ပြည်ထောင်စုအဆင့်ကို တက်ကြည့် ဦးမလား။ မြန်မာသံတော်ဆင့်ပါ သတင်းတွေ မှန်၊ မမှန်ကတော့ ပရိသတ်သိပြီးသားမို့ ထပ်မကွန့်လိုဘူး။ တိုင်းဝန်ကြီးချုပ် အဆင့်ရှိသူကတောင် ““သောကြာနေ့တိုင်း သံတော်ဆင့်ဖတ်ရန်””လို့ မှတ်သား ထားရသလို ““စိတ်ချမ်းသာချင်ရင် သံတော်ဆင့်မဖတ်နဲ့””လို့ အစိုးရနဲ့ လွှတ်တော်တွေမှာတောင် နာမည်ကျော်ခဲ့တာ မဖတ်ဖူးဘူးထင်ပါ့။ သိသိကြီးနဲ့ ရေးတာလို့ မှတ်လိုက်ပါတယ် ကြံ့ခိုင်ရေး ပုဂ္ဂိုလ်ရယ်လို့ပဲ ပြောလိုက်ပါရစေ။
တိုက်တိုက်ဆိုင်ဆိုင်ပဲ မြန်မာသံတော်ဆင့်နဲ့ ပတ်သက်ပြီး ရေးတဲ့သူဟာ ဘယ်သူများလဲလို့ ရှာဖွေလိုက်တော့ ကြံ့ခိုင်ရေးပါတီက ရန်ကုန်အရှေ့ပိုင်းခရိုင် ကော်မတီဝင်နဲ့ သတင်းတာဝန်ခံ ဦးစိုးမင်းသန်း (ပုဇွန်တောင်) ဖြစ်နေပါကော။ ဒီလူကလည်း လူထူးလို့ပဲ ပြောရမယ်။ အဲဒီလူက ပါတီတွင်း ဗဟိုအဆင့် ဆုရခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ်က ပြုလုပ်တဲ့ ပါတီတွင်း သင်တန်းမှာ ပါတီဝင်တွေရဲ့နေအိမ်မှာ ဒေါ်အောင်ဆန်း စုကြည်ပုံ ချိတ်သင့်တယ်ဆိုပြီး ဆော်သြခဲ့တဲ့သူဗျ။ ခက်တာက ပါတီရုံးခန်းတွေမှာ လက်ရှိပါတီဥက္ကဋ္ဌ ဦးသိန်းစိန်ပုံကိုချည်း ချိတ်ဆွဲထားတာဆိုတော့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်များ ရှေ့တစ်ကွက် ကြိုမြင်ပြီး အကြံပေးခဲ့လေ သလားတော့မသိ။ ဒေါ်အောင်ဆန်းစုကြည်ပုံ မသုံးဘဲ သူမရဲ့ဖခင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဓာတ်ပုံတွေသုံးပြီး စည်းရုံးမှုတွေ လုပ်လာတယ် မဟုတ်ပါလား။ ဒီလူကို ထားချေဦးတော့။
ဒါ့ထက် ထူးတာက သူရေးထားတဲ့အထဲမှာပါတဲ့ ““NLD ရွေးကောက်ပွဲအောင်နိုင်ရေး ကူညီဆောင်ရွက်ပေးမည့် သတင်းဂျာနယ်””ဆိုတဲ့အပိုင်းပါ။ အဲဒီအပိုင်းက မြန်မာသံတော်ဆင့်အတွဲ(၄)၊ အမှတ်(၁၀)မှာပါတဲ့ ““၂၀၁၅ ရွေးကောက်ပွဲ NLD အောင်နိုင်ရေး ကူညီပေးရန် မြန်မာသံတော်ဆင့်သို့ ဒေါ်အောင်ဆန်းစုကြည် အတိအလင်း ပြောကြား””ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ပြောလိုက်တယ်ထင်ပါ့။
အဲဒီသတင်းမှာ ““NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်လုပ်ပေး။ ဒါပဲ။ တခြားဟာတွေ မထည့်နေတော့ဘူး။ NLD ရွေးကောက်ပွဲ နိုင်အောင်သာ ကူညီပါ။ ခပ်တိုတိုပြောရင် နိုင်မှဖြစ်မယ်။ ဒီစနစ်ကို ပြောင်းဖို့အတွက် စနစ်ပြောင်းနိုင်မှ အောင်နိုင်ရမယ်။ ရှုံးတဲ့သူတွေကိုလည်း အနိုင်ကျင့်လို့ ဘာလို့မဟုတ်ပါဘူး။ အမျိုးသား ရင်ကြားစေ့ရေးအတွက် သွားမှာပဲ။ NLD သွားနိုင်ဖို့ အင်အားကိုလိုတယ်။ ကိုယ်လိုချင်တဲ့ပုံစံနဲ့ တကယ့် အမျိုးသားရင်ကြားစေ့ရေး လုပ်ဖို့ဆိုရင် တကယ်တော့ တော်တော်များများ ကိုယ့်ဘက်ပဲ ယက် ချင်တာ။ ကိုယ့်ဘက်ကလည်း ဒီအတိုင်းပဲ။ ဟိုဘက်ကလည်း ဒီအတိုင်းပဲ။ ကျွန်မက ဒါမျိုးမလိုချင်ဘူး။ ဒီလိုမျိုး ဆိုရင် ရေရှည်မှာ နိုင်ငံတော်အတွက် အကျိုးမရှိဘူး။ ကိုယ်လိုချင်တဲ့ပုံစံဖြစ်အောင် ဒီရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား နိုင်ဖို့လိုတယ်။ ပြီးတော့မှ လုပ်လို့ရမယ်””လို့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ သံတော်ဆင့် တာဝန်ရှိသူတွေကို ပြောကြားခဲ့တာကို ဖော်ပြထားတာပါ။ ဒီသတင်းကို ဖတ်ပြီးများ မြန်မာသံတော် ဆင့်က NLD ပါတီအတွက် မဲဆွယ်ပေးမယ့် သတင်းဂျာနယ်လို့ ပြောလိုက်လေလားမသိ။
ဘာကြောင့်များ တိုင်းအစိုးရနဲ့ ပတ်သက်နေသလားဆိုပြီး ရေးထားပြီးခါမှ NLD ပါတီအတွက် မဲဆွယ်ပေးမယ့် သတင်းဂျာနယ်လို့ ရေးသားတယ် ဆိုတာတော့ မပြောတတ်ဘူး။ သူရေးတဲ့ပုံစံကြည့်ရင် လက်ရှိ တိုင်းအစိုးရ အဖွဲ့ကပဲ NLD ပါတီကလိုမျိုး သဘော သက်ရောက်ကုန်တော့ အတိတ်နိမိတ်နဲ့ကြည့်ရင် နောင်လာမယ့် ရွေးကောက်ပွဲမှာ NLD ကများ ရန်ကုန်တိုင်း အစိုးရအဖွဲ့ တစ်ခုလုံးမှာ နေရာယူနိုင်မယ့် အတိတ်နိမိတ် လို့တောင် ဆိုလိုက်ချင်တယ်။
ဒါတင်လား မဟုတ်ပါဘူး။ အဲဒီကြံ့ခိုင်ရေး သတင်းတာဝန်ခံကြီး ရေးထားတဲ့အောက်မှာ လာပြီးတော့ ကွန်းမန့် ပေးထားတာကလည်းအစုံ။ ““ကျော်သူရ””ဆိုတဲ့နာမည်နဲ့သူက““ဖုန်းဆက်လည်း မကိုင်ပါ၊ ကြောက် လို့ဖြစ်မယ်”” လို့ ရေးသားထားပြန်ပါတယ်။ အဲဒီကျော်သူရ ဆိုတဲ့သူကလည်း လက်ရှိ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းရဲ့ အနီးကပ်တပည့်ရင်း တစ်ဦးဖြစ်ပြီး အရင်မီးရထား ၀န်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (ငြိမ်း)နဲ့ ကြံ့ခိုင်ရေးပါတီဌာနချုပ် ပြည်သူ့ဆက်ဆံရေးဌာနမှူးပါ။ အဲဒီလူဟာ မတ်လ ၁၀ ရက်တုန်းက ပဲခူးတိုင်း၊ လက်ပံတန်းမြို့က အမျိုးသားပညာရေး ဥပဒေကြမ်း ပြင်ဆင်ပေးဖို့ ဆန္ဒဖော်ထုတ် ဖြိုခွဲခံရတဲ့ ကျောင်းသားသပိတ်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ -(ဗကပ)ရဲ့လက်ချက်လို့ ရေးသားခဲ့ဖူးသလို သပိတ်မှောက် ကျောင်းသား အမည်ခံ နိုင်ငံရေး သမားများ လိုရာသုံးဖို့ ၁၀ သိန်း NLD ပံ့ပိုး””စသဖြင့် လူမှုကွန်ရက် ဖေ့စ်ဘုတ် ပေါ်မှာ အမျိုးမျိုး မဟုတ် မဟတ် ရေးသားခဲ့ဖူးသူတစ်ဦးပါ။ အခုလည်း ““ဖုန်းဆက်လည်းမကိုင်ပါ၊ ကြောက်လို့ ဖြစ်မယ်”” ဆိုတော့ ကြံ့ခိုင်ရေး သတင်းတာဝန်ခံကြီး ရေးထားတာနဲ့ ပတ်သက်လို့ တကယ်ပဲ ဖုန်းဆက် ခဲ့လေသလားကွယ်လို့ မေးရမလိုဖြစ်နေပါပြီ။
ဒီနေရာမှာ သံတော်ဆင့်ရဲ့ မူဝါဒကိုတော့ ပြောလိုက်ချင်ပါရဲ့။ ““မြန်မာသံတော်ဆင့်သည် ပါတီသံယောဇဉ်မရှိ၊ အမျိုးသား အကျိုးကိုသာ ရှေးရှုသည်။ တိုင်းပြည် အကြိုက် မရေး၊ တိုင်းပြည်အကျိုးကိုသာ ရေးသည်။ ပုဂ္ဂလ ဓိဋ္ဌာန်မဖက်၊ ဓမ္မဓိဋ္ဌာန် သက်သက်သာ ရေးသား။ သိတိုင်းမှန်တိုင်း ပြောသင့်မှပြော၊ ရေးသင့်မှ ရေးသည်”” တဲ့။ ဒီဆောင်ပုဒ်ကို ကြည့်မယ်ဆိုရင် မြန်မာသံတော်ဆင့်ရဲ့ မူဝါဒပြတ်သားပုံကို မြင်နိုင်မယ်ထင်ပါ့။ ဒီလိုမူဝါဒ ပြတ် သားစွာ ရေးခဲ့လို့လည်း ရဟန်းပညာရှိ၊ လူပညာရှိတွေက မြန်မာသံတော်ဆင့်မှာပါမှ မှန်တာလို့ ပြောခဲ့ ကြရ၊ ဆိုခဲ့ကြရတာ မဟုတ်သလား။ မူဝါဒ ပြတ်သားစွာနဲ့ စာနယ်ဇင်းကျင့်ဝတ်နဲ့အညီ ရေးသား ဖော်ပြချက် တွေဟာ လက်ရှိ အာဏာရ ကြံ့ခိုင်ရေးပါတီအတွက် မျက်မုန်းကျိုးစရာများ ဖြစ်နေသလားတော့မသိ။ ဒီတော့ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဆော်သာဆော်ဆိုတဲ့ သဘောနဲ့များ လူမှုကွန်ရက်ပေါ်ကနေတစ်ဆင့် သွားပုပ် လေလွင့် ပြော လိုက်လေ သလားလို့ အတွေးပေါက်မိတယ်။
မဆီလေးရယ်မှမဆိုင် မြန်မာသံတော်ဆင့်ကို စစ်သားလူဝတ်လဲ ကြံ့ခိုင်ရေး အများစု အုပ်စိုးထားတဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့နဲ့ နီးစပ်သယောင်ယောင် ရေးပြပြီး ၂၀၁၅ မှာ NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ကူညီဆောင် ရွက်ပေးမည့် သတင်းဂျာနယ်လို့ ဖော်ပြထားတော့ ဘယ်အကွက်တွေ ရွှေ့ချင်လို့များ ရေးလိုက် တာလဲလို့ပဲ မေးလိုက် ချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မြန်မာသံတော်ဆင့်ကို ပြောကြား တာ ကို ဖတ်ပြီး မိုးပြိုမှာကြောက်တဲ့ ကောင်းကင်ကို ခြေစုံကန်အိပ်ရတဲ့ တစ်တီတူးငှက်လို မဖြစ်ဖို့အတွက် ကြံ့ခိုင်ရေး သတင်းတာဝန်ခံကြီး ဒီဆောင်းပါးကိုဖတ်ပြီး မြန်မာ့သံတော်ဆင့်ထုံးကို နှလုံးမူနိုင်ပါစေလို့ ။ ။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment