~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရွေးကောက်ပွဲ ကျင်းပတော့မည့် ၅ လတာ ကာလအတွင်း ရွေးကောက်ပွဲနှင့် ပတ်သက်သော အမြင် အမျိုးမျိုးကို သတင်းစာ၊ ဂျာနယ်များတွင် ရေး သားနေကြသည်။ ပြည်ခိုင်ဖြိုးပါတီနှင့် ပတ်သက်သော ဝေဖန် သုံးသပ်ချက်များကိုလည်း ကြားလာရပါသည်။ လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ကြား ပါတီတွင်းနေရာ လုပွဲ၊ ခေါင်းဆောင်မှုလုပွဲများ ဖြစ်နေသလား။ ပါတီတွင်း အကွဲအပြဲများ ဖြစ်နေသလားဟု ထင်ကြေးပေးကြသည်။ ယခင်ကတည်းက လွှတ်တော်ဥက္ကဋ္ဌနှင့် သမ္မတကြား မကြည်လင် မှုများကို ကြားခဲ့ရသည်မှာ ကြာခဲ့လေပြီ။ ဦးရွှေမန်းက သမ္မတ ဖြစ်ချင်သည်ဟု ပြောခဲ့သည်။ သမ္မတ ဦးသိန်းစိန်မှာ ပထမက ယခုသမ္မတ သက်တမ်းပြီးပါက အနားယူမည်ဟု ပြောခဲ့သော် လည်း နောက်ပြည်သူက ထောက်ခံလျှင် သမ္မတအဖြစ် ၀င်အရွေးခံမည်ဟု ဆိုပြန်သည်။ သမ္မတအကြံပေး ဦးနေဇင်လတ်က ပါတီ ထောင်ကာ အမတ်နေရာ ၄၀၀ အထိပင်
ဝင်ယှဉ်မည်ဟု သတင်းကြားရသည်။ ယခင် စစ်ကောင်စီဟောင်း ဗိုလ်ချုပ်ထွန်းကြည်ပင် ပါဝင်မည်ဟု သတင်းများထွက်လာ၏။ နာယက လုပ်မည်ဆိုသော ဦးနေဇင်လတ်က လူဟောင်းများမပါ၊ လူသစ်များဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ တပ်မတော် အရာရှိများလည်း ပါကြောင်းဆိုသည်။ ထိုအမျိုးသားပါတီ ထွက်ပေါ်လာကတည်းက ပြည်ခိုင်ဖြိုးပါတီအတွင်း အကွဲအပြဲရှိနေပြီဟု သုံးသပ် ကြလေသည်။
တစ်နေ့က ဂျာနယ်တစ်စောင်က ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မိမိ၏အမြင်နှင့် သဘောထားကို မေးလာ ပါသည်။ ၂၀၁၅ ရွေးကောက်ပွဲ၌ ပါတီများသည် မည်သူကို သမ္မတတင်မည်၊ မည်သူကို ၀န်ကြီးများအဖြစ် လျာထားသည် ဆိုသည်ကို ကြေညာခြင်း မရှိသည်မှာ ဘာကြောင့်လဲ ဟု မေး၏။ ယခုကာလတွင် မှတ်ပုံတင်ထားသော ပါတီများမှာ အနည်းဆုံး ၃ နေရာတော့ ၀င်ပြိုင်ကြမည် ဖြစ်ပါသည်။ ငွေအင်အား၊ လူအင်အား တောင့်တင်းသော ပါတီကြီးများဖြစ်သည့် ပြည်ခိုင်ဖြိုး၊ တစညနှင့် NLD တို့မှာ ရွေးကောက်ပွဲ မဲဆန္ဒနယ် အားလုံး၌ ၀င်ရောက်ယှဉ်ပြိုင် ဖို့ရှိသည်။ အထူးသဖြင့် ပါတီကြီး ၂ ခုမှာ တိုင်းရင်းသား ပြည်နယ် များ၌ပင် ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရှိလေသည်။ လွှတ်တော် အမတ်လောင်းများ အာမခံကြေး တင်ရသည်ကအစ စာရွက်စာတမ်းဖိုးပင် နည်းမည်မထင်ပေ။ မဲရုံတိုင်းတွင် ကိုယ်စားလှယ်လောင်းများ ထားရပေမည်။ မဲဆွယ်ဖို့ ပိုစတာများ၊ သင်ပုန်းများ စသည်တို့မှာလည်း နည်းမည်မဟုတ်။ အကုန်အကျ ခံနိုင်သော အမတ်လောင်းများ အဖို့ အပို့အကြိုလုပ်ခြင်း၊ လက်ဖက်ရည်တိုက်ခြင်း စသည်ဖြင့် လူထုကို စည်းရုံးကြပေမည်။ ၂၀၁၅ ရွေးကောက် ပွဲတွင် ပါတီများက သမ္မတလောင်းများကို ဦးစားပေး စန်းမတင်ဘဲ နေကြပါသလဲဟုလည်း မေးလာ၏။ မိမိကလည်း ယခုပြန်လည် ပြုလုပ်သော ပါတီစုံ ရွေးကောက်ပွဲ၌ လူပုဂ္ဂိုလ်ကို သမ္မတလောင်း အဖြစ် မကြေညာဘဲ ပါတီဝင်အဖြစ်သာ ကြေညာပြီး ယှဉ်ပြိုင်လာခြင်းမှာ အမေရိကန် ရွေးကောက်ပွဲလို မဟုတ်သောကြောင့်ဖြစ်သည်။ အမေရိကန် ရွေးကောက်ပွဲတွင် လူထုကသမ္မတကို ရွေးချယ်ပြီး ထိုသမ္မတက အစိုးရအဖွဲ့ဖွဲ့ဖို့ ရွေးချယ်လေသည်။ မြန်မာနိုင်ငံတွင်မူ လွှတ်တော်အမတ်များကို ရွေးကာ ထိုအရွေးခံရသော လွှတ်တော် အမတ်များက သမ္မတကို ရွေးချယ်တင်မြှောက်၏။ ပါတီများက အရေးပါလေသည်။ ငွေရှင် ကြေးရှင်များ နောက်ခံရှိသော အပြောကောင်း၊ ဟိတ်ဟန်ကောင်းသူမှာ သမ္မတ ဖြစ်နိုင်လေသည်။ ရှေ့အုပ်ချုပ် သွားသော သမ္မတ၏ ညံ့ဖျင်းမှုကြောင့်လည်း သမ္မတ အပြောင်းအလဲကို ရွေးချယ် တတ်ကြသည်။ အကြမ်းဖက် တိုက်ဖျက်မှုကို ဟစ်ကြွေးခဲ့၍ သမ္မတ ဂျော့ဒဗလျူဘုရှ် အပြတ်အသတ် အနိုင်ရခဲ့သလို စစ်နယ်ကျွံနေသော အီရတ်နှင့် အာဖဂန်မှ အမေရိကန်တပ်များကို ဇောင်းတင်ခဲ့သော ဒီမိုကရက်တစ်ပါတီမှ သမ္မတ အိုဘားမားမှာလည်း အနိုင်ရခဲ့လေသည်။ ယခု ၂၀၁၅ ရွေးကောက်ပွဲတွင် NLD မှ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သော် လည်း ပြည်ခိုင်ဖြိုးမှ သမ္မတလောင်းကိုမူ လူထုက စိတ်ဝင်စားမှုနည်း၏။ ကန့်သတ်သော ဥပဒေများ မရှိလျှင် ဒေါ်အောင်ဆန်းစုကြည်မှာ အပြတ်အသတ်ပင် သမ္မတ ဖြစ်လာနိုင်သည်။ စစ်အာဏာရှင်များသည် ၂၀၀၃ ညောင်နှစ်ပင် ညီလာခံ ကျင်းပကတည်းက ၂၀၀၈ ဖွဲ့စည်းပုံကို ရေပက်မ၀င်အောင် စစ်အာဏာရှင် များအတွက် ရေးဆွဲခဲ့သလို ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ဖို့အတွက် ထိုရေးဆွဲသော ဖွဲ့စည်းပုံထဲတွင် ကန့်သတ်ထားသဖြင့် ဒေါ်အောင်ဆန်း စုကြည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ မပြင်သရွေ့ မြန်မာနိုင်ငံတွင် မည်သို့မျှ သမ္မတ မဖြစ်နိုင်တော့ပေ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လွှတ်တော်ထဲတွင်သာ ကြိုးစားမည်။ တခြားနည်းလမ်းကို လက်မခံ။ အထူးသဖြင့် လူထုတိုက်ပွဲများမှာ အစိုးရနှင့် ထိပ်တိုက်တွေ့ခြင်း ဖြစ်သည်ဆိုသော ဒီမိုကရေစီကို အခြေမခံသည့် သဘောထားများ ဖြစ်လေ သည်။ စစ်တပ်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်မပေး။ လူထုနည်းဖြင့် ပြင်မည်ဆိုသော် လည်း ဒေါ်အောင်ဆန်း စုကြည်၏ သဘောထားနှင့် လားလားမျှ မကိုက်ညီတော့ပေ။ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ဖို့ ဗကသ၊ တကသများက ချီတက်ဆန္ဒပြကြသည်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လက်မခံ၊ ဆန့်ကျင်သည့် အပြုအမူ အရိပ်အယောင်များပင် မြင်နေရလေသည်။ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကျောင်းသား များပင်လျှင် ကျောင်းသား ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြ တိုက်ပွဲဝင်ခြင်းကိုပင် အကြမ်းဖက် တိုက်ပွဲလိုလို သဘောထား လာကြသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံမှာ လွှတ်တော်က မပြင်ပေးလျှင် မပြင်နိုင်တော့ပေ။ ထို့ကြောင့် ဒီမိုကရေစီသည် လိုက်လေဝေးလေ ဖြစ်နေပါတော့သည်။
၂၀၁၅ ရွေးကောက်ပွဲမှာ လူပုဂ္ဂိုလ်များကို အခြေခံသော ရွေးကောက်ပွဲ မဖြစ်နိုင်တော့ပေ။ ဒေါ်အောင်ဆန်း စုကြည်သာ သမ္မတ အရွေးခံခွင့်ရှိလျှင် NLD မှာ ဒေါ်အောင်ဆန်းစုကြည် မျက်နှာဖြင့် အနိုင်ရရှိနိုင်လေသည်။ ယခု ၂၀၁၅ ရွေးကောက်ပွဲတွင် ပြိုင်ရမည်မှာ စနစ်ဖြစ်၏။ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရန်ဖြစ်သည်။ စစ်အာဏာရှင်များကို ကိုယ်စားပြုသော ပြည်ခိုင်ဖြိုးလို ပါတီမျိုးကို မဲပေးစရာ အကြောင်းမရှိပေ။ တစ်ချိန်တည်းတွင် လက်ရှိစစ်ဗိုလ်ချုပ် တစ်ဒါဇင်နီးပါးက တပ်မှထွက်ပြီး ရွေးကောက်ပွဲဝင် မည်ဟု ကြေညာသွား၏။ တပ်ချုပ်ကိုယ်တိုင်ပင် ပါဝင်နိုင်ပါသည်။ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကမူ ၀င်ပြိုင်မည်ဟု ကြေညာ သွားသောကြောင့် သူတို့သည် ဦးစီးချုပ် ရွေးချယ်မည့် တစ်မတ်သားထဲ မပါတော့ဘဲ လူထု ရွေးချယ်မည့် သုံးမတ်သားထဲ ပါဝင်သွားတော့သည်။ ထိုသို့ ၀င်ပြိုင်လျှင်လည်း ပြည်ခိုင်ဖြိုးပါတီမှာ စစ်တပ်ပါတီအဖြစ် လူထုမည်မျှ ထောက်ခံမည်ကို လာမည့် ၅ လတွင် သိရှိရပေမည်။ လွန်ခဲ့သော ရာစုနှစ် တစ်ဝက်ကျော်က ပါလီမန် ရွေးကောက်ပွဲများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ချိတ်ဆွဲသော ဖဆပလကို မဲပေးကြ လေသည်။ နောက် ဦးနု၊ ဦးဗဆွေ၊ သခင်ကျော်ဒွန်းစသော ပုဂ္ဂိုလ်ကြီးများ၏ ကျော်ကြားမှုများဖြင့်လည်း မဲပြိုင်ကြသည်။ ဦးနုသည် သူရွေးသောအရောင်၊ သူ့ပုံနှင့်ပင် တည်မြဲဖဆပလကို ယှဉ်ပြိုင်သည်။ လူထုက ပုဂ္ဂိုလ်ကို အခြေပြုပြီးဦးနုကို မဲထည့်ခဲ့ကြပါသည်။ ဤသည်မှာ တည်မြဲဖဆပလအပေါ် မုန်းတီးမှုကြောင့် ဦးနု၏ သန့်ရှင်း ဖဆပလမှာ ၀က်ဝက်ကွဲ နိုင်သွားခြင်းဖြစ်သည်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ တွင်လည်း ထိုအခြေအနေနှင့် ဆင်တူပါသည်။ NLD ကို ဒီမိုကရေစီ အရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားမည့် ပါတီဟု ယူဆကာ မဲထည့်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ၂ နှစ်ကျော်၊ ၃ နှစ်ခန့် ပေါင်းကြည့်သောအခါ NLD သည် အားမှ အားကိုးရပါ့မလားဟု သံသယဖြစ်စရာများနှင့် ကြုံလာလေသည်။
၂၀၁၂ ခုနှစ်က ရွေးကောက်ပွဲကို အသိအမှတ်ပြုပြီး ၂၀၀၈ ဖွဲ့စည်းပုံကို နာခံကာ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ကျင့်သုံး၍ ရွေးကောက်ပွဲထဲ ၀င်လာသော NLD သည် ယခုဒုတိယအကြိမ် ရွေးကောက်ပွဲ ရောက်သည်အထိ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ထိထိရောက်ရောက် ဘာမျှမလုပ်နိုင်ခဲ့ပေ။ လူထုတိုက်ပွဲများကိုလည်း ထောက်ခံခြင်း၊ အားပေးခြင်း၊ ရပ်တည်ခြင်း ဘာမှမရှိခဲ့။ လက်ပံတောင်းတောင်လို ကိစ္စမျိုးတွင် ဒေသခံများ၏ ဆန့်ကျင်မှုကိုပင် ခံခဲ့ရသည်။ အထူးသဖြင့် အစိုးရ၊ စစ်တပ်တို့နှင့် ထိပ်တိုက်မတွေ့။ သူတို့၏ ငြိုငြင်မှုကိုမခံ ယူလိုပေ။ ထို့ကြောင့် NLD အပေါ် လူထုသည် ယခင်ကလောက် အားကိုးတကြီး မရှိကြတော့ပေ။ သို့သော် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူကဒီမိုကရေစီ ဘက်တော်သားများအဖြစ် လက်ခံထားဆဲ ဖြစ်သည်။ ၈၈ မျိုးဆက်ကိုလည်း ဒီမိုကရေစီ ဘက်တော်သားများအဖြစ် သတ်မှတ်ထားဆဲဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းမှာ စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေသည့် အခင်းအကျင်း ဖြစ်ပါသည်။ ကျားကုတ်ကျားခဲ အနိုင်ရအောင် တိုက်နေသည့် အခြေ အနေ မဟုတ်သည့်တိုင် သူနိုင်ကိုယ်နိုင် အပြိုင်ကြဲနေချိန်ဖြစ်သည်။ ထိုအခြေအနေတွင် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်သည် ကျားကုတ်ကျားခဲ နည်းပေါင်းစုံဖြင့် တိုက်ခိုက်မည်ဟု ဆုံးဖြတ်ချက်မရှိပေ။ စစ်အာဏာရှင် ဘက်တော်သားများနှင့် ညှိနှိုင်းမှုများ လုပ်မည်။ ထိပ်တိုက် ရင်မဆိုင်ရေးနှင့် လမ်းပေါ်တွင် လူထုတိုက်ပွဲဆင်နွှဲရေးကို ဆန့်ကျင်မည်။ ထိုသို့တိုက်ရင်း မည်မျှကြာသည်ဖြစ်စေ စိတ်ရှည်လက်ရှည် သည်းခံကာ ဒီမိုကရေစီရအောင် ကြိုးပမ်းမည်ဟု ဆုံးဖြတ်ထားပုံ ရသည်အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများမှာမူ ရာစုနှစ်တစ်ဝက်ကျော် သည်းခံခဲ့ရကာ အသက် သွေးချွေးများ စတေးခဲ့ရသောကြောင့် နည်းလမ်းပေါင်းစုံနှင့် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါသည်။ ထိုသို့ ဒီမိုကရေစီ တိုက်ပွဲကို ခေါင်းဆောင်မည့်ပါတီ၊ ခေါင်းဆောင်ကိုသာ လိုချင်ကြသည်။ အလေးထားကြပါသည်။ ယခုအထိ ပြည်သူက NLD ပါတီကို ဒီမိုကရေစီဘက်မှရပ်သော ပါတီအဖြစ် သတ်မှတ်ထားဆဲဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒီမိုကရေစီခေါင်းဆောင်အဖြစ် လူထုက သတ်မှတ်ထားဆဲ ဖြစ်၏။ သို့သော် ယခင်လောက် ဒီမိုကရေစီအတွက် မည်သည့်နည်းလမ်းနှင့်မဆို ရအောင်တိုက်ပွဲဝင်မည့် ဒီမိုကရေစီ ခေါင်းဆောင်အဖြစ် ပုံအောနိုင်စွမ်း ပြည်သူလူထုတွင် မရှိတော့ပေ။ အလုပ်သမား တိုက်ပွဲများ၊ သပိတ်မှောက် ဆန္ဒပြပွဲများအပေါ် NLD ၏ ရပ်တည်ချက်မှာ အလုပ်သမားများ လက်ခံနိုင်သော အချက်မဟုတ်သလို လယ်သမားများ မြေသိမ်းခံရမှုတွင်လည်း ပြတ်သားသော သဘောထားမပေးသဖြင့် NLD အပေါ် ယခင်ကလို ပုံအော၍ ယုံကြည်နိုင်စွမ်း မရှိတော့။ ကျောင်းသားသမဂ္ဂများနှင့် ကျောင်းသားများမှာမူ ပို၍ပင် စိတ်ကုန် သွားလေသည်။ လက်ပံတန်းကိစ္စတွင် ကျောင်းသား များအပေါ် ရပ်တည်ချက်မှာ ကျောင်းသားများကို ဒဏ်ရာ ရသွားစေသည်။ မည်သို့ပင်ဖြစ်စေ၂၀၁၅ ရွေးကောက်ပွဲမှာ စစ်အာဏာရှင်တို့နှင့် သူနိုင်ကိုယ်နိုင် တိုက်ရမည့်ပွဲ ဖြစ်သည်။ NLD အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် အရွေးခံခွင့်ရလျှင် အရေးကြီးသော်လည်း ပြည်ခိုင်ဖြိုးအတွက်မူ မည်သူပင် သမ္မတအဖြစ် အရွေးခံခံလူထုက စိတ်ဝင်စားမှုမရှိပေ။ ပြည်သူက ၂၀၀၈ ဖွဲ့စည်းပုံကို ရသည့်နည်းဖြင့် ပြင်ဆင်မည်ဆိုလျှင် ထိုပုဂ္ဂိုလ်၊ ထိုအဖွဲ့အစည်းကို မဲပေးမည်ဖြစ်ပါသည်။ အရှင်းဆုံး ပြောရလျှင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်မည့် မဲပုံးနှင့် မပြင်ဆင်သည့်မဲပုံး ထောင်ထားပါက ပြင်ဆင် သည့်မဲပုံးမှာ လျှံကျသွားပေမည်။ ထိုသို့ အနေအထားတွင် လွန်ခဲ့သော ၂၆နှစ်က ပုံစံမျိုး၊ လွန်ခဲ့သော ၃-၄ နှစ်က ပုံစံမျိုးအတိုင်း မိမိတို့သာ သပိတ်ဝင်အိတ်ဝင် အနိုင်ရမည်ဟု ထင်ထားလျှင် နှာခေါင်းကျည်ပွေ့ တွေ့ သွားနိုင်သောကြောင့် ပြည်သူကိုစည်းရုံးဖို့၊ ပြည်သူ၏ဆန္ဒအတိုင်း ရပ်တည်ဖို့ လိုအပ်ပါသည်။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment