Sunday, June 21, 2015

နိုင်ငံရေးအာဏာဆိုတာ သေနတ်ပြောင်းဝက ထွက်တယ်ဆိုတာဟုတ်သလား – အောင်သာ(ပီသုံးလုံး)

 စော၊ သန်း၊ စိန် စစ်အုပ်စုရဲ့ ကာလ ၃ ပါးလုံးအတွက် ကိုင်ထားတဲ့ ပေါ်လစီက (၁)အခြေခံအားဖြင့် အပြုတ် တိုက်ရေးပါပဲ။ (၂) လက်နက် အပ်၊ တပ်ဖျက်၊ ဥပဒေတွင်းဝင် အာဏာပိုင်များနဲ့ပေါင်း သူဌေးဖြစ်အောင်လုပ် ဆိုတဲ့ ပေါ်လစီပါပဲ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာနိုင်ငံ လွတ်လပ်ရေးပြန်ရဖို့၊ အမျိုးသား အချုပ်အခြာအာဏာပြန်ရဖို့ ကြိုးပမ်းရတဲ့သမိုင်းဟာ ကာလအား ဖြင့် ၄၂နှစ် ကြာပါတယ်။ ဒီလွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှာ မြန်မာ့ခေတ်ပညာတတ်များဟာ အရေးပါတဲ့ အဆင့်နေရာက ပါခဲ့ကြတာချည်းပါပဲ။ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ကြဆိုတဲ့ ၀ံသာနုအရေးတော် ပုံကို၊ အင်္ဂလိပ်စာတတ် မြေရှင်အရင်းရှင် သားသမီးများက စတင်စုစည်း စည်းရုံးလှုပ်ရှားခဲ့ကြတာပါ။ ၁၉၂၀ ဒီဇင်ဘာ မှာ ပေါ်ထွက်လာတဲ့ ၁၉၂၀ ပထမ ရန်ကုန်တက္ကသိုလ်ကျောင်းသား လှုပ်ရှားမှုကြီးနဲ့ ပေါင်းစည်းမိကြပြီး ဂျီစီဘီအေ အမျိုးသား တပ်ပေါင်းစုကြီးကို စုစည်းမိခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ် အက်ဥပဒေဖျက်သိမ်းရေး၊ လှုပ်ရှားမှု ကြီးကြောင့် အမျိုးသား ပညာရေး၊ အမျိုးသားကျောင်းထူထောင် ရေး လှုပ်ရှားမှုကြီး ဖြစ်ပေါ်လာခဲ့တယ်။
ဆရာကြီးသခင် ကိုယ်တော်မှိုင်းဟာ အမျိုးသားကျောင်းထူထောင်ရေး အင်အားစုကြီးရဲ့ အကြီးအအုပ် ဖြစ်လာခဲ့ပါ တယ်။…

ဂျီစီဘီအေလှုပ်ရှားမှုကြီးနဲ့ အမျိုးသား ကျောင်းထူထောင်ရေးလှုပ်ရှားမှုကြီး ကျယ် ပြန့်လာတဲ့အခါ အင်္ဂလိပ် နယ်ချဲ့အစိုးရက ဒိုင်အာခီ အုပ်ချုပ်ရေး(၁၉၂၃)နဲ့ ထိုးနှက်ဖြိုခွဲလာတဲ့အခါ တူ၊ သာ၊ သင်း လူရာမသွင်းလို့ စာချိုး ရှုတ်ချခံရတဲ့ ၂၁ ဦးဂိုဏ်းသားများ ၀ံသာနုဒိုင်အာခီအုပ်ချုပ်ရေးထဲ ၀င်သွားခဲ့ကြပါတယ်။ ဆရာစံသူပုန်ကြီး၊ တို့ ဗမာအစည်းအရုံးကြီးရဲ့ သခင်လှုပ်ရှားမှုနဲ့ ဒုတိယကျောင်းသား သပိတ်ကြီးများ ပေါင်းစည်းမိပြီး ဒုတိယနယ်ချဲ့ ဆန့်ကျင်ရေး လှိုင်းကြီး ဖြစ်ပေါ်လာခဲ့တယ်။ သခင်လှုပ်ရှားလှိုင်းကြီးဟာ ပြတ်သားတဲ့ နယ်ချဲ့ဆန့်ကျင် ရေးမျိုး ဆက်တစ်ဆက် ဖြစ်ထွန်းလာစေခဲ့ပါတယ်။ သခင်လှုပ်ရှားမှုဟာ ၁၉၃၇ နိုဝင်ဘာ ပထမပတ်ထဲမှာ စတင်ခဲ့တဲ့ နဂါးနီ စာအုပ်အသင်းရဲ့ မာ့က်စ်ဝါဒဖြန့်ချိရေးလှုပ်ရှားမှုနဲ့ ချိတ်ဆက်မိကြပါတယ်။ နဂါးနီစာ အုပ်အသင်းကို သခင်နု၊ သခင်ဗဟိန်း၊ သခင်ချစ်၊ သခင်စိုး၊ သခင်ထွန်းရွှေ၊ သခင် သန်းထွန်းတို့ထူထောင်ခဲ့ကြတာပါ။

ဒီစာ အုပ်အသင်းက မာ့က်စ်ဝါဒကျမ်းရင်းများ အဖွင့်ကျမ်းများ တော်လှန်ရေး သမိုင်းများ၊ တော် လှန်ရေး ခေါင်း ဆောင်များရဲ့ အတ္ထုပ္ပတ်္တိများ ဖြန့်ချိခဲ့ကြတယ်။ ၁ နှစ်နဲ့ ၇လ ကြာတဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံကြီး ဟာ ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်ကျဆုံး(၂၀/၂၂-၁၂၊၁၉၃၈)တဲ့ တတိယ ကျောင်းသားသပိတ်ကြီး တို့ ပေါင်းစည်းပြီး ဖြစ်ထွန်းလာတဲ့ တတိယနယ်ချဲ့ ဆန့်ကျင်ရေး (Mass Upsurge) လူထုအုံကြွမှုကြီးဖြစ်တယ်။ ဖဆပလအဖွဲ့ချုပ်နဲ့ ဂျပန်တော်လှန်ရေးစစ်ပြီးခေတ် လွတ်လပ်ရေးတိုက်ပွဲစတဲ့ သံကြိုးကွင်းဆက်လို တစ်ဆင့် ပြီး တစ်ဆင့်ဖြစ်ထွန်းလာတဲ့ မြန်မာ့လွတ်လပ် ရေးတိုက်ပွဲဖြစ်စဉ်များရဲ့ နှောင်းပိုင်းကာလများအတွင်းမှာ ဖဆပ လအဖွဲ့ချုပ်လက်ယာ ဂိုဏ်းဟာ၊ ဗြိတိသျှနယ်ချဲ့သမားများ ကျေနပ်စေဖို့ ဗမာပြည်လွတ်လပ်ရေးတိုက် ပွဲရဲ့ နှောင်းပိုင်းကာလများမှာ လွတ်လပ်ရေးတိုက်ပွဲရဲ့ နှောင်းပိုင်း ကာလများမှာ လွတ်လပ်ရေးတိုက်ပွဲ မဏ္ဍိုင် အင်အားစုတစ်စု ဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို ၁၉၄၆ အောက်တိုဘာ ၁၁ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း အမိန်နဲ့ ဗကပကို ဖဆပလမှ ထုတ်ပစ်ခဲ့ပါတယ်။

ဒီအပြုအမူရဲ့အထောက်အပံ့နဲ့ ၁၉၄၈၊ မတ်လ ၂၈ ရက်နေ့၊ ညသန်းခေါင်အချိန် “၀” (သုညနာရီ)မှာ ဌာန ချုပ်နဲ့ အနယ်နယ်မှ ဗကပ မြို့နယ်၊ ခရိုင်၊ တိုင်းရုံးများကို ချေမှုန်း တိုက်ခိုက်ဖို့ ၀န်ကြီး ချုပ်သခင်နုက အမိန့်ပေးခဲ့ တယ်ဆိုပါတယ်။ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ပတ်သက်ရင် ဗမာ ပြည်အာဏာရဖဆပလ၊ သခင်နု၊ မဆလပါတီ ဥက္ကဋ္ဌနဲ့ ကကချုပ်ဗိုလ်ချုပ်ကြီး နေ၀င်းနဲ့ လက်ရှိ စော၊ သန်း၊ စိန် စစ်အုပ်စုရဲ့ ကာလ ၃ပါးလုံးအတွက် ကိုင်ထား တဲ့ ပေါ်လစီက (၁) အခြေခံအားဖြင့် အပြုတ်တိုက်ရေးပါပဲ။ (၂) လက်နက်အပ်၊ တပ်ဖျက်၊ ဥပဒေတွင်းဝင် အာဏာပိုင်များနဲ့ပေါင်း သူဌေးဖြစ်အောင်လုပ်ဆိုတဲ့ ပေါ်လစီပါပဲ။

၂၀၀၈ဖွဲ့စည်းပုံကိုဘာကြောင့်၊ လွှတ်တော်တစ်ရပ်ရဲ့ သုံးပုံနှစ်ပုံကိုယ်စားလှယ်မဲကို ဘယ်လိုသူရဲကောင်းမျိုးမှ မရအောင် အခုလိုကြံစည်ထားတာပါပဲ။ ရှင်းရှင်းကလေးပါပဲ။ စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ် အရင်းရှင်တပ်မှူး စစ်ကဲကြီးများရဲ့ အာဏာပိုင်စိုးမှုကို ဘယ်သူ့လက်ထဲမှ မရောက် အောင်ပါပဲ။ ဒီချုပ်ဥက္ကဋ္ဌ အခုသွားနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းဟာ ဘယ်နည်းနဲ့မှ အကောင်အထည်ဖြစ်စရာ မရှိပါဘူး။

ဗမာပြည်ရဲ့အမျိုးသား အချုပ်အခြာအာဏာနဲ့ အမျိုးသားဥစ္စာဓန (National Power and Wealth) တပ်မှူး စစ်ကဲကြီးများရဲ့ စီမံခန့်ခွဲမှုအုပ်ချုပ်မှု အာဏာအောက်ရောက်နေတာဟာ ၂-၃-၆၂ ခုနှစ်ကနေ ဒီကနေ့ ၆-၆-၂၀၁၅ အထိဆို၇င် ၅၃နှစ် ရှိနေပါပြီ။ တပ်မှူးစစ်ကဲကြီးများဟာ အမျိုးသားအချုပ်အခြာအာဏာနဲ့ ဥစ္စာဓနကို သူတို့ပိုင်ပစ္စည်းနဲ့ အာဏာလို သဘောထားပြီး ကြိုက်သလိုထားသို ပေးကမ်းစီမံခန့်ခွဲခဲ့တာ ရာစုနှစ်တစ်ဝက် ကျော်ခဲ့ပြီဆိုတော့ ဒီအခွင့်အာဏာကို ဘယ်သူ့ကိုပေးချင်ပါ့မလဲ။

၁၉၆၂ မတ်လ ၂ရက်နေ့မှာ နိုင်ငံတော်အာဏာနဲ့ ဥစ္စာဓန စီမံခန့်ခွဲခွင့်အာဏာကို ဗိုလ်ချုပ်ကြီးနေ၀င်းက သေနတ်နဲ့သိမ်း ပိုက်ရယူခဲ့တယ်။ ၁၉၈၈ ဒီမိုကရေစီအရေး တော်ပုံကြီးဖြစ်လာတော့ တပ်ချုပ်ကြီးက ဒီအာဏာ နဲ့ ဥစ္စာဓန စီမံခန့်ခွဲခွင့်အာဏာကို စော၊ သန်း၊ စိန် (ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန်)တို့လက်ထဲ လွယ်လွယ်ကလေးပဲ အမိန့်ကြေညာစာတစ်စောင်နဲ့ လွှဲပေးခဲ့တယ်။ ဒီအာဏာလွှဲပြောင်းမှုအတွက် အမိန့် ကြေညာချက်တစ်စောင်နဲ့ ပြီးပါတယ်။ အာဏာလွှဲတာ လူလွှဲတာတွေကို တပ်တွင်းအမိန့်အာဏာနဲ့ လွှဲရုံနဲ့ပြီးပါ တယ်။ ဒီ ၈၈ စက်တင်ဘာ ၁၈ အာဏာလွှဲပြောင်းမှုက လွယ်လွယ်ကလေးပါ။ တပ်ချုပ်ကြီးက သူယုံကြည်စိတ် ချတဲ့ သူ့တပ်မှူးကြီးငယ်များထံ အာဏာလွှဲတာ။

လွတ်လပ်ရေးခေတ် တပ်အာဏာရလာတဲ့ ပထမတပ်ချုပ်ကြီးက လွတ်လပ်ရေးခေတ်ပထမ တပ်မျိုးဆက်များ ထံ အာဏာလွှဲရတာ၊ ဒုတိယတပ်မျိုးဆက်များထံ အာဏာလွှဲရ တာ၊ စော၊ သန်း ၊ စိန်မျိုးဆက်များထံ အာဏာ လွှဲရတာ၊ အခုအခါမှာ စော၊ သန်း၊ စိန်တို့လက်ထဲ စစ်အာဏာ အရပ်ဘက်အာဏာလွှဲရတာ၊ ချောမွေ့ပြေပြစ် သလောက် ၂၀၁၅ ရွေးကောက်ပြီးတဲ့နောက် ““စစ်ဘက်အာဏာပိုင်လွှဲရတာဟာ စော၊ သန်း၊ စိန်တို့ထံ ဗိုလ်နေ၀င်းက အာဏာလွှဲရသလို လူ၊ အာဏာလွှဲအပ်မှုများဟာ လွှတ်တော်က စီမံခန့်ခွဲရမှာဖြစ်တာကြောင့် အားလုံး အိုကေပါ့မလားဆိုတာဟာ မေးခွန်းတစ်ပုဒ် ဖြစ်လာမှာပါ။ ““ပြည်တွင်းစစ်””နဲ့ ““စစ် အာဏာရှင်””စနစ် ဟာ တစ်ခုကိုတစ်ခုက အပြန်အလှန်အသက်ဆက်ပေးနေတဲ့ ဖက်တာကြီးများဖြစ်ပါတယ်။ အရင်းခံက ပြည် တွင်းစစ်ပါ။ ပြည်တွင်းစစ်ကြောင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေရတာပါ။ ပြည်တွင်းစစ်က စစ်အာဏာ ရှင်စနစ်သက် ဆိုးရှည်စေသည်သာမက အမျိုးသားသွေးစည်းမှုကို ချည့်နဲ့စေပါတယ်။ ဒီကနေ့ဆိုရင် ဗမာပြည် မှာ လက်နက်ကိုင် ပုန်ကန်မှုမလုပ်တဲ့ မျိုးနွယ်စု မရှိသလောက်ပါပဲ။ စစ်ကြောင့် အမျိုးသားကြွယ်ဝမှုကို စစ်ပွဲက ပြုန်းတီးပစ်နေတာပါ။ အမျိုးသားစည်းလုံးညီညွတ်မှုကို စစ်က သွေးခွဲပစ်နေတာဖြစ်ပါတယ်။ စစ်ကြောင့် တိုင်း ပြည်နဲ့လူထုကြီးက ဆင်းရဲမွဲတေနေပြီ၊ စစ်ကြောင့် တပ်မှူးစစ်ကဲကြီးများက ကြွယ်ဝချမ်းသာ လာ နေကြတယ် ဆိုတာဟာလူကြားလို့ မကောင်းတဲ့ကိစ္စမျိုးပါပဲ။

ခေတ်သစ်မြန်မာ့နိုင်ငံရေးရဲ့ ပထမကာလကတော့ ဖဆပလအဖွဲ့ချုပ်ကိုယ်စားပြုတဲ့ လစ်ဘရယ်ဓနရှင်များ၊ သခင်နုနဲ့ အပေါင်းပါများ အုပ်ချုပ်တဲ့ကာလပါ။ ၁၅ နှစ်ခန့်ကြာပါတယ်။ ဒုတိယကာလကတော့ မဆလစစ် အာဏာရှင်များ အုပ်ချုပ်တဲ့ကာလပါ။ ၁၉၆၂၊ မတ်လ ၂ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့တာပါ။ ဒုတိယ ကမ္ဘာစစ်ကြီးအပြီး လက်ဝဲသြဇာကြီးတဲ့ တိုင်းပြည်နဲ့ နိုင်ငံတိုင်းမှာ စစ်အာဏာသိမ်းမှုများဖြစ်ခဲ့တာပါ။ အင်ဒိုချိုင်း နားဒေသကြီး တစ်ခုလုံးမှာလည်း၊ စစ်အာဏာသိမ်းမှုများ ဖြစ်ခဲ့ပါတယ်။ ၁၉၆၂ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့အာဏာ သိမ်းမှုကို ဥပဒေတွင်း လက်ဝဲ၀ါဒီကြီးများဖြစ်တဲ့ ဆိုရှယ်နီများ၊ ပမညတများ၊ မလညပများဖြစ်ကြတဲ့ ၀ိဓူရ သခင်ချစ်မောင်၊ ဦးဘညိန်၊ ဦးအောင်ဘန်း၊ ဦးသိန်း ဖေမြင့်၊ ပြည်သူ့ရဲဘော်အဖြူအ၀ါများ အားလုံးဟာ မဆလ အာဏာသိမ်း မှုကို ထောက်ခံခဲ့ကြ ပါတယ်။ ၁၉၇၄ ခုနှစ် ၊ ဇန်န၀ါရီ ၃ ရက်နေ့မှာ ၇၄ မဆလ တစ်ပါတီစနစ် ဖွဲ့စည်းပုံကို ပြဋ္ဌာန်းခဲ့တယ်။ မဆလစစ် အစိုးရက ၂၈-၃-၆၄ မှာ ပါတီစုံစနစ်ကို ဖျက်သိမ်းခဲ့တယ်။ ဥပဒေတွင်း မှာရှိတဲ့ လက်ဝဲပါတီ အမည်ခံများအားလုံး ဖျက်သိမ်းပေးခဲ့ကြပါတယ်။ အဲဒီကာလကစပြီး လက်ဝဲအမည်ခံပါတီ များနဲ့ ဦးသိန်းဖေမြင့်လို အမည်ခံ လက်ဝဲသမားများအားလုံး နိဂုံးချုပ်သွားကြပါတယ်။ မြန်မာအမျိုးသားများ၊ ဗကပနဲ့ လူမျိုးစု တော်လှန်ရေးတပ်ဖွဲ့များရဲ့ ရှည်ကြာတဲ့ စစ်ပွဲများနဲ့ လူထုအုံကြွမှုများ၊ ကမ္ဘာ့လစ်ဘရယ် ဒီမိုက ရေစီလှိုင်း ရိုက်ခတ်မှုများကြောင့် ရှစ်(၄)လုံး လူထုအရေးတော်ပုံကြီး ဖြစ်ပေါ်ခဲ့တယ်။

ဗိုလ်ချုပ်ကြီးနေ၀င်း ကိုယ်စားပြုထားတဲ့ ပထမမျိုးဆက်ဝင် တပ်မှူးကြီးများနဲ့စု ဖွဲ့ထားတဲ့ စစ်အုပ်စုဟာ စစ်အုပ် စုရဲ့ ရေရှည်တည်တံ့ရေး၊ အာဏာ လက်မလွတ်ရရေးကို မျှော်တွေးပြီး စော၊ သန်း၊ စိန်စစ် ဂိုဏ်းသစ်လက်ထဲ အာဏာလွှဲခဲ့တယ်။ ဒီခြေလှမ်း သို့မဟုတ် ဒီပေါ်လစီအကျိုး ဆက်ကြောင့် ဗိုလ်နေ၀င်း၊ ဗိုလ်စန်းယု၊ ဗိုလ်ကျော် ထင်တို့ ကိုယ်စားပြုတဲ့ ပထမ မျိုးဆက်တပ်မှူးကြီးများ ကိုယ်စားပြုတဲ့မျိုးဆက် ဟာ အေးအေးဆေးဆေး နေခွင့်၊ သေခွင့်ရ သွားခဲ့ကြပါတယ်။ ဒါတောင် အကြောင်းမျိုးစုံအောက်မှာ ဗိုလ်ချုပ်ကြီးနေ၀င်းဟာ သူ့နောက်ဆုံးဈာပန ကို အသုဘ ကမ္မဋ္ဌာန်းစီးဖြန်းသူ လူ ၂၅ ယောက်နဲ့ ကျေနပ်ရရှာတယ်ဆိုတဲ့ လူထုတွင်း သတင်းများရှိပါတယ်။ သူ့အလောင်းကို တစ်စစီတစ်မှုန်စီ အကြဲမခံရတာပဲ တော်လှပြီလို့ ဆိုချင်ပါတယ်။ ၅၃ နှစ်ကြာတဲ့အခါ ပထမ စစ်တပ်မျိုးဆက်ဝင် ကကချုပ်ကြီးက ဒုတိယစစ်တပ်မျိုး ဆက်ဝင် စော၊ သန်း၊ စိန်တို့လက်ထဲ အစီအစဉ်တကျ အာဏာလွှဲနိုင်ခဲ့ပြီလို့ ဆိုမယ်ဆိုရင်လည်း ဆိုနိုင်ကြပါပြီ။

ပြဿနာက ပထမ ကကချုပ်ကြီးက တပ်မတော်နဲ့ ဒုတိယမျိုးဆက် စော၊ သန်း၊ စိန် တို့လက်ထဲကို ၂၀၀၈ ဖွဲ့စည်းပုံကို သာမက ကကချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထဲကို ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ အခွင့်အာဏာကို ပါပိုလုံခြုံအောင်၊ ရယူနိုင်အောင် လုပ်ပေးခဲ့ပြီးဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးနေ၀င်းက သူကိုယ်စားပြုထားတဲ့ ၆၂ ခုနှစ်၊ မတ်လ ၂ရက်နေ့ နိုင်ငံတော် အာဏာဆိုတာကို ၁၉၇၄ စစ်အာဏာရှင်စနစ် ဖွဲ့စည်းပုံနဲ့ အာမခံချက် ပေးထားခဲ့တာပါ။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံဆိုတာဟာ တကယ်က တစ်ပါတီ အာဏာရှင်စနစ်ကို ကာကွယ်ထားတဲ့ ဥပဒေပါ။ ၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးက မဆလ တစ်ပါတီ အာဏာရှင်စနစ် အစိုးရကို ဖြိုချလာတဲ့အခါ ဗိုလ်နေ၀င်းက စော၊ သန်း၊ စိန် တို့လက်ထဲ အဆင့်ဆင့် အာဏာလွှဲခဲ့ တာပါ။ ဗိုလ်သိန်းစိန်လက်ထဲ အာဏာလွှဲဖို့ဖြစ်လာတဲ့အခါ လူရိုသေ၊ ရှင်ရိုသေဖြစ် အောင် ၁/၉၃ အမိန့်နဲ့ ဖွဲ့စည်းပုံတစ်ရပ်ရေးပြီး ၂၀၀၈ ဖွဲ့စည်းပုံနဲ့ စစ်တပ်အကြီး အကဲများနိုင်ငံတော်အာဏာကို ကိုယ်စား ပြုခွင့်ရအောင် စီမံခဲ့တာပါ။ ၂၀၀၈ ဖွဲ့စည်း ပုံစည်းမျဉ်းဥပဒေဆိုတာဟာ စစ်တပ်က ကိုယ်စားပြုထားတဲ့ နိုင်ငံ တော်အာဏာကို စစ်တပ်ကလွဲပြီး တခြားဘယ်နိုင်ငံရေးအင်အားစုများလက်ထဲ လုံးဝလုံးဝ မကျရောက် အောင် အခုလို စီမံထားခဲ့တာဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်မချင်း စစ်တပ်ကလွဲပြီး မြန်မာ့နိုင်ငံရေးမှာ နိုင်ငံရေး နည်းလမ်းနဲ့ တခြားဘယ်နိုင်ငံရေး အင်အားစုကမှ နိုင်ငံတော်အာဏာကို ရယူနိုင်ခွင့်အခွင့်အရေး လုံးဝ လုံးဝ မရှိပါဘူး။ စစ်တပ်လက်ထဲကနေရှိတဲ့ နိုင်ငံရေးအာဏာကို စစ်တပ်လက်ထဲမှာ တခြားဘယ်လိုအဖွဲ့အစည်း မျိုး လက်ထဲကိုမှ မရောက်အောင် တားဆီးဟန့်တား ထိန်းချုပ်ကာကွယ်ထားရေးဟာ ကြံ့ဖွံ့စစ်အစိုးရရဲ့ မဟာဗျူ ဟာရည်မှန်းချက်ဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံး စစ်တပ်အားကိုးရေး၊ တပ်နဲ့ပြည်သူညီညွတ်ရေး၊ ပညာတတ် လူမှုအလွှာများ၊ ကျားမ ပညာ တတ်များ၊ တပ်မတော် တာဝန်ထမ်းဆောင်ရေး လှုံ့ဆော်မူများဟာ လောက်ကိုင်စစ်ဆင်ရေး ကာလအတွင်း တီဗွီဖွင့်ပြီး နားမထောင်ချင်၊ မကြည့်ချင်လောက်အောင်ကို ဖြန့်ချိလှုံ့ဆော်နေကြောင်းတွေ့ကြရပါတယ်။ ဒီ အပြုအမူက ဘာကိုရည်ညွန်းပါသလဲ။ စစ်တပ်က တိုင်းပြည်အတွက် အရေးကြီးတဲ့ အခါတိုင်း စွန့်လွှတ်အနစ် နာခံပြီး ကာကွယ်ခဲ့ရတာချည်းပဲလို့ ၆၂ ကစပြီး ပြောခဲ့တာပါ။ ၁၉၅၁ ရန်ကုန်အစိုးရကို ကာကွယ်ခဲ့တာ၊ လူထု အကျိုးလား၊ ဖဆပလ အကျိုးလား ၆၂ မတ်လ အာဏာသိမ်းပွဲကလည်း ကိုယ်တိုင်အာဏာလိုချင်လို့ အာဏာ သိမ်းတာပဲ မဟုတ်ဖူးလား။ ၁၉၈၈ အာဏာသိမ်းပွဲကလည်း စစ်တပ်ပထမမျိုးဆက်လက်ထဲက အာဏာကို ဒုတိယ စစ်တပ်မျိုးဆက်ဖြစ်တဲ့ စော၊ သန်း ၊ စိန် လက်ထဲအာဏာလွှဲခဲ့တာ မဟုတ်ဘူးလား။

ပြဿနာက စော၊ သန်း၊ စိန် လက်ထဲ ရောက်နေတဲ့အာဏာကို တပ်ချုပ်ကြီးက ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်း ဥပဒေအရ လက်ခံရယူထားခဲ့ရတာပါ။ တပ်ချုပ်ကြီးဟာ နိုင်ငံတော်အာဏာကို ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အညီရယူထားတာပါ။ တပ်ချုပ်ကြီးအနေနဲ့ မဆလတပ်ချုပ်ကြီးအနေနဲ့ စော၊ သန်း၊ စိန်လက်ထဲ အာဏာလွှဲ သလို ၂၀၀၈ဖွဲ့စည်းပုံနဲ့ ထိန်းချုပ်ထားတဲ့ အာဏာကို လွှဲချင်သူလက်ထဲ လွှဲလို့မရပါ။ ၂၀၁၅ ရွေးကောက်ပွဲနဲ့ တက်လာတဲ့အစိုးရရဲ့ အမိန့်အာဏာ အထိန်းအကွပ်များနဲ့အညီ အာဏာလွှဲကြရမှာပါ။ ဗိုလ်ချုပ်ကြီးနေ၀င်းက စော၊ သန်း၊ စိန်လက်ထဲ အမိန့်ကြေညာနဲ့ အာဏာလွှဲသလို လွှဲလို့မဖြစ်နိုင်ပါ။ ဒါကြောင့် ၂၀၁၅ နှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ခေတ်သစ်မြန်မာ့ သမိုင်းမှာ စစ်အာဏာရှင်စနစ်ရှင်သန်မှုကို ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းဥပဒေတစ်ရပ် နဲ့ ငြိမ်းငြိမ်းချမ်းချမ်း အသွင်ကူးပြောင်းနိုင် မလားဆိုတာဟာ မြန်မာ့နိုင်ငံရေးရဲ့အနု အရင့်နဲ့ မြန်မာနိုင်ငံရေးရဲ့ အာဏာအလိုရမ္မက် ဘယ်လောက်အမြစ်တွယ်နေသလဲ ဆိုတာကို သက်သေပြမှာ သေချာပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန-https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment