ရန်ကုန်၊ ဇွန် ၂၃
တော်လှန်ရေးကောင်စီ လက်ထက်ကတည်းက ပြည်သူပိုင် သိမ်းထားပြီး ယခုအချိန်အထိ အသုံးပြုခြင်း မရှိသော အဆောက်အအုံနှင့် တိုက်ခန်းများ အား ပြန်လည် တောင်းခံလာသည့် မူလပိုင်ရှင်များကို ပြန်ပေးနိုင် ပါက ပြန်ပေး ရန် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဇွန်လ ၁၉ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောကြား လိုက်သည်။
အသုံးမပြုဘဲ ထားရှိသော ပြည်သူပိုင် သိမ်းခံထားရသည့် အဆောက်အအုံနှင့် မြေများကို ပြန်ပေးရန် ရှိ၊ မရှိနှင့် ပတ်သက်၍ မလှိုင်မြို့နယ် ကိုယ်စားလှယ် ဦးအေးမောင်က မေးမြန်းခဲ့ရာ လာရောက် ရှင်းလင်းသူ သမ၀ါယမ ၀န်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးသန်းထွန်းက လက်ရှိ အစိုးရလက်ထက်တွင် ဥပဒေအရ လွှဲပြောင်းပေးရန် မရှိဘဲ လုပ်ထုံးလုပ်နည်းနှင့်အညီ ထုခွဲရောင်းချပေးရာတွင် မူလသက်ဆိုင်သူ (သို့မဟုတ်) ပိုင်ဆိုင်သူကိုယ်တိုင် ဦးစွာ ၀ယ်ယူခွင့် ရရှိရေးကိုသာ သမ္မတက လမ်းညွှန်ထားသဖြင့် ပြန်လည် လွှဲအပ်ရန်
မရှိကြောင်း ပြန်လည် ရှင်းလင်းခဲ့ခြင်းအပေါ် လွှတ်တော်ဒုဥက္ကဋ္ဌက ယခုကဲ့သို့ ပြောဆို လိုက်ခြင်းဖြစ်သည်။
““ဒါ နိုင်ငံပိုင် သိမ်းဆည်းရေးဌာနနဲ့ပဲ ဆိုင်တယ်၊ ပြည်သူပိုင် သိမ်းဆည်းရေးဌာနနဲ့ပဲ ဆိုင်တယ်။ ၀န်ကြီးဌာနနဲ့ မဆိုင်ဘူး ဆိုပေမယ့် ၀န်ကြီးဌာနက တာဝန်ပေးချက်အရ သော်လည်းကောင်း၊ မိမိတို့နဲ့ သက်ဆိုင်နေတဲ့ အခန်းတွေ ဖြစ်တဲ့အတွက်လည်း လာရောက် ဖြေကြားခြင်းဖြစ်ပါတယ်။ သို့သော်လည်းပဲ အကယ်၍များ ဖြစ်နိုင်မယ် ဆိုရင်တော့ ခုနက ပြောသလိုပဲ ပိုင်ဆိုင်မှုကလည်း မှန်ကန်နေတယ်၊ နိုင်ငံတော် အနေနဲ့လည်း ခုနက မေးထားတဲ့နေရာမှာ ပုံတွေကို ကြည့်လိုက်တော့လည်း အစိုးရအနေနဲ့ ဆက်လက် အသုံးပြုနေတဲ့ အနေအထားလည်း မရှိဘဲနဲ့ ဒီအတိုင်းချည့်ပဲ အသုံးမပြုတဲ့ အနေအထားကြီး တွေ့ရတာ ဖြစ်ပါတယ်။ မိမိတို့ လည်း အသုံးမပြုဘူးဆိုရင်တော့ အသုံးပြုမယ့်သူကိုပဲ ပြန်ပေးမယ်ဆိုရင်တော့ ဒါနတ်လူ သာဓုခေါ်မှာပဲ”” ဟုလွှတ်တော်ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးသိန်းထွန်း၏ ဖြေကြား ချက်အပေါ် ယခုကဲ့သို့ ပြောကြားလိုက်သည်။
ဗိုလ်ချုပ်နေ၀င်း ခေါင်းဆောင်သည့် တော်လှန်ရေးကောင်စီ လက်ထက်တွင် ဆိုရှယ်လစ်စနစ် တည်ဆောက် ရေး အလို့ငှာ ပြည်သူပိုင် ပြုလုပ်ရေး ဥပဒေပြဋ္ဌာန်း၍ စားသောက်ကုန် လက်ကားဆိုင်များ၊ ပွဲရုံများ၊ ကုန်တိုက် များ၊ ဂိုဒေါင်များ၊ အထွေထွေ စတိုးဆိုင်ကြီးများကို ပြည်သူပိုင် သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ၁၉၉၇ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ သမ၀ါယမ ၀န်ကြီးဌာနမှ စီမံသုံးစွဲလျက်ရှိသော ပြည်သူပိုင်သိမ်း အခန်းနှင့် အဆောက်အဦ ၇၄ ခု ရှိသည်။
MH-0025
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment